← Chapters

အခန်း (၅၄)

Vol. 4 Ch. 54

အခန်း (၅၄)

Vol. 4 Ch. 54

မုန်ချင်းရွှယ်က ကျန်းချန်ရှေ့မှ မီးလျှံသားရဲ သားပေါက်ဥကို ကြည့်ပြီး စိတ်ထဲတွင် မနာလိုစိတ် အနည်းငယ် ခံစားလိုက်ရသည်။

[ဒီကောင်က ကံအရမ်းကောင်းတာပဲ]

ရှေးခေတ်သားရဲများ၏ သားပေါက်ဥများသည် အလွန်ရှားပါးသည်။

ဒဏ္ဍာရီလာ နတ်သားရဲ၏ သွေးပါသည့် မီးလျှံသားရဲ သားပေါက်ဥသည် ပို၍ပင် ရှားပါး၏။

မီးလျှံသားရဲကို မွေးမြူပြီး အထွတ်အထိပ် ရောက်အောင် ပျိုးထောင်နိုင်ခဲ့လျှင် မဟာရှားနိုင်ငံတော်၌ ပြိုင်ဘက်ကင်းသူ တစ်ယောက်ပင် ဖြစ်သွားပေလိမ့်မည်။

"ဒီရှေးခေတ်သားရဲရဲ့ သားပေါက်ဥ တန်ဖိုးကို သွေးမိစ္ဆာက သေချာ မသိလောက်ဘူး.. သိခဲ့ရင် သားပေါက်ဥကို သူ့ဘာသာသူ သိမ်းမထားဘဲ ဘယ်နေပါ့မလဲ"

မုန်ချင်းရွှယ်က ပြောလိုက်သည်။

"ဒီလောက်တန်ဖိုးရှိတဲ့အရာကို နင့်ကို ပေးလိုက်တယ် ဆိုတော့ ဒီသွေးမိစ္ဆာရဲ့ ဦးခေါင်းက မြည်းအကန်ခံထားရတာလား မသိဘူး"

"ဘာလို့လဲဆိုတော့ ဒါက ပျက်စီးနေတဲ့ မီးလျှံသားရဲ သားပေါက်ဥမို့လို့ပဲ.. ယုတ္တိဗေဒကျကျ ပြောရရင် သားရဲသခင်တွေတောင် လွယ်လွယ်ကူကူ ဥဖောက်ဖို့ မဖြစ်နိုင်ဘူး"

ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"ဒီမီးလျှံသားရဲရဲ့ သားပေါက်ဥက မင်းရဲ့ ထိုက်ယင်အထူးခန္ဓာကိုယ်လိုပဲ ငါတစ်ယောက်တည်းကပဲ ဖြေရှင်းနိုင်တယ်"

မုန်ချင်းရွှယ် ခဏမျှ အံ့အားသင့်သွားခဲ့၏။

ကျန်းချန်ကို ကြည့်နေသည့် သူမ၏ လှပသည့် မျက်လုံးများတွင် အံ့သြသော အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

ကျန်းချန်နဲ့ ထိတွေ့မှု များလာလေလေ မုန်ချင်းရွှယ်သည် ကျန်းချန်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ပိုပြီး ရှာဖွေတွေ့ရှိလာလေလေ ဖြစ်သည်။

ဤအကောင်က မလုပ်နိုင်တာ ဘာမှရှိပုံ မရပေ။

"ဒါပေမယ့်လည်း ဒီမီးလျှံသားရဲရဲ့ သားပေါက်ဥကို ဥဖောက်ဖို့က မလွယ်ဘူး.. အရင်ဆုံး ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ကို ရှာဖွေရမယ်"

ကျန်းချန်က သက်ပြင်းကို ညင်သာစွာချ၍ ရှင်းပြလိုက်သည်။

ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့သည် ကောင်းကင်နှင့် မြေကြီး၏ ရှားပါးသော ရတနာတစ်ပါး ဖြစ်ပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပြန်လည်ထူထောင်နိုင်သော စွမ်းရည်ရှိ၏။

ကောလာဟလအရ ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ တစ်စက်သည် မူလဘူတ နယ်ပယ်အဆင့်အောက်ရှိ ကျင့်ကြံသူများကို တစ်ခဏအတွင်း သူတို့၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိစေနိုင်သည်ဟု အဆိုရှိသည်။

ဤကဲ့သို့ ကောင်းကင်နှင့် မြေကြီး၏ ရှားပါးရတနာတစ်ပါး ဖြစ်သည့် အရာသည် လိုချင်လျှင်ပင် ချက်ချင်း ရှာတွေ့နိုင်သည့် အရာ မဟုတ်ပေ။

"ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ကို ရှာနေတယ် ဆိုရင်တော့ လျှပ်စီးတိမ်တောင်တန်းကို သွားရင် ရနိုင်မယ်ထင်တယ်"

