← Chapters

အခန်း (၆၀)

Vol. 4 Ch. 60

အခန်း (၆၀)

Vol. 4 Ch. 60

အေးစက်သော အသံနှင့်အတူ ကျန်းချန်သည် သူ၏ လက်ငါးချောင်းကို ကွေးလိုက်ပြီး ကုန်းယွမ်၏ လည်ချောင်းကို တစ်ကွက်တည်းဖြင့် ဆုပ်ကိုင်လိုက်သည်။

ကုန်းယွမ်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီးနောက်တွင် ခုခံရေး အစီအရင်တစ်ခုသည် ချက်ချင်းဆိုသလို သူ့ပတ်ပတ်လည်တွင် ပေါ်ထွက်လာပြီး ကျန်းချန်ကို ပိတ်ဆို့လိုက်သည်။

သူက ကျန်းချန်ကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်၏။

"ကောင်စုတ်လေး.. တကယ်ပဲ ငါ့ကို တစ်ခုခုလုပ်ရဲရင် ငါမင်းရဲ့ ကျန်းမိသားစုကို သေချာပေါက် ဖျက်ဆီးပစ်မယ်"

"မင်းမှာ ဒီအခွင့်အရေး ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး"

ကျန်းချန်၏ မျက်လုံးများတွင် ရေခဲကဲ့သို့ အေးစက်သော အလင်းတန်းတစ်ခုက လင်းလက်သွားသည်။

"မင်းဘယ်သူပဲဖြစ်နေပါစေ.. ဒီနေ့ ငါမင်းကို ရအောင်သတ်မယ်"

"မင်းတစ်ယောက်တည်းနဲ့လား"

ကုန်းယွမ်က မထီမဲ့မြင် ပြုံးလိုက်သည်။

"ချီကာကွယ်ရေး အဆင့်ရဲ့ ကျင့်ကြံသူလေး တစ်ယောက်က တတိယအဆင့် အစီအရင်သခင်ကို သတ်ချင်တယ်ဆိုတော့ မင်းမှာ ထိုက်တန်မှု ရှိလို့လား"

"မင်း အားကိုးတဲ့အရာက မင်းလက်ထဲမှာရှိတဲ့ တတိယအဆင့် အစီအရင်စာလိပ်တွေပဲ ဖြစ်ရမယ်"

"ဒါပေမယ့် ငါ့အမြင်မှာတော့ မင်းရဲ့ အစီအရင်တွေက ဘာမှအသုံးမကျတဲ့ အမှိုက်တွေပဲ"

"ဒီလို အစီအရင်မျိုး.. မင်းမှာ ဘယ်နှစ်ခုပဲရှိရှိ.. ဒီနေ့ ငါ အကုန် ဖျက်ဆီးပစ်မယ်"

"မင်းအစောပိုင်းက ဖန်တီးခဲ့တဲ့ တတိယအဆင့် အစီအရင်လိုပဲ.. ငါ့ရှေ့မှာ ဘယ်လိုအစီအရင်မှ အသုံးဝင်မှာ မဟုတ်ဘူး"

ကျန်းချန်က စကားပြောနေသော်လည်း မျက်လုံးများကမူ ကုန်းယွမ်၏ ပတ်ပတ်လည်ရှိ ခုခံရေးအစီအရင် ပေါ်တွင် အာရုံစူးစိုက်နေခဲ့သည်။

"ဒင်.. သင်က တတိယအဆင့် အစီအရင် ဖြစ်တဲ့ ကျောက်တုံးအစီအရင်ကို ကြည့်ပြီး အဆ၁၀၀ နားလည်မှုကို ရရှိပါတယ်"

"ဒင်.. သင်က ကျောက်တုံးအစီအရင်ရဲ့ ချိုးဖျက်နည်းကို အောင်မြင်စွာ နားလည်သွားပါပြီ"

ကျောက်တုံး အစီအရင်သည် ကမ္ဘာမြေကို အစီအရင်မျက်လုံး အဖြစ် အသုံးပြုကာ ခုခံရေး အစီအရင်ကို ဖြစ်ပေါ်စေရန် ဒြပ်စင်ငါးပါးကို စုဆောင်းထားသော အစီအရင်ဖြစ်သည်။

၎င်းက မူလဘူတအဆင့်၏ အစောပိုင်း အဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်ရှိ၏။

အစီအရင်၏ အားနည်းချက်မှာ မြေအောက်တွင်ရှိပြီး သစ်သားဓာတ်ဖြင့်သာ ချိုးဖျက်နိုင်သည်။

အစီအရင်ကို ချိုးဖျက်သည့် နည်းလမ်းအား ရရှိပြီးနောက်တွင် ကျန်းချန်သည် သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ရွှေ့လျားကာ တစ်ပေခန့်ရှည်သော သစ်ကိုင်းသုံးခုကို အမြန်ကောက်ယူလိုက်သည်။

ထို့နောက် သူက ကျောက်တုံးအစီအရင်၏ အားနည်းချက်ရှိနေသည့် မြေပြင်ဆီသို့ သစ်ကိုင်းသုံးခုကို တိုက်ရိုက် ပစ်လွှတ်လိုက်ရာ သစ်ကိုင်းသုံးခုလုံးသည် မြေကြီးထဲတွင် စိုက်ဝင်သွားခဲ့သည်။

