ထာဝရညဉ့်ဦးယံမြို့၏ တည်ထောင်သူ
Vol. 51 Ch. 713
"ဒင်!"
"ကျောက်လင်းအာရဲ့ စွမ်းအင်ဇယားက အောက်ပါအတိုင်းဖြစ်ပါတယ်။
အမည် - ကျောက်လင်းအာ
ဘွဲ့ - တော်ဝင်မင်းသမီး
ကျင့်ကြံမှုအဆင့် - ဇကရာဇ်ဘိုးဘေးအထွတ်အထိပ်
ဧကရာဇ်နိယာမများ - ကောင်းကင်ပြုပြင်ခြင်းနိယာမ၊ ရှေးဦးနိယာမ သိုင်းပညာများ၊ လျို့ဝှက်ဆန်းကြယ်သော တိုက်ကွက်များ၊ လေ၊နှင်းနှင့်ရေခဲ၊ ရေဝိဉာဉ်ကျိန်စာ၊မိုင်တစ်သောင်း အေးခဲခြင်း၊ မိုင်တစ်သောင်း မိုးရွာသွန်းခြင်း
ဧကရာဇ်အဆင့် အထွတ်အမြတ်သိုင်းပညာ - ကံတရားအား ခြယ်လှယ်ခြင်း
ဧကရာဇ်လက်နက် - ကောင်းကင်ဘုံ မြွေနဂါးအထူးကြိမ်တံ"
ကျောက်လင်းအာ၏စွမ်းအင်ဇယားကို ကြည့်ရှုလိုက်ပြီးနောက် ဝမ်ဖုန်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူက များများစားစားတွေးတောခြင်း မရှိတော့ပါ။ ထိုအချိန်တွင် သူဟာ ဆင့်ခေါ်မှုလေးတစ်ခုကြောင့် ပျော်ရွှင်နေမည့် ကလေးတစ်ယောက် မဟုတ်တော့ပါချေ။
"ဘုန်း!"
ဝမ်ဖုန်းက ဤသို့ တွေးတောနေစဉ်ပင် ကမ္ဘာလောကကြီးက ရုတ်တရက် ခါယမ်းသွားခဲ့ကာ ဝမ်ဖုန်း၊ရွှမ်းယွမ်၊ကွေ့ဝူတို့ သုံးယောက်စလုံးကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့က တုန်ခါမှုစတင်သည့် အရပ်မျက်နှာကို အစောတလျင် ကြည့်ရှုလိုက်ကြသည်။
အဝေးတစ်နေရာရှိ ကောင်းကင်ယံတွင် သွေးမြူများ ပေါက်ကွဲလျက်ရှိကာ ကောင်းကင်ကြီးတစ်ခုလုံးဟာ ဆွေးဆွေးနီလျက်ရှိချေသည်။ သွေးများဟာ ရေတံခွန်ကျဆင်းသကဲ့သို့ ကောင်းကင်ပေါ်မှ ဝဲဖြာကျလာခဲ့ကာ လေထုအထက်ရှိ မြင်ကွင်းကို ဖုံးကွယ်ထားခဲ့သည်။
"ဘာဖြစ်တာလဲ?"
ဝမ်ဖုန်း၏မျက်ဝန်းမှာ မှေးကျဉ်းလျက် နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။ ကောင်းကင်ထိတိုင် ဝဲပျံတက်နေသော သွေးစီးချောင်းထံမှ သူဟာ ပြင်းထန်သော စွမ်းအားကို ခံစားနေရသည်။
"ဂိုဏ်းချုပ် မြင်ကွင်းကိုကြည့်ရရင် ဒီလျှို့ဝှက်နယ်မြေရဲ့ အမွေခံနယ်မြေထွက်ပေါ်လာတဲ့ပုံပဲ"
ဝမ်ဖုန်းက မေးမြန်းလိုက်သည့်အခါ ကွေ့ဝူ၏မျက်ဝန်းများက တောက်ပသွားပြီး လျင်မြန်စွာပြောဆိုလိုက်သည်။
"အမွေအနှစ်လား"
ကွေ့ဝူ၏အသံကို ကြားတော့ ဝမ်ဖုန်းနှင့် ရွှမ်းယွမ်တို့သည် ကွေ့ဝူကို တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။ ဤလျှို့ဝှက်နယ်မြေတွင် အမွေအနှစ်ရတနာရှိနေလိမ့်မည်ဟု သူတို့ထင် မထားခဲ့။
ဒါက ထာဝရညဉ့်ဦးယံမြို့ရဲ့ မြို့အရှင် ရွေးချယ်ပွဲလေ။ ဘယ်လိုလုပ် အမွေအနှစ်ပစ္စည်းတစ်ခုရှိနေရတာလဲ။ ထာဝရညဉ့်ဦးယံမြို့ထဲက ထိပ်တန်းစွမ်းအားရှင်ကြီးတွေက ဘာလုပ်ဖို့ စီစဉ်နေတာလဲ။
"ကောင်းတယ်!"
