အနီး၌ကပ်လျက်
Vol. 51 Ch. 716
၎င်းမကောင်းဆိုးဝါးများတွင် ထူးဆန်းသောပုံသဏ္ဍာန်ရှိ၏။ အချို့က လူသားနဲ့အသွင်တူကာ အချို့ကတော့ ကွဲပြားခြားနားကြသည်။ သို့ပေသော်ငြားလည်း သူတို့အားလုံးထံမှ ထုတ်လွှတ်နေသောအရှိန်အဝါက အရမ်းကို သန်မာပါသည်။ သူတို့သည် ကောင်းကင်ဘုံဧကရာဇ် အထွတ်အထိပ်မှ သွေးနီရောင်ဧကရာဇ်အထိ အသီးသီးကွဲပြားကြသည်။ အစွမ်းထက်သောခွန်အားသည် နေရာလွတ်အတွင်းပြည့်နှက်လျက်ရှိကာ နယ်မြေကြီးတစ်ခုလုံးကို အဆက်မပြတ် ခါယမ်းစေခဲ့သည်။
လေးလံသောလေထုကြီးသည် ကြီးစိုးလျက်ရှိကာ ကွင်းပြင်အတွင်းရှိ အားနည်းသောပါရမီရှင်တချို့မှာ အသက်ရှူရပ်တန့်လုမတတ် ဖြစ်သွားခဲ့ရသည်။ သူတို့၏မျက်ဝန်းတွင် ထိတ်လန့်မှုများ ရှိနေခဲ့သည်။
၎င်းမကောင်းဆိုးဝါးများသည် အုပ်လိုက်ကြီးရှိနေခဲ့ကာ အဆုံးသတ်ကို မတွေ့မြင်နိုင်ခဲ့ပါ။ သူတို့ဟာ ပါရမီရှင်များပတ်လည်၌ ဝန်းရံလျက် ရှိချေသည်။ သူတို့သည် မကောင်းဆိုဝါးစစ်တပ်ကြီးနဲ့တူနေခဲ့ကာ ခြောက်ခြားဖွယ်ရာခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
" ပထမအလွှာရဲ့စစ်ဆေးမှုက ဒီမကောင်းဆိုးဝါးတွေကို အနိုင်ယူဖို့ပဲ ! "
" လူတိုင်းပဲ တိုက်ကြ ! "
ဘယ်ပါရမီရှင်က ပြောဆိုခဲ့သလဲမသိပါ။ ထိုစကားများကျဆင်းသွားပြီးသည်နဲ့တပြိုင်နက် လူအုပ်ကြီးအတွင်းမှ အစွမ်းထက်သောအရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ကာ မကောင်းဆိုးဝါးများထံသို့ အလျှိုလျှိုပြေးထွက်သွားခဲ့ကြသည်။
" ဝေါင်း ! "
လူငယ်လေးများ၏လှုပ်ရှားမှုသည် ပျားအုံကိုတုတ်နဲ့ထိုးသကဲ့သို့ ဖြစ်သွားခဲ့သည်။ မူလက လှုပ်ရှားမှုကင်းမဲ့နေသောမကောင်းဆိုးဝါးများသည် ကောင်းကင်ပေါ်ထိအောင်ဟစ်ကြွေးလျက် ရေလှိုင်းများကဲ့သို့ ပါရမီရှင်များထံ အပြင်းအထန် ပြေးဝင်လာခဲ့ကြသည်။
တခဏလောက်ထိတ်လန့်ကြောင်အ အပြီးမှာ ပါရမီရှင်များကလည်း အလိုအလျှောက် တုန့်ပြန်မိခဲ့ကြသည်။ သူတို့တစ်ယောက်ချင်းဆီက အရှိန်အဝါတို့ကို ဖော်ထုတ်ခဲ့သည်။ ပင်လယ်ပြင်တမျှနက်ရှိုင်းသောစွမ်းအင်တို့သည် ရောက်ရှိလာသောမကောင်းဆိုးဝါးများထံ ပြိုဆင်းသွားခဲ့သည် !
" ဘုန်း..!"