"လွန်ခဲ့တဲ့ နှစ်ဝက်လောက်က လျှပ်စီးတိမ်တောင်တန်းမှာ လေ့ကျင့်ဖို့ သွားတုန်းက ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ကို တွေ့ရှိခဲ့တယ်"

"ဒါပေမယ့် ချီကာကွယ်ရေး အဆင့်၉ နဲ့ ယှဉ်နိုင်တဲ့ သားရဲတစ်ကောင်ရှိနေလို့ အဲဒီတုန်းက လက်လျှော့လိုက်ရတယ်"

"မင်းပြောတာတွေက တကယ်လား"

ကျန်းချန်က မုန်ချင်းရွှယ်ရဲ့ စကားကို ကြားလျှင် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

"ဒီလိုဆိုရင် ငါတို့ လျှပ်စီးတိမ်တောင်တန်းကို သွားကြစို့"

ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ကိုသာ အမှန်တကယ် ရနိုင်လျှင် မီးလျှံသားရဲက ပေါက်ဖွားလာလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ကျန်းခိုင်ကို နှုတ်ဆက်ပြီး မုန့်ချင်းရွှယ်နှင့် အတူ ကျန်းအိမ်ကနေ ထွက်ခွာလာခဲ့ကာ လျှပ်စီးတိမ်တောင်တန်း ဆီသို့ ဦးတည်လိုက်၏။

ကျန်းချန် တစ်ယောက် စန်းရှန်မြို့က ထွက်ခွာပြီး မကြာခင်မှာပင် လူရိပ်တစ်ခုသည် သူတို့နောက်သို့ လျှို့ဝှက်စွာ လိုက်ပါသွားခဲ့သည်။

"ကျန်းချန်.. ငါတို့ကို နောက်ယောင်ခံလိုက်နေတဲ့သူ ရှိတယ်"

မုန့်ချင်းရွှယ်က နောက်ယောင်ခံလိုက်နေသည်ကို အလျင်အမြန်ပင် သတိထားမိပြီး ကျန်းချန်ကို တီးတိုးပြောလိုက်သည်။

"ငါတို့ သွားနေတဲ့ အရှိန်ကို မြှင့်လိုက်မယ်.. တိတ်ဆိတ်တဲ့နေရာကို ရောက်တာနဲ့ သူ့ကို ရှင်းပစ်ကြတာပေါ့"

ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်သွားခဲ့သည်။

စန်းရှန်မြို့တွင် ယခုအခါ၌ သူ့ကို နောက်ယောင်ခံလိုက်ရဲသူ မရှိသလောက်ပင်။

ယင်းက စဥ်းစားစရာပင်မလိုဘဲ လင်းမိသားစု သို့မဟုတ် လီမိသားစုမှ စေလွှတ်လိုက်မှန်း သူကောင်းစွာသိသည်။

နှစ်ယောက်သား မိုင်ပေါင်းများစွာ အရှိန်မြှင့်ခရီးနှင်ပြီးနောက်တွင် တောထဲ၌ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် မျက်နှာကို ပိတ်စဖြင့် ဖုံးကွယ်ထားသည့် အနက်ရောင်ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက်သည် တောထဲတွင် ပေါ်လာခဲ့သည်။

သူက ပတ်ဝန်းကျင်ကို အကဲခတ်ကာ ရှာဖွေခဲ့သော်လည်း ကျန်းချန် တို့နှစ်ယောက်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။

"ခွေးကောင်လေး လွတ်သွားပြီ"

လူလတ်ပိုင်းအရွယ် အမျိုးသားက တိတ်တဆိတ် ကျိန်ဆဲလိုက်၏။

သူ၏ မျက်နှာက ရုတ်တရက် အကျည်းတန်သွားခဲ့သည်။

"ငါတို့ကို ရှာနေတာလား"

ထိုအချိန်မှာပင် သူ၏ အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

သူက ချက်ချင်းပင် နောက်သို့ လှည့်ကြည့်လိုက်၏။

ကျန်းချန် တို့နှစ်ယောက်က သူ့နောက်တွင် ဘယ်အချိန်ကတည်းက ပေါ်လာမှန်း သူ မသိလိုက်ပေ။

ကျန်းချန်က သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားကို စူးစိုက်၍ ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံက ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။

"စန်းရှန်မြို့မှာ ဒီလို ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့သူက လင်းမိသားစုက အကြီးအကဲ ချိုးဝူယင်းပဲ ရှိတယ်"

"လင်းမိသားစုရဲ့ ရည်ရွယ်ချက်ကို ပြောပြပါ.. မင်းကို အသက်ရှင်ခွင့်ပေးမယ်"

အခန်း(၅၄) ပြီး၏

All Chapters