အခန်း (၄၇)
Vol. 4 Ch. 47
ကျန်းချန်က ကျန်းချမ်ဟဲကို ဖယ်ရှားပြီးနောက် ကျန်းမိသားစု၏ ကိစ္စအားလုံးကို ကျန်းခိုင်ဆီ လွှဲအပ်ကာ ထိန်းချုပ်စေခဲ့သည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျန်းချန်သည် ကျန်းအိမ်တွင် အလဟဿ မနေခဲ့ပေ။
သူက ကျန်းခိုင်ကို ဆေးဖက်ဝင်ပစ္စည်းများ ယူလာစေပြီး ကျန်းမိသားစု၏ ခွန်အားကို မြှင့်တင်ရန် ဆေးလုံး အများအပြား သန့်စင်ပေးခဲ့သည်။
ကျန်းချန်၏ အကူအညီဖြင့် ကျန်းခိုင်သည် ချီကာကွယ်ရေး အဆင့်၆ကနေ အဆင့်၇ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့သည်။
ကျန်းအိမ်ရှိ အရာအားလုံးသည် လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်သွားပြီးနောက်တွင် ကျန်းချန်သည် ကျန်းအိမ်တွင် ဆက်နေချင်စိတ် မရှိတော့ပေ။
ယနေ့ ကျန်းချန်သည် လင်ယွင်ကျောင်းတော်သို့ ပြန်ရန် ပြင်ဆင်နေချိန်တွင် ကျန်းခိုင်က သူ့ကို အူးယားဖားယား လာရောက် ရှာဖွေခဲ့သည်။
"သခင်လေးကျန်း.. ပြဿနာတော့တက်ပြီ.. ကျွန်တော်တို့ ကျန်းမိသားစုရဲ့ ရွှယ်စန်းတောင်မှာရှိတဲ့ ဆေးဥယျာဉ်ကို သွေးမိစ္ဆာဂိုဏ်းက သိမ်းပိုက်သွားခဲ့ပြီ"
ကျန်းခိုင်က မနှစ်မြို့ဖွယ် အမူအရာဖြင့် ပြောလိုက်သည်။
"သွေးမိစ္ဆာဂိုဏ်းက ဘယ်လိုလုပ် ရုတ်တရက်ကြီး ကျန်းမိသားစုရဲ့ ဆေးဥယျာဉ်ကို သိမ်းပိုက်ရတာလဲ"
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းချန်သည် ဤသွေးမိစ္ဆာဂိုဏ်း အကြောင်းကိုလည်း အနည်းငယ် သိထားခဲ့၏။
ဤသည်က စန်းရှန်မြို့အနီးတွင် လှုပ်ရှားနေသည့် ဓားပြအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အလွန် အင်အားကြီးမားသည်။
သွေးမိစ္ဆာဂိုဏ်း၏ ခေါင်းဆောင် သွေးမိစ္ဆာသည် စုန့်ရှန်မြို့ အနီးတစ်ဝိုက်တွင် နာမည်ကျော်ကြားပြီး ချီကာကွယ်ရေးအဆင့်၈ ကျင့်ကြံသူ ဖြစ်၏။
သွေးမိစ္ဆာ၏ သန်မာသော ခွန်အားကြောင့် သွေးမိစ္ဆာဂိုဏ်းသည် စန်းရှန်မြို့အနီးတွင် ကြောက်မက်ဖွယ် နာမည်တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့သည်။
စန်းရှန်မြို့မှ အဓိက မိသားစု သုံးစုပင် သွေးမိစ္ဆာဂိုဏ်းနှင့် ထိပ်တိုက် မဆုံလိုကြချေ။
"ငါ မှန်းဆတာမမှားရင် သခင်လေးရဲ့ အဖေ ကျန်းအိမ်မှာ မရှိဘူးဆိုတဲ့ သတင်းကို သွေးမိစ္ဆာဂိုဏ်းက သိသွားပုံရတယ်"
ကျန်းခိုင်က ခါးသီးစွာ ပြုံးလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ် အံ့အားသင့်နေခဲ့၏။
သူ့အဖေ ကျန်းဝူရသည် တစ်ချိန်က စန်းရှန်မြို့၏ နံပါတ်တစ်ဖြစ်ပြီး ချီကာကွယ်ရေး အဆင့်၉ ကျင့်ကြံသူ ဖြစ်သည်။
ယခင်က သူ့အဖေရှိနေသောကြောင့် သွေးမိစ္ဆာဂိုဏ်းသည် ကျန်းမိသားစုကို မထိရဲခဲ့ပေ။
