ဘုံကိုးလွှာ သွေးမျှော်စင်။
Vol. 51 Ch. 714
ချုံ၏ အမွေအနှစ် ရုတ်တရက်ထွက်ပေါ်လာခြင်းက တိုက်ပွဲမြေပြင်တခုလုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။ မရေမတွက်နိုင်သော လူငယ်ပါရမီရှင်များသည် ကောင်းကင်ယံ အထိတိုင် မြောက်တက်နေသော သွေးရောင်အလင်းတန်းကြီးကို တွေ့မြင်ခဲ့ရသည်။ လူတိုင်းသည် သွေးအလင်းတန်းကြီးရှိရာသို့ စုရုံးလာခဲ့ကြသည်။ ချုံ၏အမွေအနှစ် ထွက်ပေါ်လာခြင်းမှာ ရှားရှားပါးပါးဖြစ်ရပ်ဖြစ်လေရာ ဘယ်သူကမှ မလွဲချော်ချင်ကြပါ!
ကောင်းကင်သို့ မြောက်တက်နေသော သွေးနီရောင်အလင်းတန်းကြီးရှိရာ နေရာသို့ လေပြင်းများနှင့် တိမ်ဆိုင်တိမ်လိပ်များက ရွေ့လျားသွားလာလျက်ရှိသည်။ ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်ကြသော လူငယ်ပါရမီရှင်များအားလုံးသည် အကြင်နေရာ၌စုရုံးကြလိမ့်မည်။ ထိုနေရာကပဲ ညည့်ဦးယံမြို့အတွက် နောက်ဆုံးတိုက်ပွဲကြီးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်ကြသူများတွင် ရိုးရှင်းသူဟူ၍ တစ်ယောက်မှမပါဝင်ပါ။ တစ်ယောက်ချင်းစီတိုင်းသည် မာနကြီး၍ ခက်ထန်မောက်မာသော လူငယ်ပါရမီရှင်များဖြစ်ကြသည်။ ထိုသို့သောစွမ်းအားရှင်များ စုရုံးလာသည့်အခါ ပဋိပက္ခများလည်း ကျိန်းသေပေါက်ဖြစ်လိမ့်မည်။ သဘောမတူမှု တစ်ခုကတောင် သေခြင်းနှင့်ရှင်ခြင်းကို ဆုံးဖြတ်နိုင်လေရာ ဤသည်မှာ အရာအားလုံး၏ အဆုံးသတ်ရမှတ်လည်း ဖြစ်သွားနိုင်သည်။
သိသာစွာဖြင့် ဝမ်ဖုန်းတို့ကလည်း ထိုသို့သောပွဲကြီးပွဲကောင်းကို အလွတ်မခံနိုင်ကြပါ။ ချုံ၏အမွေအနှစ်ကို ရသည်ဖြစ်စေ ၊မရသည်ဖြစ်စေ ဝမ်ဖုန်းကတော့ အကောင်းဆုံးတိုက်ခိုက်မှာသာဖြစ်သည်။ ဤသည်က စနစ်၏အဆင့်မြင့်တင်ခြင်းအတွက်လည်း အရေးပါသည်မဟုတ်ပါလော။
တိုက်ပွဲနယ်မြေ၏ အလယ်ဗဟိုတည့်တည့်တွင် အလင်းတန်းကြီးတစ်တန်းသည် မိုးပေါ်သို့ ထိုးထောင်ထွက်လျက်ရှိသည်။ သွေးနီရောင်အရှိန်အဝါသည် နေရာတစ်ခုလုံးပြန့်လွင့်လျက်ရှိကာ ဤနေရာကို သွေးပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲခဲ့သည့်အလားဖြစ်နေသည်။ ပြင်းထန်သော သွေးရနံ့များကလည်း လေထုအတွင်းလှိုင်လှိုင်တက်နေခဲ့ကာ ခြောက်ချားဖွယ်ရာခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
သို့သော်လည်း သွေးနီရောင်အလင်းတန်း၏ အထက်ဘက်တွင်တော့ ကြီးမားသော သွေးရောင်မျှော်စင်ကြီးတစ်ခု ရှိနေခဲ့သည်။ ၎င်းမျှော်စင်ကြီးတွင် အလွှာကိုးလွှာပါဝင်ကာ အရမ်းကိုကြီးမားလွန်းတာကြောင့် ထိပ်ပိုင်းကိုမတွေ့မြင်ရပါ။ မျှော်စင်ကြီး၏အပေါ်တွင် သွေးနီရောင်ကျမ်းအက္ခရာများကို ရေးထွင်းထား၍ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ်ကာ ထူးဆန်းလှသည်။
"ဘုန်း!"
