အခန်း (၅၈)
Vol. 4 Ch. 58
လင်းထျန်းရှုံး၏ မျက်နှာက ကျန်းချန်၏ အေးစက်စက် စကားလုံးများကြောင့် ရုတ်တရက် ပြောင်းလဲသွားသည်။
"ညီနောင် လီကန်း အတူတူ တိုက်ကြစို့"
သူက လီကန်းကို အဖော်စပ်လိုက်ပြီးနောက် ရုတ်တရက် မာန်သွင်းကာ လက်ဦးမှု ရယူသောအနေဖြင့် ညာဘက် လက်ဝါးဖြင့် ကျန်းချန်ကို လျှပ်တပြက် တိုက်ခိုက်လိုက်၏။
လီကန်းကလည်း မဆိုင်းမတွပင် လုပ်ဆောင်လိုက်သည်။
သူက ဓားရှည်တစ်လက်ကို အလျင်အမြန်ထုတ်ယူပြီး အင်အားအပြည့်ဖြင့် ကျန်းချန်၏ ခေါင်းကို ရည်ရွယ်ကာ ခုတ်ချလိုက်သည်။
သူတို့က ကျန်းချန်ကို တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့သည့် အချိန်ကစပြီး သူတို့နှင့် ကျန်းချန်ကြားတွင် တစ်ယောက်ယောက်မရှိမှသာ အဆင်ပြေမည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်၏။
ယနေ့ ကျန်းချန်ကိုသာ မသတ်နိုင်ခဲ့လျှင် လင်းမိသားစုနှင့် လီမိသားစုသည် စန်းရှန်မြို့ကနေ လုံးဝ ဖယ်ရှားခံရမည်ကို သူတို့က စိုးရိမ်မိသည်။
လီကန်းက ဓားရှည် ခုတ်ချက်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် မုန့်ချင်းရွှယ်၏ လှပသော ပုံရိပ်လေးသည် သူ့ရှေ့ရှိ လေထဲကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
သူမက လက်ထဲရှိ ငွေရောင်ဓားရှည်ကို ဝှေ့ယမ်းကာ လီကန်း၏ ဓားရှည်ခုတ်ချက်ကို ပိတ်ဆို့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"နင့်ရဲ့ ပြိုင်ဘက်က ငါပဲ"
"သွားသေစမ်း"
လီကန်းက ဒေါသထွက်သွားပြီး မုန့်ချင်းရွှယ်ကို အော်ငေါက်လိုက်၏။
သူ့လက်ထဲရှိ ဓားရှည်နှင့်အတူ အစွမ်းထက် တာအိုချီစွမ်းအားသည် မုန့်ချင်းရွှယ်ဆီသို့ ဦးတည်သွားခဲ့သည်။
မုန့်ချင်းရွှယ်က လီကန်းကို တားဆီးနေချိန်တွင် ကျန်းချန်သည် သူ့ကို လက်ဝါးဖြင့် တိုက်ခိုက်လိုက်သည့် လင်းထျန်းရှုံးကို စူးရှစွာ ကြည့်နေခဲ့၏။
သူက နေရာမှာပင် တည်ငြိမ်စွာ ရပ်နေပြီး လင်းထျန်းရှုံး၏ ပုံရိပ်က သူနှင့် သုံးပေအောက်အကွာထိ ရောက်လာသည်ကို စောင့်နေပြီးမှ လျှပ်စီးလက်သလို အမြန်နှုန်းဖြင့် လက်သီးတစ်လုံးကို ထိုးလွှတ်လိုက်သည်။
"ဝုန်း"
တစ်ခဏအတွင်း ပြင်းထန်သည့် သက်ရောက်မှုတစ်ခုသည် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
အလွန်လွှမ်းမိုးနိုင်သော အင်အားတစ်ခုသည် လင်းထျန်းရှုံး၏ လက်မောင်းများကို ဖြတ်သန်းပြီး ခန္ဓာကိုယ် တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
ထိုအင်အားကြောင့် လင်းထျန်းရှုံးသည် ခြေလှမ်း ဆယ်လှမ်းခန့်ပင် နောက်သို့ ဆုတ်လိုက်ရ၏။