အခု သူ့အဖေ အိမ်မှာ မရှိသည်ကို သတင်းရ၍ သွေးမိစ္ဆာ ရွှယ်ရှောက်က ကျန်းမိသားစုတွင် သူ့ကို ဖိနှိပ်နိုင်သည့်သူ မရှိတော့ဟု ထင်ပြီး ဆေးဥယျာဥ်ကို သိမ်းပိုက်ခဲ့ပုံပင်။
"ဟင်းဟင်း.. သွေးမိစ္ဆာဂိုဏ်း.. အတော်အတင့်ရဲတာပဲ.. ငါရွှယ်စန်းတောင်ကို သွားရှင်းမယ်"
ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
ရွှယ်စန်းတောင်မှာရှိသည် ကျန်းမိသားစု၏ ဆေးဥယျာဉ်သည် ကျန်းမိသားစု၏ ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်၏။
မည်သို့ပင်ဖြစ်စေ၊ ဆေးဥယျာဉ်ကို သွေးမိစ္ဆာဂိုဏ်းဆီကနေ ပြန်ယူရပေမည်။
သွေးမိစ္ဆာဂိုဏ်းက အခြေအနေကို နားလည်လျှင် ကိစ္စမရှိပေ။
မဟုတ်လျှင်မူ သူက သွေးမိစ္ဆာဂိုဏ်းကို ဖျက်ဆီးပြီး စန်းရှန်မြို့အတွက် အမှိုက်ထုပ်တစ်ခုကို ဖယ်ရှားပစ်ရန် ဝန်လေးနေမည် မဟုတ်ချေ။
ရွှယ်စန်းတောင်သည် စန်းရှန်မြို့၏ အရှေ့ဘက်တွင် တည်ရှိပြီး စန်းရှန်မြို့နှင့် မိုင်ဆယ်ဂဏန်းမျှသာ ကွာဝေးသည်။
ကျန်းချန်က လမ်းတစ်လျှောက် အလျင်အမြန် သွားလာခဲ့၍ နာရီဝက်အတွင်း ရွှယ်စန်းတောင်ကို ရောက်ရှိသွားခဲ့သည်။
သူက ကျန်းမိသားစု၏ ဆေးဥယျာဉ် ဂိတ်တံခါးသို့ ရောက်ချိန်တွင် ဂိတ်တံခါးကို စောင့်ကြပ်နေသည့် သွေးမိစ္ဆာဂိုဏ်းဝင် နှစ်ယောက်သည် စိတ်အားထက်သန်စွာဖြင့် စကားပြောဆိုနေကြသည်။
"ဟားဟား.. ဒီတစ်ခါ ကျန်းမိသားစုရဲ့ ဆေးဥယျာဉ်ကို သိမ်းပိုက်လိုက်ပြီဆိုတော့ ငါတို့ သွေးမိစ္ဆာဂိုဏ်းက တိုးတက်လာတော့မှာပဲ"
"ကျန်းမိသားစုက စန်းရှန်မြို့ရဲ့ အဓိက မိသားစု သုံးစုထဲက တစ်စုပဲ.. သူတို့က ဒီဆေးဥယျာဉ်ကို လွယ်လွယ်ကူကူ မစွန့်လွှတ်မှာ သေချာတယ်.. ငါတို့တွေ သတိထားရမယ်"
"ဟားဟား.. ဘာကို စိုးရိမ်နေတာလဲ.. အခု ကျန်းဝူရက ကျန်းအိမ်မှာ ရှိမနေဘူး.. ကျန်းမိသားစုမှာ ဘယ်သူက ငါတို့ခေါင်းဆောင်ရဲ့ ပြိုင်ဘက်မို့လို့လဲ.. သူတို့ လာရင်တောင် အသေလာခံတာပဲ ဖြစ်မှာ ငါစိုးရိမ်မိတယ်"
ကျန်းချန်က အစောင့် နှစ်ယောက်ကို ဥပေက္ခာပြုပြီး ကျန်းမိသားစု ဆေးဥယျာဉ်ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
"ကောင်လေး.. မင်း ဘယ်သူလဲ.. ဒီမှာ ဘာလာလုပ်တာလဲ.. ဒါက သွေးမိစ္ဆာဂိုဏ်းရဲ့ နယ်မြေပဲ.. အခြေအနေကို နားလည်ရင် ခပ်ဝေးဝေးကို ထွက်သွားလိုက်တော့"
ထိုအချိန်တွင် အစောင့် နှစ်ယောက်ထဲမှ တစ်ယောက်သည် ဆေးဥယျာဉ်ဆီ လျှောက်လာနေတဲ့ ကျန်းချန်ကို တွေ့သွားပြီး အော်ဟစ်လိုက်သည်။
ကျန်းချန်က အေးစက်စက် ပြန်ပြောလိုက်၏။
"မင်းတို့ ခုနကပြောနေတဲ့ အသေခံဖို့လာတဲ့သူပဲ"
"မင်းက ကျန်းမိသားစုကလား"
အစောင့်က အနည်းငယ် အံ့သြသွားသည်။
သူက ခပ်ထေ့ထေ့ အပြုံးဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
"ကောင်လေး.. မင်း တစ်ယောက်တည်း ဒီကို လာရဲတယ်လို့ မထင်ထားဘူး.. အသေခံဖို့ အတွက် စိတ်မရှည်တော့ဘူး ထင်တယ်"
အခန်း(၄၇) ပြီး၏