မျက်တောင်တစ်ခတ်အတွင်း၌ နှစ်ဖက်သည် အတူတကွ ပွတ်တိုက်မိသွားခဲ့သည်။ နားကွဲလုမတတ်ကျယ်လောင်သောပေါက်ကွဲသံကြီးများသည် လောကတစ်ခွင် မြည်ဟီးလျက် ရှိချေသည်။ လှိုင်းထန်သောပင်လယ်ပြင်ကဲ့သို့ အစိုးမရသောစွမ်းအားများသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်လျက်ရှိ၏။ နေရာလွတ်နေမြေတစ်ခုလုံးသည် ရှုပ်ပွလျက်ရှိကာ ပါရမီရှင်များအားလုံးသည် မကောင်းဆိုးဝါးများနဲ့ သတ်ဖြတ်နေခဲ့ကြသည်။ သူတို့က အခြားသူများကို ဂရုစိုက်ရန်တောင် အချိန်မရှိတော့ပါ။
ဝမ်ဖုန်းတို့အုပ်စုကလည်း အစွမ်းထက်သောမကောင်းဆိုးဝါးများနဲ့ ရင်ဆိုင်နေခဲ့ရသည်။ သို့သော်လည်း သူတို့ဟာ အခြားသူများလို ရုန်းကန်လှုပ်ရှားရခြင်းမရှိဘဲ အမူအရာက သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။ ထိတ်လန့်စရာမကောင်းဆိုးဝါးများကို ဝမ်ဖုန်းတို့သည် အလွယ်တကူကို ဖျက်ဆီးချေမွနိုင်ခဲ့သည်။ ဝမ်ဖုန်းသည် မကောင်းဆိုဝါးလှိုင်းတစ်လှိုင်းကို ကိုယ်ပိုင်လက်ဖြင့် သတ်ဖြတ်ခဲ့သည်။ သူ၏အစွမ်းထက်သောအရှိန်အဝါသည် မကောင်းဆိုးဝါးများထံ ရောက်ရှိသွားသည့်အခါ ၎င်းတို့သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားခဲ့ရကာ အရိုးမှုန့်များအဖြစ်ပြောင်းလဲသွားပြီး လုံးဝပျောက်ကွယ်သွားခဲ့သည်။
ရှိသမျှလူတိုင်းသည် ကိုယ်ပိုင်တိုက်ပွဲကို ဆင်နွှဲနေရတာကြောင့် ဝမ်ဖုန်းတို့အုပ်စု၏ထူးခြားမှုကို သတိမပြုမိခဲ့ပါ။ လူတစ်ယောက်တည်းကသာ ဝမ်ဖုန်းတို့၏သက်တောင့်သက်သာအမူအရာကို တွေ့မြင်နိုင်ခဲ့သည်။ ထိုသူမှာ ယွင်ဝူကောင်းကင်နန်းတော်၏ ယွင်ယုရွှယ် ဖြစ်သည်။ သူမအရှေ့ရှိမကောင်းဆိုဝါးများကိုတိုက်ခိုက်နေစဥ်တွင် သူမဟာ ပတ်ပတ်လည်ရှိ ပါရမီရှင်များ၏ခွန်အားကိုလည်း စူးစမ်းလေ့လာနေခဲ့သည်။ မိမိကိုယ်တိုင်နှင့်ရန်သူအကြောင်းကို သိမြင်နားလည်ခြင်းသည် တိုက်ပွဲ၌အောင်မြင်ရန် သော့ချက်ဖြစ်သည်။
တစ်စုံတစ်ယောက်က မြို့အရှင်ရာထူးအတွက် ပါဝင်ယှဥ်ပြိုင်ချင်လျှင် အဆင့်တူစွမ်းအားရှင်များအကြောင်းကိုလည်း သိရှိရမှာ ဖြစ်သည်။ ယခုအချိန်အခါသည် ရှိသမျှစွမ်းအားရှင်တို့၏ တိုက်ပွဲဝင်ခွန်အားကိုသိမြင်ရန် အသင့်တော်ဆုံးအချိန် ဖြစ်သည်။
သို့ပေသော်ငြားလည်း ဝမ်ဖုန်းတို့၏ထူးခြားမှုကိုတွေ့မြင်ခဲ့ရသည့်အခါ ယွင်ယုရွှယ်ဟာ ကြောင်အလျက် ရှိသည်။ သူမ၏နုညံ့သောခန္ဓာကိုယ်ကလေးသည် အဆက်မပြတ် တုန်ယင်နေခဲ့ကာ လှပသောမျက်ဝန်းအိမ်များအတွင်း၌ အကြောက်တရားများ ရှိနေခဲ့သည်။ တခြားသူများက ဝမ်ဖုန်းဘယ်သူလဲဆိုတာ မသိကြပါ။ သို့သော်လည်း သူမကတော့ သိပါသည်။