"ချိုးဖျက်လိုက်စမ်း"

တစ်ချိန်တည်းမှာပင် ကျန်းချန်က ကြုံးဝါးလိုက်ပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ကောင်းကင်ဖျက်ဆီးလက်သီးကို ထိုးလွှတ်လိုက်သည်။

"ဝုန်း"

ပေါက်ကွဲသံတစ်ခုသာ ကြားလိုက်ရပြီး ကုန်းယွင်၏ ကျောက်တုံး အစီအရင်သည် ရုတ်ခြည်း ပျက်စီးသွားခဲ့သည်။

ကျန်းချန်က လက်သီး တစ်ချက်တည်းဖြင့် ကျောက်တုံးအစီအရင်ကို ချိုးဖျက်ပြီးနောက်တွင် လက်ချောင်းများကို ကွေးလိုက်ပြီး ကုန်းယွမ်၏ လည်ချောင်းကို နောက်တစ်ကြိမ် ဖမ်းဆုပ်လိုက်သည်။

သူ၏ ခနဲ့တဲ့တဲ့ ရေရွတ်သံက ကုန်းယွမ်၏ နားထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"ကုန်းယွမ်.. မင်းရဲ့ အမှိုက်အစီအရင်တွေက မင်း အသက်ကို မကယ်တင်နိုင်ဘူးလို့ ငါ အရင်ကတည်းက ပြောခဲ့သားပဲ"

"သောက်ဂွပဲ.. ဒီကောင်လေး ဘယ်လိုလုပ်လိုက်တာလဲ"

သူ၏ ကျောက်တုံးအစီအရင်ကို ကျန်းချန်က ချက်ချင်းဆိုသလို ချိုးဖျက်သွားသည်ကို မြင်လျှင် ကုန်းယွမ် ဒေါသထွက်သွားသည်။

သို့သော် သူ့အနေဖြင့် ယခုအချိန်တွင် စဥ်းစားနေရန် အချိန်မရှိတော့ပေ။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ နောက်ထပ် အစီအရင်စာလိပ်တစ်လိပ်သည် သူ့လက်ထဲတွင် ပေါ်လာသည်။

"ကောင်လေး.. နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အနေနဲ့ မင်းငါ့ကို ဒီအခြေအနေထိ ရောက်အောင် လုပ်နိုင်ခဲ့တာပဲ.. ကောင်းပြီ.. ဒီနေ့ကိစ္စကို ငါ မှတ်ထားမယ်.. သိပ်မကြာခင် ငါစန်းရှန်မြို့ကို ဆက်ဆက်လာပြီး မင်းရဲ့ ကျန်းမိသားစုကို မဟာရှား နိုင်ငံတော်ကနေ လုံးဝ ဖယ်ရှားပစ်မယ်"

ကုန်းယွမ်သည် ကျန်းချန်ကို စိုက်ကြည့်ရင်း အစီအရင် အားကိုးဖြင့် အေးစက်စွာ ပြောလိုက်သည်။

ကျန်းချန်က ကုန်းယွမ် လက်ထဲမှ အစီအရင်စာလိပ်ကို စိုက်ကြည့်ရင်း မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

"ဒင်.. သင်က တတိယအဆင့် အစီအရင်ဖြစ်တဲ့ ပါ့ကွ ရွေ့လျားခြင်း အစီအရင်ကို ကြည့်ပြီး အဆတစ်ရာ နားလည်မှုကို ရရှိပါတယ်"

"ဒင်.. သင်က ပါ့ကွ ရွေ့လျားခြင်းအစီအရင် ဘယ်လိုမျိုး ရွေ့လျားတယ်ဆိုတာ နားလည်သွားပါပြီ"

ကျန်းချန်က စနစ်ထံမှ သတင်းစကားကို ရရှိချိန်တွင် ကုန်းယွမ်က အစီအရင်စာလိပ်ကို အသုံးချလိုက်ပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ကို နက်နဲသည့် အလင်းတန်းတစ်ခုက အလျင်အမြန် ရစ်ပတ်သွားပြီးနောက် ကုန်းယွမ်သည် ကျန်းချန်ရှေ့မှာပင် ပျောက်ကွယ်သွားခဲ့သည်။

"ဟက်.. မင်းက ဒီပါ့ကွရွေ့လျားခြင်း အစီအရင်ကို အားကိုးရုံနဲ့ ငါ့လက်ထဲကနေ လွတ်မြောက်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား"

"မြေအနေအထားက ပြောင်းလဲသွားခဲ့ပြီ.. တည်နေရာရွှေ့ပြောင်းသွားတဲ့ ဦးတည်ရာအရပ်က အရှေ့မြောက်ဘက်ပဲ"

ကျန်းချန်က သူ့ဘာသာသူ ရေရွတ်လိုက်သည်။

တခဏအတွင်း သူ၏ ပုံရိပ်က ချက်ချင်းပင် လျှပ်စီးလက်သလို ရွေ့လျားသွားပြီး အရှေ့မြောက်ဘက်အရပ်ကို ရွေ့လျားသွားခဲ့သည်။

အခန်း(၆၀) ပြီး၏

All Chapters