အစွမ်းထက်ပြီး ထူးဆန်းသောအရှိန်အဝါသည် မြင့်မားသောသွေးမျှော်စင်မှ ထွက်ပေါ်လာခဲ့ကာ နေရာတစ်ခုလုံးကို မှိုင်းညှို့သွားစေခဲ့သည်။ သွေးရောင်မျှော်စင်ကြီး၏ တံခါးဝသည် ပိတ်လျက်ရှိကာ ဖွင့်မည့်အခြေအနေကိုမတွေ့ရသေးချေ။ ၎င်းသည် သွေးနီရောင်အလင်းတန်းများကို ဖြာဆင်းထွက်ပေါ်လျက် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည်အလား အဆက်မပြတ်ခါရမ်းနေခဲ့သည်။
"ဝှမ်!"
ဤကဲ့သို့ တိတ်ဆိတ်နေသည့်အချိန်တွင် လေဟာပြင်ကို ထိုးခွင်းသည့်အသံများ ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ မတူညီသည့်အရပ်မျက်နှာများမှ လူပုဂ္ဂိုလ်များစွာသည် စုရုံးရောက်ရှိလာကြသည်။ မျက်တောင်တစ်ခတ်အတွင်း၌ မူလကဗလာဖြစ်နေသော သွေးမြူခိုးထူအတွင်း၌ လူပုဂ္ဂိုလ်များစွာ ရောက်ရှိလာခဲ့ကြသည်။ ထိုသူများ၏ သန်မာသောအရှိန်အဝါတို့သည် ဧရိယာတစ်ခုလုံးကို အပြင်းအထန်ခါရမ်းစေခဲ့သည်။
ပြင်းထန်သော စိတ်အားလျော့ဖွယ် လေထုကြီးသည် ကြီးစိုးလျက်ရှိချေသည်။ ဤနေရာသို့ဝင်ရောက်လာခဲ့ပါက ကျင့်ကြံမှုနိမ့်ပါးသောဘယ်သူမဆို အသက်ရှူရပ်တန့်လုမတတ် ကြောက်လန့်သွားမှာဖြစ်သည်။ လူပုဂ္ဂိုလ်များ၏ အရေအတွက်ကလည်း တဖြည်းဖြည်းချင်းတိုးပွားလာခဲ့သည်။ လူငယ်ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကာ မိုးကောင်းကင်အထက်ရှိ သွေးမျှော်စင်ကြီးကို မော်၍ကြည့်ရှုနေခဲ့သည်။
ရက်ပေါင်းများစွာအတွင်း၌ ပါရမီရှင်များစွာ သေဆုံးသွားခဲ့သော်လည်း အသက်ရှင်နေသည့်ပါရမီရှင်များမှာ ထောင်ချီရှိနေကြဆဲသာ။ ထိုလူများအားလုံးသည် ချုံ၏အမွေအနှစ်ကြောင့် ဆွဲဆောင်ခံရကာ ရုတ်တရက်ရောက်ရှိလာခဲ့သည်။
ထိုလူများကြားတွင် ဝမ်ဖုန်းတို့အုပ်စုသည်လည်း ရှိနေခဲ့သည်။ ဝမ်ဖုန်းဟာ တစ်ယောက်တည်းလှုပ်ရှားခြင်းမရှိဘဲ လူအုပ်အတွင်းပုန်းကွယ်နေခဲ့ကာ ဧရာမသွေးမျှော်စင်ကြီးကို လှမ်းကြည့်နေခဲ့သည်။ ဝမ်ဖုန်းသည် သွေးမျှော်စင်နှင့်ပတ်သက်၍ ချက်ချင်းလှုပ်ရှားရန် အစီအစဉ်မရှိခဲ့ပါ။
အမှောင်ထုအတွင်း တိတ်တဆိတ်ပုန်းကွယ်၍ အခွင့်အခါကိုစောင့်ဆိုင်းခြင်းသည် ထက်မြက်သူတို့၏ အလုပ်သာဖြစ်သည်။ ဝမ်ဖုန်းဟာ ထိပ်တန်းပါရမီရှင်များကို ကြောက်လန့်ခြင်းမရှိသော်လည်း ထိုသူများ၏အရေအတွက်မှာ များပြားသည်ဖြစ်ရာ ဝမ်ဖုန်းဟာလည်း ကုန်စင်အောင် သတ်နိုင်မှာမဟုတ်ပါ။ ဒါ့အပြင် ချုံ၏အမွေအနှစ်ကလည်း အရမ်းကိုထူးဆန်းသေးသည်။ ကျန်သည့်သူများကို အရင်ဦးဆုံးစူးစမ်းခိုင်းပြီးနောက် သူဟာ တိတ်တဆိတ်စောင့်ကြည့်ရင်း အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်သည်။