ထာဝရညည့်ဦးယံတောအုပ်ကြီးအတွင်း၌ သူမနှင့် ဟုန်ယန်ဘုရားကျောင်း၏သခင်လေးယန်ထျန်းဖုန်းတို့သည် ကျန်းဇီရာနဲ့ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြားရှိတိုက်ပွဲကို တွေ့မြင်ခဲ့ရသည် မဟုတ်ပါလော့။ ဒါ့အပြင် ရှန်ရှန်ကျုံဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော ဝမ်ဖုန်းသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်မှ လောင်ထျန်းဧကရာဇ်စွမ်းအားရှင်များကို သတ်ဖြတ်ခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်နေသေးသည်။
ဝမ်ဖုန်းက မြို့အရှင်ရာထူးအတွက် ပါဝင်ယှဥ်ပြိုင်လာလိမ့်မည်ဟု ယွင်ယုရွှယ်က ဘယ်တုန်းကမှ ထင်မထားခဲ့ချေ။ ထိုသူဟာ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ကိုတောင် အသာအယာသတ်ဖြတ်နိုင်ပေသည်။ ထိုကဲ့သို့လူမျိုး ရှိနေလေရာ မြို့အရှင်ရာထူးအတွက် သူမမှာ အခွင့်အရေးရော ရှိပါသေးရဲ့လား။
အချိန်တစ်ခုထိတိုင်အောင် ယွင်ယုရွှယ်၏တိုက်ခိုက်လိုစိတ်သည် ဖိနှိပ်ခံခဲ့ရသည်။ မြို့အရှင်ရာထူးကို ရနိုင်တော့မှာမဟုတ်ကြောင်း သိမြင်ခဲ့ရသည်ဖြစ်ရာ အဘယ်ကြောင့်များ ဆက်လက်တိုက်ခိုက်ရဦးမည်နည်း။
သို့သော်လည်း သွေးမျှော်စင်အတွင်း ဝင်ရောက်လာခဲ့ပြီဖြစ်ရာ ယွင်ယုရွှယ်သည် မတိုက်ခိုက်ချင်ရင်တောင် ထွက်သွားလို့မရတော့ပါ။ ပတ်ဝန်းကျင်ရှိမကောင်းဆိုးဝါးများသည် သူမထံအဆက်မပြတ် ရောက်ရှိလာခဲ့ကာ ကြီးစွာသောဖိအားကို ပေးနေခဲ့သည်။ နှလုံးသားအတွင်းရှိအစိုင်အခဲကို ဖိနှိပ်လျက် သူမသည် ရှေ့မှောက်ရှိ မကောင်းဆိုဝါးများကို အားကုန်သုံး၍ ရင်ဆိုင်တိုက်ခိုက်လိုက်ရသည်။
တစ်ဖက်တွင်ရှိနေသောဝမ်ဖုန်းကတော့ ယွင်ယုရွှယ်ကို တိုက်ခိုက်လိုစိတ် ဆုံးရှုံးစေခဲ့ကြောင်း မသိခဲ့ပါ။ သူသည် ကွေ့ဝူနဲ့ ရွှန်းယွမ်တို့ကို ဦးဆောင်လျက် နေရာလွတ်နယ်မြေ၏အနက်ပိုင်းသို့ တိုးဝင်သွားခဲ့သည်။
ပတ်ပတ်လည်ရှိ မကောင်းဆိုးဝါးများ၏တိုက်ခိုက်မှုသည် ဝမ်ဖုန်းတို့အုပ်စု၏ဖြတ်သန်းသွားလာမှုကို မတားဆီးနိုင်ခဲ့ပါ။ မကောင်းဆိုးဝါးများသည် ဝမ်ဖုန်းတို့ထံ မရောက်ရှိသေးခင်မှာတောင် အစိတ်စိတ်အမွှာမွှာ ပိုင်းချေခံခဲ့ရပြီး ဖြစ်၏။ ဝမ်ဖုန်းတို့သည် ထိတ်လန့်စရာကောင်းသောစွမ်းအင်ကို ထုတ်လွှတ်နေခဲ့သည်။ အဘယ်သို့သောတည်ရှိမှုဖြစ်ပါစေ ၎င်းစွမ်းအင်နဲ့ထိတွေ့မိသည့်အခါ အလွယ်တကူကြေမွပျက်စီးသွားမှာ ဖြစ်၏။
တိုက်ပွဲမြေပြင်တစ်ခုလုံးသည် ကသောင်းကနင်း ဖြစ်နေခဲ့၏။ လူတိုင်းသည် ပတ်လည်ရှိမကောင်းဆိုးဝါးများနဲ့ ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။ ထို့အတွက်ကြောင့် နေရာလွတ်နယ်မြေ၏အနက်ပိုင်းသို့ တိုးဝင်သွားခဲ့သော ဝမ်ဖုန်းတို့အုပ်စုကို ဘယ်သူကမှ သတိမထားမိခဲ့ကြပါ။ သူတို့သတိထားမိခဲ့ရင်တောင် ဘာမှ ပြုလုပ်နိုင်မှာ မဟုတ်ပါချေ။ ဝမ်ဖုန်းတို့က အရိုးစုမကောင်းဆိုးဝါးများကို ခွေးများဝက်များလို သတ်ဖြတ်သွားသည် မဟုတ်ပါလော့။
