အခန်း (၅၉)
Vol. 4 Ch. 59
လင်းထျန်းရှုံးသည် လျှပ်တပြက် ပျောက်ကွယ်သွားသည့် ကျန်းချန်၏ မှင်တက်စွာ ကြည့်နေရင်း အေးစိမ့်သော ခံစားချက်သည် ချက်ချင်းပင် သူ့နှလုံးသားတွင် ပြည့်နှက်လာခဲ့သည်။
"မလုပ်ပါနဲ့"
သို့သော် သူစကားပင် မဆုံးသေးပေ၊ ပြင်းထန်သော လက်သီးချက်သည် သူ့ရင်ဘတ်ပေါ်သို့ ကျရောက်လာခဲ့၏။
တစ်ခဏချင်းမှာပင် နာကျင်သောအော်ဟစ်သံနှင့်အတူ လင်းထျန်းရှုံး၏ ခန္ဓာကိုယ်သည် မီတာအနည်းငယ်အထိ လွင့်စင်ကာ ပြုတ်ကျသွားပြီးနောက် အသက်ရှူရပ်တန့်သွားခဲ့သည်။
ထိုအချိန်တွင် မုန့်ချင်းရွှယ်နှင့် လီကန်းတို့၏ တိုက်ပွဲသည်လည်း အဆုံးသတ်တော့မည် ဖြစ်သည်။
သူတို့နှစ်ဦးစလုံးက ချီကာကွယ်ရေး အဆင့်၈တွင် ရှိနေသော်လည်း တိုက်ပွဲဝင်စွမ်းအားအရ လီကန်းသည် မုန်ချင်ရွှယ်နှင့် နှိုင်းယှဉ်လျှင် အလွန်တရာ အားနည်းနေခဲ့၏။
ထို့ကြောင့် ဆယ်ကွက်မျှ တိုက်ခိုက်ပြီးနောက်တွင် လီကန်းသည် လုံးဝအောက်စည်းသို့ ရောက်ရှိသွားခဲ့သည်။
အထူးသဖြင့် လင်းထျန်းရှုံးကို ကျန်းချန်က သတ်ပစ်လိုက်သည်ကို မြင်ပြီးနောက်တွင် လီကန်းသည် ထိတ်လန့်သွားပြီး အမှားတချို့ ပြုလုပ်မိခဲ့ရာ မုန့်ချင်ရွှယ်သည် ထိုအခွင့်အရေးကို အရယူခဲ့ပြီး ခေါင်းဖြတ်ပစ်လိုက်၏။
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ချိုးဝူယင်းသည် ကျန်းချန်တို့ နှစ်ယောက်ကို ကြောက်လန့်တကြား ကြည့်ရင်း တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
ထိုနှစ်ဦးသည် မိနစ်အနည်းငယ်အတွင်းမှာပင် တတိယအဆင့် အစီအရင်သခင်၏ အစီအရင်ကို ဖျက်ဆီးကာ လင်းမိသားစုနှင့်လီမိသားစု၏ အကြီးအကဲများကို အပြစ်ပေး၍ မိသားစုကြီး နှစ်စု၏ ပူးပေါင်းကြံစည်မှုကြီးကို လုံးဝ ချေမှုန်းနိုင်ခဲ့သည် မဟုတ်လော။
"မဖြစ်ဘူး.. ကျန်းချန် လက်ကလွတ်အောင် ငါထွက်ပြေးမှဖြစ်မယ်"
ဤအချိန်တွင် ချိုးဝူယင်း၏ နှလုံးသားတွင် ကြောက်ရွံ့သောခံစားချက်များဖြင့်သာ ပြည့်နှက်နေခဲ့၏။
သူက တစ်မိနစ်မျှပင် မနေရဲတော့ဘဲ လှည့်ပြေးရန် ပြင်လိုက်သည်။
သို့သော် ချိုးဝူယင်း တစ်ဖက်သို့ လှည့်လိုက်သည်နှင့် မည်သည့်အချိန်ကပင် ရောက်နေမှန်းမသိရသည့် ကျန်းချန်က သူ့ရှေ့တွင် ပိတ်ရပ်ထားသည်ကို တွေ့လိုက်ရသည်။
"ထွက်ပြေးချင်တယ်လား.. ဒီကိုရောက်လာပြီဆိုမှတော့ မင်းရဲ့ဝိညာဥ်က ဒီနေရာမှာပဲ ထာဝရကျန်ရစ်ခဲ့ရမယ်"
အသံနှင့်အတူ ကျန်းချန်ထံမှ ကောင်းကင်ဖျက်ဆီး လက်သီးချက်သည် ချိုးဝူယင်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာခဲ့သည်။
"မလုပ်နဲ့"
ယခုအခါတွင် ချိုးဝူယင်း၏ စိတ်နှလုံးသည် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ဖြင့်သာ ပြည့်နှက်နေသည်။
သူက ကျန်းချန်၏ ထိုးနှက်မှုကို ခုခံရန် ကြိုးပမ်းရင်း သူ၏အတွင်းအားကို အစွမ်းကုန်ထုတ်သုံးကာ သူ့ရှေ့တွင် အတားအဆီး တစ်ခုကို ဖန်တီးလိုက်သည်။
