← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

ကျန်းချန်က သွေးမိစ္ဆာကို လုံးဝ ဂရုမစိုက်ဘဲ ဝိညာဥ်အလင်းခြေလှမ်းကို အစွမ်းကုန် အသုံးပြုလိုက်သည်။

သူက မျက်စိတစ်မှိတ်အတွင်း နောက်ထပ် သွေးမိစ္ဆာဂိုဏ်းဝင် တစ်ယောက်၏ ဘေးတွင် ပေါ်လာ၏။

နောက်ထပ် တခဏတွင် ထိုသွေးမိစ္ဆာဂိုဏ်းဝင်သည် ချက်ချင်းဆိုသလို အေးစက်သော အလောင်းကောင် အဖြစ် ပြောင်းလဲသွားခဲ့သည်။

သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ရွှယ်ရှောက်သည် ကိုယ့်မျက်စိကိုယ် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ အမြန်နှုန်းကို အဆုံးစွန်အထိ အသုံးပြုခဲ့သော်လည်း ကျန်းချန်ကို လိုက်မမီနိုင်သေးသော ကြောင့် ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်က သွေးမိစ္ဆာဂိုဏ်းဝင်များအား တစ်ယောက်ပြီးတစ်ယောက် အမှည့်ခြွေ ခြွေနေသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် သွေးမိစ္ဆာ၏ နောက်လိုက်များဖြစ်သည့် သွေးမိစ္ဆာဂိုဏ်းဝင်များသည် မည်သူမှမလွတ်​မြောက်နိုင်ခဲ့ဘဲ မြေပြင်ပေါ်တွင် အတုံးအရုံး လဲကျသွားခဲ့ကြသည်။

"ကောင်းတယ် သိပ်ကောင်းတယ်"

ရွှယ်ရောက်က ကျန်းချန်ကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး.. ဒီနေ့ မင်း ရွှယ်စန်းတောင်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရင် ရွှယ်ရှောက် ဆိုတဲ့ ငါ့နာမည်ကို ပြောင်းပြန်ရေးပစ်လိုက်မယ်"

သွေးမိစ္ဆာက ဒေါသ အကြီးအကျယ် ထွက်နေခဲ့၏။

သူက သွေးမိစ္ဆာဂိုဏ်းကို တည်ထောင်ပြီး စန်းရှန်မြို့ကို လွှမ်းမိုးခဲ့သော်လည်း အခုလောက် ဒေါသမထွက်ဖူးပေ။

ဤကောင်လေးက ကျန်းဝူရ၏ သား ဖြစ်နေလျှင်ပင် ဂရုစိုက်တော့မည် မဟုတ်ချေ။

မည်သူပင်ဖြစ်နေပါစေ၊ ကြီးမားသည့် အဖိုးအခကို ပြန်လည် ပေးဆပ်ရပေမည်။

"သွေးမိစ္ဆာလက်သီး"

ရွှယ်ရှောက်က ကြုံးဝါးလိုက်ပြီး သူ၏ ညာဘက်လက်သီးကို အလျင်အမြန် ဝှေ့ယမ်းလိုက်ရာ သူ၏ လက်သီးထဲကနေ တောက်ပသည့် သွေးစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

သူ၏ ထိန်းချုပ်မှုအောက်မှာပင် သွေးစွမ်းအင်သည် တစ်ပေအရှည် ရှိသည့် သွေးလက်သီးအဖြစ် စုဝေးသွားခဲ့သည်။

"ကောင်လေး.. သွားသေလိုက်စမ်း"

ရွှယ်ရှောက်က ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

တစ်ခဏအတွင်း ကြီးမားလှသော သွေးလက်သီးသည် သွေးရောင်သန်းနေသည့် ဥက္ကာပျံကြီးတစ်စင်းနှယ် ကျန်းချန် ထံသို့ ရောက်ရှိလာခဲ့၏။

ကျန်းချန်၏ မျက်နှာကမူ တည်ငြိမ်နေခဲ့သည်။

ချက်ချင်းပင် သူက ကောင်းကင်ဖျက်ဆီး လက်သီးကို ထုတ်ဖော်လိုက်ပြီး သွေးလက်သီးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ကျန်းချန်၏ လက်သီးချက်ကြောင့် သွေးစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် သွေးလက်သီးသည် ပုံပျက်ကာ ပေါက်ကွဲသွားပြီး အစအနပင် မကျန်ရစ်ခဲ့ပေ။