ထိုသို့တွေးမိသည့်အခါ ဝမ်ဖုန်းသည် လူထုအကြား၌ မထင်မရှားဖြစ်အောင် ပိုမိုပြုမူလျက် မျှော်စင်ကြီးကိုသာ အလေးအနက်စူးစိုက်ကြည့်နေခဲ့သည်။ ၎င်းကိုစိုက်ကြည့်လိုက်ရုံဖြင့် တစ်စုံတစ်ယောက်၏သွေးများသည် ဝါးမျိုခံရတော့မည်အလား ခံစားရမှာဖြစ်သည်။ အဆိုပါ ထူးဆန်းသည့်ခံစားချက်သည် ဝမ်ဖုန်းကို တုန်လှုပ်စေလျက် သူ၏မျက်နှာပေါ်တွင် လေးနက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ချုံ၏အမွေအနှစ်သည် တွေ့မြင်ရသလိုရိုးရှင်းခြင်းမရှိပါ။ ဒီလိုမှမဟုတ်ပါက ယခင့်ယခင် ပါရမီရှင်များသည် ထိုအမွေအနှစ်ကို ရရှိပြီးဖြစ်ပေလိမ့်မည်။ ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်ရာထူးအတွက် တိုက်ပွဲသည် အကြိမ်ကာလများစွာကျင်းပပြီးစီးခဲ့သည်။ ပါဝင်ယှဉ်ပြိုင်ကြသူများအားလုံးကလည်း ထိပ်တန်းပါရမီရှင်များသာဖြစ်ကြသည်။ ဘယ်သူကမှ ချုံရဲ့အမွေအနှစ်ကို မရရှိနိုင်ခဲ့ပါ။
"ဘုန်း!"
လူအများ စူးစမ်းကြည့်ရှုနေစဉ်တွင် သွေးနီရောင်မျှော်စင်ကြီးသည် ရုတ်တရက်လှုပ်ရှားလာခဲ့ကာ သွေးရောင်အလင်းတန်းများကို ပျံ့လွင့်စေလိုက်သည်။ သွေးမြူခိုးထူများသည် အဆက်မပြတ်ပျံ့လွင့်လျက်ရှိကာ မျှော်စင်ကြီးကိုဆန်းကြယ်၍ အံ့ဩဖွယ်ကောင်းလှစေခဲ့သည်။
"ခရက်!"
မိုးခြိမ်းသံကြီးတစ်သံသည် ကမ္ဘာမြေပြင်အတွင်း ပေါက်ဖွားလာခဲ့ကာ ရှိရှိသမျှလူတိုင်း၏အာရုံကို ဆွဲဆောင်ခဲ့သည်။ သူတို့ဟာ ပွင့်လှစ်လာခဲ့သော သွေးမျှော်စင်၏ပထမအလွှာကို စူးစိုက်ကြည့်မိလိုက်ကြသည်။
နေရာတစ်ခုလုံးသည် ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လူတိုင်းသည် သွေးရောင်မျှော်စင်ကြီး၏ ပထမအလွှာ တံခါးပေါက်ကိုသာ မြဲမြံစွာကြည့်ရှုနေခဲ့သည်။ သူတို့၏မျက်ဝန်းများမှာ ပူပြင်းတောက်လောင်လျက်ရှိကြသည်။ သို့သော်လည်း ဘယ်သူကမှ ဦးစွာမလှုပ်ရှားလိုကြပါ။ ဘယ်သူကမှ အရူးမဟုတ်ကြချေ။ သူတို့ဟာ မျှော်စင်သို့အရင်ဆုံးသွား၍ အစမ်းသပ်ခံများမဖြစ်လိုကြပါ။ သွေးရောင်မျှော်စင်သည် ရိုးရှင်းခြင်းမရှိကြောင်း အကြည့်တချက်ဖြင့်ပင် ပြောနိုင်သည်မဟုတ်ပါလော။
