အခန်း (၅၆)
Vol. 4 Ch. 56
ကျန်းချန်က လင်းထျန်းရှုံး၏ ရယ်မောသံကို လျစ်လျူရှုပြီး သူ့ရှေ့မှ အစီအရင်ကိုသာ အာရုံစိုက်ခဲ့သည်။
"ဒင်.. သင်က နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်ကို လေ့လာပြီး အဆတစ်ရာ နားလည်မှုကို စတင်လိုက်ပါပြီ"
"ဒင်.. သင်က နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင် ချိုးဖျက်တဲ့ နည်းလမ်းကို နားလည်သွားပါပြီ"
မကြာခင်မှာပင် ကျန်းချန်၏ စိတ်ထဲတွင် ရင်းနှီးသော သတိပေးချက် တစ်ခု ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်ကို ချိုးဖျက်သည့် နည်းလမ်းများ အားလုံးသည် ကျန်းချန်၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။
"ချင်းရွှယ်.. မင်းရဲ့ ခွန်အားကို အပြည့်အဝ အသုံးပြုပြီး အစီအရင်ကို တိုက်ခိုက်ကြည့်ပါ"
အစီအရင်ချိုးဖျက်နည်းကို နားလည်ထားသည့် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
မုန့်ချင်းရွှယ်က သူမ၏ လက်ကို လှုပ်ရှားလိုက်သည်နှင့် ငွေရောင်ဓားရှည်တစ်လက်သည် လေထဲကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့၏။
သူမက ငွေရောင်ဓားရှည်ဖြင့် သိမ်မွေ့နက်နဲသော ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ အားကောင်းသော ဓားအလင်းသည် လေထဲရှိ အစီအရင်ဆီသို့ ဦးတည်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် အစီအရင်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့၏။
ထိုမြင်ကွင်းကြောင့် လင်းထျန်းရှုံး၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူက စိုးရိမ်တကြီးဖြင့် လှမ်းပြောလိုက်သည်။
"ဆရာကုန်း.. မင်းရဲ့ အစီအရင်က သူတို့ကို အမှန်တကယ် ဖမ်းဆီးနိုင်ပါတယ်နော်"
"စိတ်မပူပါနဲ့.. ဒီကောင်မလေးရဲ့ တိုက်ခိုက်မှုက အတော်လေး အားကောင်းတယ် ဆိုပေမယ့် ချီကာကွယ်ရေး အဆင့်ရဲ့ အင်အားပဲ ရှိပါသေးတယ်"
"ငါ့ရဲ့ နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်က တတိယအဆင့် အစီအရင်ပဲ.. မူလဘူတအဆင့် ကျင့်ကြံသူ မဟုတ်သ၍ ချိုးဖျက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ဒီအစီအရင်က အသက်စွမ်းအင် အားလုံးကို ဖြတ်တောက်နိုင်တယ်.. သူတို့က အခု အစီအရင်ထဲမှာ ပိတ်မိနေခဲ့ပြီ.. သူတို့နှစ်ယောက်က အသက်ရှူကြပ်ပြီး သေဖို့ သိပ်မကြာတော့ပါဘူး"
ဆရာကုန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
တတိယအဆင့် အစီအရင်သခင် တစ်ယောက် အနေဖြင့် သူ၏ အစီအရင်က ချီကာကွယ်ရေး အဆင့်မှ ကျင့်ကြံသူနှစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်လျှင် သူ့လို တတိယအဆင့် အစီအရင်သခင်သည် အတော်လေး အသုံးမကျရာ ရောက်သွားပေလိမ့်မည်။
ဆရာကုန်း၏ စကားအဆုံးမှာပင် တတိယအဆင့် အစီအရင်သည် ပြန်လည် ငြိမ်သက်သွားခဲ့သည်။
"ကျန်းချန်.. ဒီအစီအရင်က အနည်းဆုံး တတိယအဆင့် အစီအရင်ပဲ.. ငါတို့ရဲ့ ချီကာကွယ်ရေး အဆင့် ခွန်အားနဲ့ ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး"
"ဒါက အရမ်းအားကောင်းတဲ့ သတ်ဖြတ်ခြင်း အစီအရင် တစ်ခုပဲ.. ငါတို့ ရုန်းမထွက်နိုင်ရင် ဒီအစီအရင်ထဲ ပိတ်မိသွားမှာကို ငါ စိုးရိမ်တယ်"
