အခန်း (၁၄၁)
Vol. 11 Ch. 141
စိုးရိမ်ကြောင့်ကြစွာစောင့်ကြည့်နေခဲ့ကြသော ပိုင်လင်းနှင့်ပိုင်ဖန်သည်လည်း ရှက်စိတ်ဖြင့်မျက်နှာများပူလာကြတော့သည်။ သူတို့အားလုံး အားကြိုးမာန်တက်မြှင့်တင်ဖို့ကြိုးစားခဲ့ကြသော ပိုင်မိသားစုဂုဏ်သရေသည် အလှောင်ပြောင်အကဲ့ရဲ့ခံအကြောင်းအရာတစ်ရပ်အဖြစ် ပြောင်းလဲသွားရတော့လေပြီ။
ပိုင်ကျန်းမှာ ပိုင်ရှင်းကိုသေသည်အထိလည်ပင်းညှစ်ပစ်ဖို့ မစောင့်နိုင်တော့ပေ။ အဆင့်၃သားရဲကိုရွေးချယ်ဖို့ သူ့ကိုဘယ်သူကဇွတ်ခိုင်းနေလို့လဲ? အခုတော့ သူတို့မှာ တစ်ခြားမိသားစုများရှေ့တွင် ခေါင်းပင်မဖော်နိုင်တော့ပါချေ။ သူတို့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ပေးဖို့ ပိုင်လင်းနှင့်ပိုင်ဖန်ကိုသာ အားကိုးရပေတော့မည်။
ထျန်းလုံကျန်း၏ကြေညာသံမှာ တည်ငြိမ်စွာပေါ်ထွက်လာသည်။ "ဒီပြိုင်ပွဲမှာ ပိုင်ရှင်းရှုံးနိမ့်ခဲ့ပါတယ် ဒါကြောင့် ဒီပွဲအတွက် အမှတ်မရပါဘူးခင်ဗျာ" သူ့စကားများမှာ အထိနာနေသောပိုင်မိသားစုကို လက်သီးတစ်လုံးထပ်ပစ်ကျွေးလိုက်သလိုပင်။
ယခုထိတိုင်တုန်ယင်နေဆဲဖြစ်သော ပိုင်ရှင်းမှာလည်း ခေါင်းပင်ဖော်မလာတော့ပေ။ ရှုံးနိမ့်ခြင်းနှင့် အရှက်ကွဲရခြင်း၏ လေးလံမှုမှာ သူ့ဝိဉာဥ်ကိုနှစ်ပိုင်းချိုးဖျက်လိုက်သည့်နှယ်ပင်။ မျှော်လင့်ချက်အပြည့်ဖြင့် အားတက်သရောစောင့်ကြည့်ခဲ့ကြသော သူ့မိသားစုသည်လည်း အခြားမိသားစုများ၏ ဝေဖန်ကဲ့ရဲ့ဟန်အကြည့်များကြားကို အနိုင်နိုင်သာသည်းခံနေရတော့၏။
ထို့အပြင် မိသားစုခေါင်းဆောင်ပိုင်ကျန်းမှာ သူ့အားသတ်မတတ်ဖြတ်မတတ်စိုက်ကြည့်နေသည်အား တွေ့လိုက်ရတော့သည်။
(ငါတော့သေပြီ)
"ကဲ နောက်ထပ်သွားမှာကဘယ်သူများပါလဲ"
ထျန်းလုံကျန်းကမေးလာသည်။
"ကျွန်-ကျွန်တော်ပါ"
ပိုင်လင်းကလက်တစ်ဖက်ထောင်လျက် ရှေ့သို့လျှောက်လာသည်။ ရှေ့တင်ဖြစ်သွားသော ပိုင်ရှင်း၏ရှုံးနိမ့်မှုကြောင့် သူသည်လည်း ယုံကြည်မှုတွေရှိမနေတော့ပေ။