"ပြောကြတာတော့ ဘယ်သူကမှ ထာဝရညဉ့်ဦးယံမြို့ရဲ့ မြို့အရှင်ရာထူးကို မရရှိနိုင်ကြဘူးတဲ့။ ထိပ်တန်းပါရမီရှင်တွေက ပထမနေရာကို ရရင်တောင် မြို့အရှင်ရာထူးကို မရရှိနိုင်ဘူး။ အကြောင်းအရင်းက ဒီလျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ အမွေအနှစ်ရတနာကို မရရှိနိုင်ခဲ့လို့ပဲ"
"လျှို့ဝှက်နယ်မြေထဲက အမွေအနှစ်ကိုရရှိမှသာ ထာဝရညဉ့်ဦးယံမြို့ထဲက ထိပ်တန်းစွမ်းအားရှင်ကြီးတွေရဲ့ အစစ်အမှန် လက်သင့်ခံမှုကိုရရှိလိမ့်မယ်။ ပြီးတော့ မြို့အရှင်ရာထူးကိုရောပေါ့။"
ဝမ်ဖုန်းတို့၏ စူးစမ်းသော အသံကိုကြားလိုက်ရသည့်အခါ ကွေ့ဝူက တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြောဆိုရှင်းပြခဲ့သည်။ သာမန်လူများက ဤသို့သော လျှို့ဝှက်ချက်ကို သိရှိနိုင်မည်မဟုတ်ပါ။ သူဟာ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်တာကြောင့် သာမန်လေလွင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်သော်လည်း ထာဝရညဉ့်ဦးယံမြို့ရဲ့ တချို့သော လျှို့ဝှက်ချက်များကိုတော့ တီးခေါက်နိုင်ခဲ့သည်။
"အို?"
"ဘယ်လိုအမွေအနှစ်မျိုးကများ ထာဝရညဉ့်ဦးယံမြို့ထဲက ထိပ်တန်းစွမ်းအားရှင်ကြီးတွေရဲ့ အသိအမှတ်ပြုမှုကို သက်ရောက်စေရတာလဲ။"
ကွေ့ဝူ၏စကားကိုကြားတော့ ဝမ်ဖုန်းက အံ့အားသင့်သွားပြီး မေးမြန်းခဲ့သည်။
ဝမ်ဖုန်း၏ဘေးတွင်ရှိနေသော ရွှမ်းယွမ်ကလည်း ဝမ်ဖုန်းကို လှမ်းကြည့်လိုက်သည်။ သူဟာ ရွှမ်းယွမ်နတ်ဘုရားမိသားစု၏ သခင်ငယ်လေးတစ်ယောက်ဖြစ်သော်လည်း ထာဝရညဉ့်ဦးယံမြို့၏ လျှို့ဝှက်ချက်ကိုတော့ အမှန်တကယ် မသိရှိခဲ့ပါ။
"ချုံရဲ့ အမွေအနှစ်"
စိတ်လှုပ်ရှားနေသော အကြည့်တစ်ခုသည် ကွေ့ဝူ၏မျက်နှာ၌ ထွက်ပေါ်လာခဲ့ပြီး အလွန်အမင်းလေးနက်စွာ ပြောဆိုခဲ့သည်။
"ချုံ?"
