အခန်း (၅၅)
Vol. 4 Ch. 55
"ဟားဟား.. ကျန်းချန်.. မင်းက လေလုံးထွားလှချည်လား"
ချိုးဝူယင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်လေး.. မင်းက အသုံးမကျတဲ့လူ အဖြစ်ကနေ ဒီလောက်အထိ မြန်မြန်ဆန်ဆန် အင်အားကြီးမားလာတာ ဆိုတော့ မင်းရဲ့ လျှို့ဝှက်ချက်က သာမန်မဟုတ်လောက်ဘူး"
"မင်းရဲ့ လျှို့ဝှက်ချက်တွေကို ဘာလို့ မပြောပြတာလဲ.. အဲဒါဆိုမင်းကို သတ်ပြီးရင် မင်းရဲ့ ခန္ဓာကိုယ်ကို အကောင်းပကတိအတိုင်း ငါချန်ထားပေးမယ်.. ဘယ်လိုလဲ"
ကျန်းချန်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
"မင်းက သေဖို့ တောင်းဆိုနေတာပဲ"
"ဟက်.. ငါကတော့ မင်းကမှ သေဖို့တောင်းဆိုနေတာလို့ ထင်တယ်"
ချိုးဝူယင်းက အေးစက်စွာ ပြုံးလိုက်ပြီးနောက် ချက်ချင်းပင် သူ့လက်ကို လှုပ်ရှားကာ အချက်ပြ မီးရှူး တစ်ခုကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။
အချက်ပြမီးရှူးကို ပစ်လွှတ်လိုက်သည်နှင့် အင်အားကြီးမားသော အရှိန်အဝါ နှစ်ခု သုံးခုသည် မီတာတစ်ရာ အကွာကနေ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
တခဏအတွင်းမှာပင် ထို ပုံရိပ်သုံးခုသည် ကျန်းချန်၏ မြင်ကွင်းထဲသို့ တိုက်ရိုက် ပေါ်လာခဲ့သည်။
ပုံရိပ်သုံးခု။
ထိုအထဲမှ နှစ်ခုသည် ကျန်းချန်နှင့် လုံးဝ အစိမ်းသက်သက် မဟုတ်ပေ။
၎င်းတို့မှာ လင်းမိသားစု၏ ခေါင်းဆောင် လင်းထျန်းရှုံးနှင့် လီမိသားစု၏ ခေါင်းဆောင် လီကန်းတို့ပင် ဖြစ်သည်။
ထိုလူနှစ်ယောက်၏ ဘေးတွင် မာနကြီးသော အသွင်အပြင်ရှိသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးကြီး တစ်ဦး ရှိနေ၏။
ကျန်းချန်က ရုတ်တရက် ပေါ်လာသော လူသုံးယောက်ကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
"ခေါင်းဆောင် လင်းထျန်းရှုံး နဲ့ ခေါင်းဆောင် လီကန်းတို့ နှစ်ယောက် အတူတူ လာလိမ့်မယ်လို့ မထင်ထားမိဘူး.. ဒါက ကျွန်တော့်ကို အံ့အားသင့်စေတယ်"
"စန်းရှန်မြို့မှာ ငါတို့ မိသားစုသုံးစုက အမြဲတစေ ယှဉ်တွဲပြီးနေလာခဲ့ကြတယ်.. အခု မင်းတို့ ကျန်းမိသားစုက စန်းရှန်မြို့ကို လွှမ်းမိုးဖို့ ကြိုးစားနေတယ် ဆိုမှတော့ ငါတို့က မင်းတို့ကို ဘယ်လိုလုပ်ပြီး လွှတ်ထားလို့ဖြစ်မှာလဲ"
"ကျန်းချန်.. ဒီနေ့က မင်းရဲ့ သေနေ့ပဲ"
လင်းထျန်းရှုံးက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြင်းထန်သော လူသတ်ငွေ့ကို ဖော်ထုတ်လိုက်သည်။
"ဟားဟား... မင်းတို့ကိုယ်မင်းတို့ အတော်လေး အထင်ကြီးနေပုံပဲ"
ကျန်းချန်က လှောင်ရယ်ကာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ပူးပေါင်းရင်တောင် ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား"
"ကျန်းချန်.. မင်းက အခု အတော်လေး သန်မာနေပြီဆိုတာ ငါတို့သိတယ်.. မင်းကို ရှင်းပစ်မယ် ဆိုမှတော့ ဘယ်လိုလုပ်ပြီး ပြင်ဆင်မှုတွေ မရှိရမှာလဲ"
"ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ မင်း သေရမှာ သေချာတယ်"
လင်းထျန်းရှုံးက ပြောရင်း သူ့ဘေးရှိ တာအိုဝတ်စုံ ဝတ်ထားသည့် အဘိုးကြီးကို ဂါရဝပြုကာ ပြောလိုက်သည်။
"ဆရာကုန်း.. လုပ်ငန်းစလို့ရပြီ"
"စိတ်မပူပါနဲ့.. သူသာ ချီကာကွယ်ရေးအဆင့်ကို ကျော်လွန်ပြီး မူလဘူတအဆင့်ကို မရောက်သေးရင် အတောင်ပံပါရင်တောင် လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်"
တာအိုဝတ်စုံ ဝတ်ထားသည့် အဘိုးကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထို့နောက် ချက်ချင်းပင် သူ့လက်ကို လှုပ်ရှားလိုက်ရာ ထူးဆန်းသော တောက်ပမှုများ ထုတ်လွှတ်နေတဲ့ စာလိပ်တစ်လိပ်သည် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။
အဘိုးကြီးက ထိုစာလိပ်ကို ပစ်လွှတ်လိုက်ရာ အထက်သို့ မီတာများစွာ ပျံသန်းသွားပြီး စာလိပ်ကနေ မရေမတွက်နိုင်သည့် တောက်ပသော စွမ်းအားများ ပေါက်ကွဲ၍ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုစွမ်းအားများသည် ကျန်းချန်နှင့် မုန်ချင်းရွှယ် တို့နှစ်ယောက်လုံးကို ဆယ်မီတာ ပတ်လည်အတွင်း အလျင်အမြန် ဝန်းရံသွားခဲ့သည်။
"ဒါက အစီအရင် စာလိပ်ပဲ.. အဘိုးကြီးက အစီအရင်သခင်ပဲ"
ထိုမြင်ကွင်းကို မြင်လျှင် မုန်ချင်းရွှယ်၏ လှပသည့် မျက်နှာလေးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က မုန့်ချင်းရွှယ်၏ စကားကို ကြားလျှင် အံ့အားသင့်သွားသည်။
သူ့ကို သတ်ဖို့အတွက် လင်းထျန်းရှုံးက အစီအရင်သခင်ကိုတောင် ဖိတ်ခေါ်ခဲ့ပါသလော။
အစီအရင်သခင်ဆိုသည်မှာ ကျင့်ကြံသူများ၏ အထွတ်အမြတ် အလေးထားခြင်းကို ခံရသောသူများ ဖြစ်ပြီး အဂ္ဂရိတ်သခင်များ ထက်ပင် အရေအတွက်ရှားပါးသည်။
အင်အားကြီးမားသော အစီအရင်သခင်များ ဖန်တီးသည့် အစီအရင်များတွင် လူကို မမြင်နိုင်အောင် သတ်ဖြတ်နိုင်သည့် အစီအရင်များ၊ ပြိုင်ဘက်ကင်း ခုခံရေး အစီအရင်များနှင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းများကို အရှိန်မြှင့်ပေးနိုင်သည့် အစီအရင်များ ပါဝင်သည်ဟု ဆိုကြသည်။
အစီအရင်ပညာသည် အရှုပ်ထွေးဆုံး ပညာရပ်ဖြစ်ပြီး ဒြပ်စင်ငါးပါး၊ ယင်ယန်သဘောတရား၊ စကြဝဠာ၊ ကောင်းကင်နှင့် မြေကြီးတို့၏ နိယာမများ ပါဝင်ပြီး အဆုံးမရှိ ပြောင်းလဲနိုင်သောကြောင့် ခန့်မှန်းရခက်သည်ဟုလည်း အဆိုရှိကြ၏။
"ဟားဟား.. ကျန်းချန်.. မင်းကို ဖိနှိပ်ဖို့အတွက် ဆရာကုန်းကို ဖိတ်ခေါ်ဖို့ ငါ အကြီးအကျယ် ရင်းနှီးထားတယ်"
"ဆရာကုန်းက တတိယအဆင့် အစီအရင်သခင် တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ အစီအရင်ကနေ ချီကာကွယ်ရေး အဆင့်၉ ခွန်အားရှိတဲ့ ကျင့်ကြံသူတောင် လွတ်မြောက်ဖို့ ခက်ခဲတယ်"
"ငါ အစောကတည်းက ပြောခဲ့ပါတယ်.. ဒီနေ့တော့ မင်း သေနေ့စေ့ဖို့ သေချာသွားပြီ"
ကျန်းချန်တို့ နှစ်ယောက် အစီအရင်ထဲ ပိတ်မိနေသည်ကို မြင်လျှင် လင်းထျန်းရှုံးသည် မာန်တက်ကာ ခနဲ့လိုက်သည်။
အခန်း(၅၅) ပြီး၏