"ကျွန်တော် အဆင့်၂သားရဲကိုရွေးချယ်ပါတယ်" သူကပြောလိုက်သည်။ အခြေတည်ထောင်ခြင်းအထွဋ်အထိပ်ဆင့်သာရှိသေးသော သူသည် အဆင့်၃သားရဲကို မည်သည့်နည်းဖြင့်မျှတိုက်ခိုက်နိုင်မည်မဟုတ်ပေ။ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူ ပိုင်ရှင်းပင် အလဲလဲအကွဲကွဲရှုံးနိမ့်လာရသည်မဟုတ်လော။
ဂိတ်တံခါး တစ်ဖန်ပွင့်လာပြီး မိုးကြိုးလက်သည်းကျားသစ်နက်တစ်ကောင်ထွက်ပေါ်လာသည်။ ချောမွေ့ပြီး လျှပ်စီးကြောင်းများစီးဆင်းနေသော ကိုယ်ထည်သည် သူ့ဆီသို့တန်းတန်းမတ်မတ် ပြေးဝင်လာတော့၏။
ပိုင်လင်းသည် ဝိဉာဥ်စွမ်းအင်ကိုဆင့်ခေါ်လိုက်ပြီး သွက်လက်တိကျသောတိုက်ကွက်များဖြင့် သားရဲအားပြန်လည်ရင်ဆိုင်သည်။ ပိုင်ရှင်းလိုမဟုတ်ဘဲ ပိုင်လင်းက ချက်ချင်းပြန်လည်တိုက်ခိုက်နိုင်သည်။ တိုက်ကွက်အနည်းငယ်ကို ပစ်သွင်းလိုက်သော်ငြား မိုးကြိုးလက်သည်းကျားသစ်နက်၏ လျင်မြန်သော လျှပ်စီးတိုက်ကွက်များက သူ့ကိုအပေါ်စီးမှဖိချလာတော့သည်။ သူ့တိုက်ကွက်အများစုကို ကျားသစ်နက်က ပါးနပ်စွာရှောင်တိမ်းနိုင်ပြီး လျှပ်စီးလက်သည်းများဖြင့် ပြန်လည်တိုက်ခိုက်ကာ တစ်ဖက်လူကို အငိုက်ဖမ်းနိုင်သည်။
ဘယ်လိုပဲကြိုးစားတောင့်ခံနေပေမယ့် ပိုင်လင်းမောပန်းနွမ်းနယ်လာပြီး မြေပြင်ထက်ကိုအကာအကွယ်မဲ့လဲကျသွားတော့၏။ ထို့ကြောင့် ထျန်းလုံကျန်းခုန်ဝင်လာပြီး ပြိုင်ပွဲဝင်ကိုမထိခိုက်နိုင်စေရန် သားရဲအားဝင်ရောက်ဟန့်တားလိုက်တော့သည်။ ပိုင်ရှင်းထက်တော့ ပိုတောင့်ခံနိုင်ခဲ့သော်ငြား သူလည်းတစ်ဖန်ရှုံးနိမ့်ခဲ့ပြန်သဖြင့် ပိုင်မိသားစုမှာ နှစ်ထပ်ကွမ်းအရှက်ရစရာသာဖြစ်လာတော့၏။ လူအများမှာ တီးတိုးကဲ့ရဲ့လို့သာနေကြပြီး ပိုင်ကျန်း၏မျက်နှာမှာလည်း ဒေါသဖြင့်နီရဲတောက်လောင်နေတော့သည်။ ပိုင်ရှင်းလုပ်ခဲ့သလောက်တော့ မဆိုးရွားပေမယ့် အရှက်ပေါ်အရှုံးထပ်ဆင့်သည့်အခြေအနေတွင် မည်သူမျှမျက်နှာမကောင်းနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ပိုင်လင်းမှာ အစွမ်းကုန်ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် အရှက်ရသည်ဟုတော့မဆိုနိုင်။ သို့သော် သူ့ရှုံးနိမ့်မှုမှာ မှေးမှိန်ပြီးသားဖြစ်သော ပိုင်မိသားစုဂုဏ်သတင်းကို တစ်ခါထပ်ဖိချလိုက်ခြင်းနှင့်မခြားပါပေ။