သွေးမျှော်စင်၏တံခါးပေါက် ပွင့်လှစ်သွားပြီးသည့်နောက်တွင် မျှော်စင်၏အတွင်းပိုင်းမှ သွေးမြူခိုးထူများသည် ပြင်ပသို့ပျံ့လွင့်ရောက်ရှိလာခဲ့သည်။ လူတိုင်းသည် သူတို့နှာခေါင်းဝကို ကျီစယ်လျက်ရှိသော ပြင်းထန်သည့်သွေးရနံ့ကို ခံစားနေရတာကြောင့် မျက်ဝန်းများကို မှေးကြုံ့လိုက်မိကြသည်။ ဝမ်ဖုန်းတို့ကတောင် အံ့သြတုန်လှုပ်နေမိကြသည်။
ဤသွေးရနံ့ကို ကြည့်ရှုခြင်းအားဖြင့် လူငယ်ဘယ်လောက်များများ မျှော်စင်ကြီးအတွင်း သေဆုံးသွားသလဲဆိုတာကို ခန့်မှန်းရန်ခက်ခဲလှသည်။
ဤကဲ့သို့ ထူးခြားဆန်းကြယ်မှုက လှုပ်လှုပ်ရှားရှားဖြစ်နေသော ပါရမီရှင်များအားလုံးကို တစ်ဖန်ပြန်၍ ငြိမ်သက်သွားစေခဲ့သည်။ အနက်ရောင်ဂိတ်တံခါးဝကြီးသည် မကောင်းဆိုးဝါး၏ပါးစပ်ကြီးအလား လူငယ်တို့ကို ဝါးမျိုချင်ခဲ့ပုံပေါ်သည်။ အချိန်တစ်ခုထိတိုင်အောင် လူတိုင်းသည် တိတ်ဆိတ်သွားကြကာ ဘယ်သူကမှမလှုပ်ရှားရဲခဲ့ကြပါ။
သို့သော်လည်းဤအချိန်တွင် သွေးနီရောင် ဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိနေသော ပါရမီရှင်တစ်ယောက်သည် လေထုအတွင်း ခုန်ပျံတက်လာခဲ့ကာ ကျယ်လောင်စွာကြုံးဝါးလျက် မျှော်စင်ရှိရာသို့ တိုးကပ်သွားခဲ့သည်။
များမကြာမီတွင် သူဟာ ပြင်းထန်သောအရှိန်အဝါတို့ကို ဖော်ထုတ်လျက် ပတ်ပတ်လည်တွင် ကြီးမားသောချပ်ဝတ်တန်ဆာကြီးကို ဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် ပထမအလွှာအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ထိုလူထွက်ပေါ်လာသည့်အခါ ဘယ်သူကမှလှောင်ပြောင်ခြင်းမရှိသလို ဒေါသထွက်ခြင်းလည်းမရှိကြပါ။ ထိုအစားလူတိုင်းသည် မျက်ဝန်းများကိုပြူးကျယ်လျက် အဖြစ်အပျက်ကိုစောင့်ကြည့်နေကြသည်။ မျှော်စင်ကြီးအတွင်းမှ အဘယ်သို့သော်အန္တရာယ်မျိုး ရောက်ရှိလာမလဲဆိုတာကို သူတို့အကဲဖြတ်နေကြသည်။
တစ်ခဏအတွင်း၌ သွေးနီရောင် ဧကရာဇ်အဆင့်ကို ရောက်ရှိနေသောလူငယ်သည် မျှော်စင်ပထမအလွှာ၏ ဝါးမြိုခြင်းကိုခံခဲ့ရကာ ဆုံးဆုံးမြုပ်၍ ပျောက်ကွယ်သွားလေသည်။
တိတ်ဆိတ်ခြင်း ....အဆုံးအစမဲ့တိတ်ဆိတ်ခြင်း ....
ထိုလူငယ် သွေးမျှော်စင်အတွင်းသို့ ဝင်ရောက်သွားခဲ့သော်လည်း ဘယ်အသံကိုမှမကြားခဲ့ရပါ။ ၎င်းမှာ အရမ်းကိုတိတ်ဆိတ်နေခဲ့တာကြောင့် ချောက်ခြားမှုတို့ကိုတောင် ပေါက်ဖွားစေခဲ့၏။