သူမ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုက အစီအရင်ကို မဖြိုဖျက်နိုင်သည်ကို မြင်လျှင် မုန်ချင်းရွှယ်၏ မျက်နှာသည် အနည်းငယ် အကျည်းတန်သွားခဲ့သည်။
"ဒါက တတိယအဆင့်၊ အခြေခံ အစီအရင်ဖြစ်တဲ့ နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်ပဲ.. အသက်စွမ်းအင် အားလုံးကို ဖြတ်တောက်နိုင်ပြီး အစီအရင်ထဲ ပိတ်မိနေတဲ့သူတွေကို အသက်ရှူကြပ်စေနိုင်တယ်လို့ ဆိုကြတယ်.. ဒါက တကယ်ကို အားကောင်းတဲ့ အစီအရင်တစ်ခုပါပဲ"
ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
"ဒါပေမယ့် ဒီကမ္ဘာမှာ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ အစီအရင် ဖြစ်ပါစေ.. ချို့ယွင်းချက်တွေ ရှိနေဆဲပဲ.. ဒီအဘိုးကြီးက နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်ရဲ့ အစအနလောက်ပဲ သင်ယူထားတာပါ.. သူ ဖန်တီးထားတဲ့ နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်က ချို့ယွင်းချက်တွေ အပြည့်ပဲ.. အစီအရင်ပညာရပ်ကို နားလည်တဲ့ လူအတွက်တော့ လွယ်လွယ်လေး ဖြိုဖျက်လို့ရပါတယ်"
"နင်.. နင်က အစီအရင်ပညာရပ်ကိုတောင် နားလည်နေတာလား"
မုန်ချင်းရွှယ်၏ လှပသည့် မျက်လုံးလေးများက ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။
သူမက ကျန်းချန်ကို စိုက်ကြည့်ကာ မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်၏။
"နည်းနည်းပါးပါးပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"အနည်းဆုံးတော့ မင်းရှေ့က နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်ကို ချိုးဖျက်ဖို့ လုံလောက်ပါတယ်"
"............."
မုန့်ချင်းရွှယ်က သူမ ရှေ့မှ ကျန်းချန်ကို အံ့အားသင့်စွာ စိုက်ကြည့်နေပြီး တခဏကြာသည်အထိ ဘာပြောရမှန်း မသိတော့ပေ။
သူမကိုယ် သူမ ပါရမီရှင်ဟု ထင်မှတ်ထားသည့် မုန်ချင်းရွှယ်ပင် ယုံကြည်မှု ထိခိုက်သွားခဲ့သည်။
ဒီကောင်က ကျင့်ကြံရာတွင်လည်း ပါရမီပါသည်။
အဂ္ဂိရတ်ပညာရပ်တွင်လည်း ဆရာကြီး ယန်ချင်းရွှယ်ပင် လက်ဖျားခါရ၏။
သားရဲအကြောင်းကိုလည်း အတော်လေး နားလည်ပုံရသည်။
ယခုအခါ အစီအရင်တွင်လည်း အလွန်ကျွမ်းကျင်နေမှန်း သူမ သိလိုက်ရသည်။
ဤကမ္ဘာတွင် ကျန်းချန် မတတ်မြောက်တာ မရှိပုံရ၏။
ဤကဲ့သို့ မွန်းစတားထဲမှ မွန်းစတား အဆန်ဆုံးသောကောင်က ဤကမ္ဘာတွင် မည်သို့သော အကြောင်းတရားဖြင့် မွေးဖွားလာသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။
"ကောင်းပြီ.. ငါတို့တွေ အစီအရင်ကို အရင် ချိုးဖျက်ကြတာပေါ့.. ဒီ အစီအရင်ထဲမှာ နေရတဲ့ ခံစားချက်က တကယ်ကို စိတ်မသက်မသာ ဖြစ်ရတယ်"
ကျန်းချန်က ပြောရင်း အစီအရင်ပြင်ပရှိ လင်းထျန်းရှုံးကို ကြည့်လိုက်သည်။
ထို့နောက် သူ၏ လှောင်ရယ်သံသည် ၎င်းတို့၏ နားထဲတွင် ချက်ချင်း ထွက်ပေါ်လာ၏။
"ဟားဟား.. လင်ထျန်းရှုံး.. မင်းက အစီအရင်သခင်ကို ရှာပြီး ဒီလို ချို့ယွင်းချက်တွေ ပြည့်နှက်နေတဲ့ အစီအရင်ကို ဖန်တီးနိုင်တာနဲ့ပဲ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား"
အခန်း(၅၆) ပြီး၏