"ပိုင်မိသားစုရဲ့ နောက်ဆုံးသောပြိုင်ပွဲဝင် ရှေ့ကိုထွက်ခဲ့ပါ"
ထျန်းလုံကျန်းက ကြေညာသည်။
ပိုင်ဖန် ရှေ့သို့တက်လာသည်။ သေချာစိစစ်အကဲဖြတ်နေကြသော ကြည့်ရှုသူများ၏ မျက်လုံးရာချီရှေ့တွင် ပိုင်ဖန်မှာ ဖျော့တော့အားနည်းသောမျက်နှာလေးဖြင့် ခပ်တောင့်တောင့်ရပ်နေရတော့သည်။ ပိုင်ရှင်းနှင့်ပိုင်လင်းတို့၏ အရှက်ရခြင်းနှင့်ရှုံးနိမ့်ခြင်းများအား မျက်မြင်ကြုံအပြီး သူ့မှာယုံကြည်မှုမြူမှုန်မျှမကျန်တော့ပါချေ။
"ကျွန်တော် အဆင့်၁သားရဲကိုရွေးချယ်ပါတယ်" ပိုင်ဖန်ကြေညာလိုက်သည်။ ပွဲကြည့်သူများမှာလည်း မယုံကြည်နိုင်ဟန် လှောင်ပြောင်ဟန်စကားများကို စီစီညံအောင်ပြောလာကြတော့သည်။
"အခြေတည်ထောင်ခြင်းအထွဋ်အထိပ်ဆင့်ကျင့်ကြံသူက အဆင့်၁သားရဲကိုရွေးသတဲ့ သနားစရာကောင်းလိုက်ပုံများ"
"သူနိုင်ရင်တောင် အမှတ်ကဘာမှသုံးစားလို့ရမနေဘူး"
"ဟားဟား သူ့အပြစ်လို့လည်းမဆိုသာပါဘူးကွာ သူပါထပ်ရှုံးရင် ပိုင်မိသားစုတော့ သုညမှတ်ပဲရတော့မှာလေ"
“ရှက်စရာပဲ”
ပိုင်ကျန်း၏မျက်နှာမှာ မည်းမှောင်လို့နေသည်။ လူအများက သူ့ကို သနားစရာအဖြစ်ဝိုင်းကြည့်နေကြသည်အား သူမြင်နေရသည်။
တတိယမင်းသားထံမှာ အမှုတော်ထမ်းရန်သစ္စာခံပြီးသည်နှင့် သူ့မိသားစု အောင်မြင်ကျော်ကြားဖို့သာရှိတော့သည်ဟု သူထင်ခဲ့သော်ငြား အခုတော့ အလှောင်ပြောင်ခံ အဝေဖန်ခံဘဝသို့ ရောက်နေရလေပြီ။
ထို့အပြင် သူ့မိသားစုမှပါရမီရှင်များသည်လည်း မိသားစုဂုဏ်သတင်းကို ဖျက်ဆီးပြီးရင်းသာဖျက်ဆီးနေကြတော့သည်။ ဒီသတင်းများကို တတိယမင်းသားသာကြားသွားပါက သူတို့မိသားစုနှင့် ထပ်ပြီးအဆက်အဆံလုပ်ချင်ပါတော့မလား မသေချာပေါ။ ဖုန့်မိသားစုကိုကိုင်တွယ်ရန်တာဝန်ကိုလည်း သူကျရှုံးခဲ့သေး၏။
"ချီးပဲကွာ ချီးပဲ"