"ဒီကောင်လေးရဲ့ ခွန်အားက တကယ်ပဲ ချီကာကွယ်ရေး အဆင့်၉ကို ရောက်ရှိသွားခဲ့ပြီ"
လင်းထျန်းရှုံးက သူ့ခန္ဓာကိုယ်ထဲမှ အင်အားကို အပြင်းအထန် ဖိနှိပ်လိုက်သည်။
သူ၏ မျက်နှာကလည်း အလွန်အမင်း ဖြူဖျော့နေခဲ့၏။
သူက ချီကာကွယ်ရေးအဆင့်၈ ကျင့်ကြံသူ ဖြစ်ပြီး ကျန်းချန်ထက် တစ်ဆင့်သာ နိမ့်ကျသည်။
သို့သော်လည်း နှစ်ယောက်ကြားရှိ ကွာဟချက်သည် အလွန်ပင် ကြီးမားနေခဲ့၏။
လင်ထျန်းရှုံးက လက်သီးချက်ကြောင့် နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်ရသော်လည်း ကျန်းချန်သည် လင်းထျန်းရှုံးကို အသက်ရှူဖို့ပင် အခွင့်အရေး မပေးခဲ့ပေ။
ကျန်းချန်ထံမှ ငွေရောင်လက်သီးချက်သည် လေခွင်းသံနှင့် အတူ လင်းထျန်းရှုံးဆီသို့ ရောက်ရှိလာပြန်သည်။
လင်းထျန်းရှုံး၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ကျန်းချန်၏ လက်သီးချက်ကို ခုခံရန် သူ၏ လက်ဝါးများကို အလျင်အမြန် ဝှေ့ယမ်းလိုက်၏။
"ဝုန်း"
ပြင်းထန်တဲ့ သက်ရောက်မှုက ဖြစ်ပေါ်လာပြန်သည်။
လင်းထျန်းရှုံး၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွား၏။
သူ၏ ခန္ဓာကိုယ်ကလည်း ကျိုးပြတ်နေသည့် စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားပြီး ထူထဲသော ပင်စည်ရှိသည့် သစ်ပင်ကြီး နှစ်ပင်ကို ချိုးဖျက်ကာ အဆုံးသတ်တွင် မီတာအနည်းငယ်အထိ လှိမ့်ထွက်သွားခဲ့သည်။
"ဝေါ့"
လင်းထျန်းရှုံးက သွေးတစ်ပွက်ကို ရုတ်တရက် အန်ထုတ်လိုက်ပြီးနောက်တွင် သူ့ဆီကို ထပ်မံ ပြေးလာနေသည့် ကျန်းချန်ကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ငါ့.. ငါ့ကို မသတ်ပါနဲ့ ကျန်းချန်.. ငါ့ကို လွှတ်ပေးပါ...ငါ့ရဲ့ လင်းမိသားစုက ကျန်းမိသားစုကို လက်အောက်ခံ လုပ်ဖို့ ဆန္ဒရှိပါတယ်.. မင်းတို့ရဲ့ ကျန်းမိသားစုကို စန်းရှန်မြို့မှာ ရိုရိုသေသေ ဆက်ဆံပါ့မယ်"
လင်းထျန်းရှုံးသည် အမှန်တကယ် သေဘေးနှင့် ရင်ဆိုင်ရသောအချိန်တွင် ကျန်းချန်ကို အသက် ချမ်းသာပေးရန် တောင်းဆိုလိုက်၏။
"အခုမှ ချမ်းသာပေးဖို့ တောင်းဆိုနေတာလား.. ဝမ်းနည်းစရာပဲ.. သိပ်နောက်ကျသွားပြီ"
"ဟက်.. ကျန်းမိသားစုရဲ့ လက်အောက်ခံလုပ်ဖို့ မင်းတို့ လင်းမိသားစုကို မလိုအပ်ပါဘူး.. ငါတို့က အချိန်မရွေး ပြန်ကိုက်မဲ့ ဝံပုလွေကို ဘယ်တော့မှ မမွေးဘူး"
"မင်း ငါ့ကို တိုက်ခိုက်တဲ့ အချိန်ကစပြီး မင်းအတွက် အဆုံးသတ်က တစ်ခုပဲ ရှိတယ်.. အဲဒါက သေခြင်းတရားပဲ"
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
ထို့နောက်တွင် သူ့ရဲ့ ပုံရိပ်သည် လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့၏။
အခန်း(၅၈) ပြီး၏