သွေးလက်သီး ပျောက်ကွယ်သွားသည့် အခိုက်တွင် ရွှယ်ရှောက်၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်ဒူးထောက်ကျကာ သွေးတစ်လုတ်ကို မထိန်းနိုင်ဘဲ အန်ထုတ်လိုက်ရသည်။

"မင်း.. မင်း ဘယ်သူလဲ"

ရွှယ်ရှောက်က သူ့ရှေ့တွင် တည်ငြိမ်စွာ ရပ်နေသည့် ကျန်းချန်ကို ကြည့်ပြီး ကြောက်လန့်နေခဲ့သည်။

သူ့ရှေ့မှ လူငယ်လေး အစောပိုင်းက ထုတ်ဖော်ခဲ့သည့်လက်သီးသည် သူ၏ သွေးလက်သီးထက်ပင် ပို၍ အင်အားကြီးနေခဲ့၏။

ယင်းက အနည်းဆုံးတော့ နက်နဲမှုအဆင့်၏ အလယ်အလတ်အဆင့် ကိုယ်ခံပညာတစ်ခု ဖြစ်နေလိမ့်မည်ကို သူစိုးရိမ်မိသည်။

ကြောက်မက်ဖွယ်အကောင်းဆုံးမှာ လူငယ်လေး၏ ကျင့်ကြံခြင်းအဆင့်သည် သူ့ထက် ပိုမို မြင့်မားနေပြီး ချီကာကွယ်ရေး အဆင့်၉ကို ရောက်ရှိနေခြင်းပင်။

စန်းရှန်မြို့၏ ပါရမီရှင် လင်းယွီပင် ထိုအဆင့်သို့ ရောက်ရှိဦးမည် မဟုတ်ပေ။

"ကျန်းမိသားစုရဲ့ လက်ရှိခေါင်းဆောင် ကျန်းချန်"

ကျန်းချန်က ရွှယ်ရှောက်ကို အေးစက်စွာ ကြည့်၍ ပြန်ဖြေလိုက်သည်။

"ငါပြောခဲ့တဲ့အတိုင်းပဲ.. ဒီနေ့ကစပြီး စန်းရှန်မြို့မှာ သွေးမိစ္ဆာဂိုဏ်း ရှိတော့မှာ မဟုတ်ဘူး"

ကျန်းချန်က အေးစက်စက် ပြောလိုက်ပြီး ဝိညာဥ်အလင်းခြေလှမ်းကို အသုံးပြုကာ ရွှယ်ရှောက်၏ အနီးတွင် ပေါ်လာသည်။

"ချမ်းသာပေးပါ ခေါင်းဆောင်ကျန်း.. ငါ.. ငါ မင်းကို အညံ့ခံဖို့ ဆန္ဒရှိပါတယ်"

သူ့ရှေ့တွင် တိုက်ရိုက် ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် သွေးမိစ္ဆာသည် ရုတ်တရက် သူ့၏ ဝိညာဉ်များ ပျောက်ဆုံးသွားသလို ခံစားလိုက်ရပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

သူ့ရှေ့မှ ကောင်လေး၏ ခွန်အားသည် ကျန်းဝူရထက် မနိမ့်ကျပေ။

သူသာ အညံ့မခံဖို့ ရွေးချယ်လျှင် ဤရွှယ်စန်းတောင်၌ အလောင်းအဖြစ် မြှုပ်နှံခံရပေလိမ့်မည်။

ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။

"ငါ မင်းကို ဘယ်လို ယုံကြည်ရမှာလဲ"

"ငါ့မှာ လူတွေကို ကျွန်ပြုနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခု ရှိတယ်.. ဒီလျှို့ဝှက်နည်းစနစ်ကို သုံးသရွေ့ ငါ့ရဲ့ သေခြင်းရှင်ခြင်းက မင်းရဲ့ အတွေးတစ်ချက်ပေါ်မှာပဲ မူတည်တော့တယ်"

ရွှယ်ရှောက်က ပြောပြောဆိုဆို သူ၏ ခန္ဓာကိုယ်ထဲကနေ လျှို့ဝှက်နည်းစနစ် စာအုပ်တစ်အုပ်ကို အမြန် ထုတ်ယူလိုက်သည်။

အခန်း(၅၀) ပြီး၏

All Chapters