ဂိတ်တံခါးများပွင့်ဟလာပြီး အကောင်သေးသော်ငြား လျင်မြန်သောတိုက်ခိုက်မှုများဖြင့်နာမည်ကြီးသည့် တောဝက်သားရဲတစ်ကောင်ထွက်ပေါ်လာသည်။ ပရိတ်သတ်ကတော့ တုံ့ပြန်မှုသိပ်မရှိပါ။ ထိုသားရဲမျိုးမှာ မြင်နေကျတွေ့နေကျသာဖြစ်ပြီး အချို့မိသားစုများတွင် ကလေးများနှင့်ယှဥ်ပြိုင်လေ့ကျင့်စေဖို့ မွေးမြူထားသည့်သားရဲမျိုးသာပင်။
သတ်လည်းစားလို့ရသဖြင့် မွေးမြူရေးဝက်နှင့် သိပ်မကွာလှသောသားရဲသာဖြစ်၏။
တစ်ဖက်တွင်မူ ပိုင်ဖန်မှာ တောဝက်သားရဲကိုမြင်လိုက်ရသဖြင့် ပျော်ရွှင်သွားကာ လျင်မြန်တိကျစွာတိုက်ခိုက်လာတော့သည်။ လူတွေအတွက်တော့ ပိုင်ဖန်၏တုံ့ပြန်မှုမှာ ပိုလို့ပင်သနားစရာကောင်းနေသယောင်။ အခြေတည်ထောင်ခြင်းအထွဋ်အထိပ်ကျင့်ကြံသူမှာ အဆင့်၁သားရဲလေးကို ကြောက်ကြောက်နှင့်ရွေးချယ်ရပြီး တောဝက်ဖြစ်နေတော့ ပျော်တောင်ပျော်သွားရှာသတဲ့။
ထို့အပြင် ထိုသို့သာမန်သားရဲလေးအဖို့ ပိုင်ဖန်၏တိုက်ကွက်များမှာ မလိုအပ်ဘဲပြင်းထန်လို့နေသည်။ သားရဲကိုလွယ်ကူစွာပင် ချုပ်ကိုင်လိုက်နိုင်ပြီး လှုပ်ရှားမှုအနည်းငယ်ဖြင့် အနိုင်ယူလိုက်တော့သည်။
သို့သော် ထိုအောင်နိုင်မှုမှာလည်း မည်သည့်ဂုဏ်သရေကိုမှ သယ်ဆောင်မလာနိုင်ခဲ့ပါ။ ပိုင်ဖန်၏အားထုတ်မှုအတွက် ပိုင်မိသားစုမှာ ၁၀မှတ်သာချီးမြှင့်ခံခဲ့ရပြီး တတိယပြိုင်ပွဲစဥ်တစ်ခုလုံးအတွက် စုစုပေါင်းရမှတ်မှာ ၁၀မှတ်သာပင်။ တီးတိုးလှောင်ပြောင်သံများ နေရာအနှံ့ထွက်ပေါ်နေပြီး ပိုင်မိသားစု၏ဂုဏ်သိက္ခာမှာ ကျပြီးရင်းသာကျဆင်းနေတော့၏။
ပိုင်ကျန်းမှာ ဒေါသကိုမနည်းထိန်းထားရဟန်ဖြင့် မျက်နှာတစ်ပြင်လုံးနီစွေးနေတော့သည်။ အခြားမိသားစုများ၏ ဝေဖန်ကဲ့ရဲ့သည့်အကြည့်များကိုလည်း သူရင်မဆိုင်နိုင်ပေ။ တစ်ချိန်က မာန်မာနတလူလူလွင့်တက်ခဲ့သော ပိုင်မိသားစုမှာ လူတကာအလှောင်ခံဘဝသို့ ကျရောက်သွားလေပြီ။ သူတို့၏ဂုဏ်သရေကိုပြန်အဖတ်ဆယ်ဖို့ တတ်နိုင်တာလည်းမရှိတော့ပါ။
သူတို့၏ နောက်ဆုံးသောမျှော်လင့်ချက်မှာ စတုတ္ထပြိုင်ပွဲစဥ်သာဖြစ်ပြီး ဘာတွေပဲရင်ဆိုင်ရပါစေ သူတို့မိသားစုနာမည်ကို ရသလောက်ပြန်ဆယ်ဖို့သာ ဆုံးဖြတ်ထားလေ၏။