ရွှမ်ယိုနဲ့ဖုန်းရွှယ်ဝူတို့လို သွေးနီရောင် ဧကရာဇ် အထွတ်အထိပ်စွမ်းအားရှင်များကတောင် ဤအခြေအနေတွင် ကြပ်တည်းနေရသည်။ သူတို့ရင်ဆိုင်တိုက်ခိုက်နေသည်မှာ သွေးနီရောင်ဧကရာဇ်အထွတ်အထိပ်တွင်ရှိသော အရိုးစုမကောင်းဆိုးဝါးများ ဖြစ်ကြသည်။ အချိန်တခုထိတိုင်အောင် သူတို့သည် ရန်သူများကို ချေမှုန်းနိုင်ဦးမှာ မဟုတ်ပါ။
" ဘုန်း...! "
နယ်မြေအတွင်း၌ နားကွဲလုမတတ်ကျယ်လောင်သောပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေခဲ့ကာ အစွမ်းထက်သော အရှိန်အဝါများကလည်းပျံ့လွင့်လျက် လေဟာပြင်ကို တိုက်ရိုက်အက်ကွဲစေခဲ့သည်။ မြင်ကွင်းသည် လူအများ၏နှလုံးကို တုန်ယင်စေသည်အထိ ခြောက်ခြားဖွယ်ကောင်းပါ၏။
အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် အရိုးစုမကောင်းဆိုးဝါးကြီးများသည် အရိုးမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ကာ နေရာလွတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း အရိုးစုမကောင်းဆိုးဝါးများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသော ပါရမီရှင်များလည်း ရှိနေသေးသည်။
အသတ်ခံခဲ့ရသော ပါရမီရှင်များမှာ များသောအားဖြင့် ကျင့်ကြံမှုနိမ့်ပါးသောပါရမီရှင်များ ဖြစ်ကြသည်။ သူတို့သည် တိုက်ပွဲအတွင်းအစွမ်းထက်၍၊ အရိုးစုမကောင်းဆိုးဝါးများသည် တစ်ယောက်ချင်းယှဥ်ချရာ၌ သူတို့၏ပြိုင်ဖက်မဟုတ်သော်လည်း အုပ်လိုက်ကျင်းလိုက်ရောက်ရှိလာသည့်အခါ သူတို့အဘယ်မျှလောက်အစွမ်းထက်ပါစေ သေခြင်းတရားကိုတော့ အံမတုနိုင်ခဲ့ချေ။
ခြောက်ခြားဖွယ်ရာအော်ညည်းသံကြီးများကလည်း အဆက်မပြတ်ထွက်ပေါ်လျက်ရှိကာ သွေးများနဲ့အရိုးမှုန်များကလည်း နယ်မြေအတွင်း ပျံ့လွင့်လျက် ရှိသည်။ သို့သော်လည်း လူငယ်တစ်ယောက်သေဆုံးပြီးသွားတိုင်း သူတို့၏ရုပ်အလောင်းသည် ကြမ်းပြင်နှင့်ထိတွေ့မိသွားသည့်အခိုက်၌ တစ်စုံတစ်ခု၏စုပ်ယူခံခဲ့ရသလိုမျိုး ပျောက်ကွယ်သွားတာကိုတော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မတွေ့မြင်နိုင်ခဲ့သလို သတိမထားမိခဲ့ကြပါ။
သေဆုံးပြီးသွားသော ပါရမီရှင်များ၏ ရှိရှိသမျှ ရုပ်အလောင်းများသည် ပုံပျက်ယိုယွင်းလျက် သွေးများကတောင် ကြမ်းပြင်၏စုပ်ယူခြင်းကို ခံခဲ့ရသည်။
ပါရမီရှင်များသည် မကောင်းဆိုးဝါးများကို တိုက်ခိုက်နေခဲ့သည်။ ဒါကြောင့် ထူးဆန်းသောအခြေအနေကို မတွေ့မြင်နိုင်ခဲ့။ ဝမ်ဖုန်းတို့အုပ်စုကလည်း နေရာလွတ်နယ်မြေ၏အတွင်းပိုင်းကို ဝင်ရောက်သွားခဲ့တာကြောင့် သွေးမျှော်စင်၏ထူးခြားမှုကို သတိမထားမိခဲ့ကြပါ။