ကွေ့ဝူ၏စကားကိုကြားတော့ ပို၍သိလိုစိတ်မှာ ဝမ်ဖုန်း၏ မျက်နှာထက်၌ ပေါ်ထွက်လာခဲ့သည်။ တစ်ဖက်မှာတော့ ရွှမ်းယွမ်က တစ်ခုခုကို တွေးမိသွားသည့်အလား အမူအယာက လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။ သူက ရေရွတ်ပြောဆိုခဲ့သည်။
"အဲ့ဒီတစ်ယောက်များဖြစ်နေမလား"
ရွှမ်းယွမ်၏စကားကြောင့် ဝမ်ဖုန်းနှင့် ကွေ့ဝူတို့ တစ်ပြိုင်နက်တည်း သူ့ကို ကြည့်လိုက်မိသည်။ ကွေ့ဝူ၏အမူအယာက အံ့အားသင့်နေခဲ့သည်။ သူကိုယ်၌ကတောင် အဲ့အရာရဲ့တည်ရှိမှုအကြောင်းကို ရှင်းရှင်းလင်းလင်းမသိပါ။ သူဟာ ဒီချုံရဲ့ အကြောင်းကိုရှေးဟောင်းကျမ်းများမှသာ ဖတ်ရှုလေ့လာခဲ့ဖူးသည်။ ဝမ်ဖုန်းဘေးနားရှိ ထူးဆန်းသောလူမှာ ထိုသို့ အကြောင်းကိုသိနေလိမ့်မည်ဟု ထင်,မထားခဲ့ချေ။
"မင်း သိတယ်လား"
ဝမ်ဖုန်းက ရွှမ်းယွမ်ကိုကြည့်လျက် ကျယ်လောင်စွာ မေးမြန်းခဲ့သည်။
" ချုံ၊ သူဟာ ရှေးခေတ်ကာလတုန်းက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ။ ပြီးတော့ ထာဝရညဉ့်ဦးယံမြို့ကို တည်ထောင်ခဲ့တာ။"
"အဲ့ဒီလူက အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်အဆင့်ရှိတဲ့စွမ်းအားရှင်ပါ။ ဒါပေမဲ့ သူက ဟုန်မန်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတွေကိုတောင် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ကောင်းကင်တာအိုမျိုးနွယ်စုတွေ ပျက်သုဉ်းခြင်းဘုံလောကကြီးကို ပထမဆုံးအကြိမ် ကျူးကျော်လာခဲ့တာပေါ့။ အဲ့ဒီပုဂ္ဂိုလ်ကြီးကပဲ ပျက်သုဉ်းခြင်းဘုံလောကကြီးက အစွမ်းထက်တဲ့စွမ်းအားရှင်တွေကို စုရုံးပြီး ရန်သူတွေကို တွန်းလှန်တိုက်ခိုက်ခဲ့တာ။ သူ့တစ်ယောက်တည်းကတင် ကောင်းကင်တာအိုမျိုးနွယ်စုရဲ့ အင်မော်တယ်ဧကရာဇ်အဆင့်ရှိတဲ့ စွမ်းအားရှင်များစွာကို ခေါင်းဖြတ်သတ်ဖြတ်နိုင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဂုဏ်သတင်းက ဘုံလောကကြီးတစ်ခုလုံး လျမ်းလျမ်းတောက် ကျော်ကြားခဲ့တယ်။"
"ဒါပေမဲ့ အချိန်ကာလတွေ ရွေ့လျားလာတော့ အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့ ဂုဏ်သတင်းတွေကလည်း တဖြည်းဖြည်း မှိန်မှိုင်းပျောက်ကွယ်သွားတယ်လေ။ အခုချိန်မှာ လူအနည်းစုကပဲ သူ့အကြောင်းကို သိကြတော့တယ်။"
"အဲ့ဒီပုဂ္ဂိုလ်ရဲ့ အမွေအနှစ်က ဒီနေရာလွတ်ထဲမှာရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
ရွှမ်းယွမ်၏မျက်ဝန်းများသည် ဝင်းလက်တောက်ပသွားခဲ့ကာ နက်ရှိုင်းသောအသံဖြင့်ပြောဆိုခဲ့သည်။ သူ၏အသံက လေးစားမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ချုံကဲ့သို့လူမျိုးကို ရှိရှိသမျှလူတိုင်းက လေးစားကြပါသည်။ ထိုသူ၏ကျင့်ကြံမှုမှာ အင်မော်တယ် ဧကရာဇ်အထွတ်အထိပ်၌သာရှိခဲ့သော်လည်း ဟုန်မန်နတ်ဘုရားနယ်ပယ်ရှိ စွမ်းအားရှင်များကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။ ၎င်းသည် မိုးကောင်းကင်ကို ကျော်လွန်သော ပါရမီဖြစ်နေခဲ့ကာ ထိပ်တန်းပါရမီရှင်များ၏ ၉၉ ရာခိုင်နှုန်းခန့်ကိုတောင် ဖိနှိပ်နိုင်စွမ်းရှိပါသည်။
ရွှမ်းယွမ်ကိုယ်၌ကတောင် အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိသွားလျှင် ဟုန်မင်နတ်ဘုရားစွမ်းအားရှင်များနှင့် တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပါ။
လက်ရှိတွင်တော့ ပျက်သုဉ်းခြင်းဧကရာဇ်ဘုံလောကကြီးအတွင်း၌ အင်မော်တယ်ဧကရာဇ်အဆင့်ဆိုသည်ကား မရှိသလောက်နည်းပါးနေပါပြီ။ ထို့အတွက်ကြောင့် ဟုန်မန်နတ်ဘုရားနယ်ပယ်က ဒဏ္ဍာရီသဖွယ်ဖြစ်နေသည်။
"ဘာ!?'