ချိုးဝူယင်း၏ အတားအဆီးက မဆိုးလှသော်လည်း သူ၏ ခွန်အားသည် ချီကာကွယ်ရေး အဆင့်၆တွင်သာ ရှိရာ ချီကာကွယ်ရေး အဆင့်၉၏ အင်ပြည့်အားပြည့် ထိုးနှက်ချက်ကို မည်ကဲ့သို့ ပိတ်ဆို့နိုင်ပါအံ့နည်း။
ကျန်းချန်၏ လက်သီးချက်က ချိုးဝူယင်း၏ ရှေ့ရှိ အတားအဆီးကို ချိုးဖျက်ပြီး ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ချိုးဝူယင်း၏ ခန္ဓာကိုယ်က ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ တအိအိ လဲကျသွားခဲ့သည်။
"အဘိုးကြီး.. မင်းတစ်ယောက်ပဲ ကျန်တော့တယ်"
ချိုးဝူယင်းကို အလွယ်တကူ မိုက်ဇာတ်သိမ်းပြီး နောက်တွင် ကျန်းချန်၏ အကြည့်စူးစူးသည် ဘေးဘက်ရှိ ဆရာကုန်းဆီသို့ ရောက်ရှိသွားခဲ့သည်။
အစောပိုင်းက မှင်တက်နေသော ဆရာကုန်းသည် ယခုအခါတွင် မှင်တက်နေရာမှ ပြန်လည် သက်သာလာခဲ့၏။
သူက ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်၍ မေးလိုက်သည်။
"ဟက် ကောင်စုတ်လေး.. မင်းက ငါ့ကိုပါ သတ်ချင်တာလား"
"မင်းက ငါ့ကိုသတ်ဖို့အတွက် လင်းထျန်းရှုံးရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ကတည်းက အသတ်ခံရမယ်ဆိုတာကို နားလည်ထားသင့်တယ်"
ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။
သူ့တွင် စနစ်၏ အထောက်အပံ့သာ မရှိခဲ့လျှင် ဤအဘိုးကြီး၏ နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်အောက်တွင် အမှန်တကယ် ကိစ္စချောသွားလောက်ပြီ ဖြစ်၏။
"လူတွေက ငါ့ကို မစော်ကားရင် ငါလည်း လူတွေကို မစော်ကားဘူး.. ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို စော်ကားရင်တော့ ဆယ်ဆ ပြန်ပေးဆပ်ရမယ်"
ဤအဘိုးကြီးက သူ့ကို သတ်ရဲသောကြောင့် ဤအဘိုးကြီးကို သူက ထိုက်တန်သော ပြစ်ဒဏ်အား ပေးချင်ခဲ့သည်။
"ပထမအချက်.. မင်းငါ့ကို မသတ်နိုင်ဘူး"
"ဒုတိယအချက်.. ငါကုန်းယွမ်က မဟာရှားနိုင်ငံတော်ရဲ့ ကုန်းမိသားစုကပဲ.. မင်း ငါ့ကို သတ်ရဲလား"
ကုန်းယွမ်က ကျန်ချန်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။
သူ၏ အိုမင်းရွတ်တွနေသော မျက်နှာထက်တွင် မာနကြီးသော အရိပ်အယောင်က ထင်ဟပ်နေခဲ့၏။
"ငါ့ရဲ့ဆံချည်တစ်မျှင်ကို ထိရဲရင် စန်းရှန်မြို့က ကျန်းမိသားစုကို မဟာရှား နိုင်ငံတော်ကနေ လုံးဝ အပြီးအပိုင် ဖယ်ရှားပစ်မယ်လို့ ငါအာမခံတယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် အေးစက်သွားသည်။
"မင်းငါ့ကို ခြိမ်းခြောက်နေတာလား"
ကုန်းယွမ်က ကျန်းချန်ကို ဂရုမစိုက်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"ငါ့ကို မယုံရင် စမ်းကြည့်လို့ရတယ်"
"အဘိုးကြီး.. မင်းက ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးနေတာပဲ.. မင်းက ကုန်းမိသားစုက ဆိုတာနဲ့ ငါတကယ် မသတ်ရဲဘူးလို့ ထင်နေတာလား"
ကျန်းချန်က ကုန်းယွမ်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
သူ့တစ်ကိုယ်လုံးတွင် ချက်ချင်းပင် လူသတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။
"ဒီကမ္ဘာမှာ ငါမသတ်ရဲတဲ့သူ ဆိုတာ မရှိဘူး"
အခန်း(၅၉) ပြီး၏