ရွှမ်းယွမ်၏စကားကိုကြားတော့ ဝမ်ဖုန်းသည် အံ့အားတသင့် ရေရွတ်ခဲ့သည်။ အင်မော်တယ်ဧကရာဇ်သာရှိခဲ့သော်လည်း ဟုန်မငန်နတ်ဘုရားစွမ်းအားရှင်များကို ရင်ဆိုင်နိုင်ခဲ့သည်။ဒါက ဘယ်လိုကောင်းကင်ကို သွေဖယ်တဲ့လုပ်ငန်းစဉ်မျိုးပါလိမ့်။ ယခင်က ကောင်းကင် ကိုယ်စားလှယ်အရိုးစုကတောင် ထိုသူ၏ပါရမီကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။
အရိုးစုဟာလည်း အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်ဖြင့် ဟုန်မန်နတ်ဘုရာနယ်ပာ်ကျင့်ကြံသူများကို ရင်ဆိုင်နိုင်ခဲ့ပါသည်။ သို့သော်လည်း သူဟာ မြင့်မားသော ကျင့်ကြံမှုမှ လျော့ကျသွားခြင်းဖြစ်သည်။ သူ၏ အတွေ့အကြုံများနှင့် သဘောပေါက်မှုများသည် ဟုန်မန်နတ်ဘုရားကျင့်ကြံသူများထက် လျော့နည်းခြင်းမရှိပါ။ သူ၏ကျင့်ကြံမှုက လျော့ကျသွားရင်တောင် ထိုးထွင်းသိမြင်ဉာဏ်နှင့် နိယာမများကိုနားလည်နိုင်မှုစွမ်းအင်မှာ ပျောက်ကွယ်သွားမည်မဟုတ်ပါ။
သို့သော်လည်း ချုံကတော့ သူနှင့်ကွဲပြားခြားနားပါသည်။ သူဟာ ဟုန်မင်နတ်ဘုရားနယ်ပယ်ကို ဘယ်တုန်းကမှ မရောက်ခဲ့ဖူးသော်လည်း ထိုစွမ်းအားရှင်ကြီးများနှင့် ရင်ဘောင်တန်းနိုင်ခဲ့သည်။ ဝမ်ဖုန်းကတောင် ထိုသူ၏ အောချလောက်ဖွယ် ပါရမီကို လေးစားရမှာဖြစ်သည်။
တစ်ဖက်တွင်ရှိနေသော ကွေ့ဝူသည် ရွှမ်းယွမ်ကို အံ့အားတသင့် လှမ်းကြည့်လိုက်မိသည်။ ရွှမ်းယွမ်ဟာ ထိုကဲ့သို့ တည်ရှိမှုကို ရှင်းရှင်းလင်းလင်းသိနေလိမ့်မည်ဟု သူ မထင်မထားခဲ့ချေ။ သို့သော်လည်း သူက ရွှမ်းယွမ်၏အဆင့်အတန်းကို စူးစမ်း မလေ့လာရဲခဲ့ပါ။
သူက ဝင်ရောက်ပြောဆိုလိုက်သည်။
"အဲ့ဒီခေတ်က ချုံနေထိုင်ခဲ့တဲ့နေရာက ထာဝရညဉ့်ဦးယံမြို့ပဲ။ ချုံသေဆုံးသွားပြီးတဲ့နောက်မှာ ထာဝရညဉ့်ဦးယံမြို့က ဆက်လက်တည်ရှိနေခဲ့သေးတယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ မြို့ကြီးက ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူတွေရဲ့ ခိုလှုံရာနေရာဖြစ်လာခဲ့တယ်"
ကွေ့ဝူရဲ့စကားကိုကြားတော့ ဝမ်ဖုန်းက ခေါင်းညိတ်ခဲ့သည်။ အမွေအနှစ်က ညဉ့်ဦးယံမြို့အတွင်းရှိသော ထိပ်တန်းစွမ်းအားရှင်များ၏ သဘောကျမှုအပေါ် သက်ရောက်မှုရှိခြင်းမှာ အံ့ဩစရာမဟုတ်တော့ပါ။ အမွေအနှစ်သည် ချုံ၏ပိုင်ဆိုင်မှုဖြစ်ခဲ့သည်။ ချုံ၏အမွေအနှစ်ကို ရရှိခြင်းအားဖြင့် ထိုသူသည် ချုံကဲ့သို့ပင် ဒဏ္ဍာရီတစ်ခုကို ဖန်တီးနိုင်လိမ့်မည်မှာ မလွဲဧကန်သာ။