← Chapters

ဖုန့်ရှောင်ယုအစွမ်းပြခြင်း

Vol. 11 Ch. 142

ဖုန့်ရှောင်ယုအစွမ်းပြခြင်း

Vol. 11 Ch. 142

တတိယပြိုင်ပွဲစဥ်ကို ဆက်လက်ကျင်းပလျက်ရှိပြီး အခြားမိသားစုများ၏ ရလဒ်များသည်လည်း ပိုင်မိသားစုနှင့် ထူးမခြားနားပါပေ။

သားရဲအဆင့်ကို မိမိကျင့်ကြံဆင့်နှင့် ကိုက်ညီတာရွေးမိသူများမှာ ရှုံးနိမ့်ခြင်းနှင့်သာကြုံရလေသည်။

ကျင့်ကြံသူတစ်ဦးက ကျင့်ကြံဆင့်ဘယ်လောက်ပဲမြင့်ပါစေ ကျွမ်းကျင်တတ်မြောက်ထားတဲ့ဓားသိုင်းကျင့်စဥ်လည်းမရှိ၊ စွမ်းအားကြီးမှော်ရတနာလက်နက်မျိုးလည်းမရှိလျှင် မွေးရာပါသန်မာရက်စက်သောသားရဲများက သေချာပေါက် လူသားများကိုအနိုင်ယူနိုင်ပေသည်။

ဉာဏ်ရည်ပိုင်းမှာ လူများကသာသည်ဆိုသော်ငြား ထိုဉာဏ်ရည်ကိုကောင်းကောင်းအသုံးချနိုင်ဖို့ မိမိရင်ဆိုင်ရသောသားရဲ၏ သဘာဝနှင့် စွမ်းအားလက္ခဏာများကို လေ့လာသိရှိထားဖို့လိုအပ်ပေသည်။ မျိုးဆက်သစ်ကျင့်ကြံသူလေးများက အဘယ်သို့သိရှိနိုင်မည်နည်း?

ဒါပေမယ့် ပြိုင်ဘက်သားရဲကို ခေါင်း‌တောင်ထောင်မလာနိုင်အောင် တစ်ခါတည်းအနိုင်ပိုင်းဖိချထားနိုင်သည့် ပြိုင်ပွဲဝင်များလည်းရှိသေးသည်ပင်။ ဥပမာအားဖြင့် ယွမ်မိသားစုပြိုင်ပွဲဝင်များပေါ့။

ယွမ်မိသားစုကိုယ်စားပြုပြိုင်ပွဲဝင်များထဲတွင် အရင်ဦးဆုံးယှဥ်ပြိုင်သူမှာ ယွမ်ကျိရန်ဖြစ်ပြီး သူမရွေးချယ်လိုက်သော အဆင့်၃သားရဲမှာ တစ်မိနစ်ပင်တောင့်မခံနိုင်ခဲ့ပါပေ။

ဆန်းကြယ်မီးတောက်ဂိုဏ်း၏ လေ့ကျင့်ရေးများကြောင့်ပေလား ယွမ်မိသားစု၏သင်ပြမှုကြောင့်ပေလား? မည်သို့ပင်ဖြစ်စေ ယွမ်ကျိရန်မှာ အခြားသောပြိုင်ပွဲဝင်များနှင့်ယှဥ်လျှင် လုံးလုံးလျားလျားကွာခြားသည့်အနေအထားတစ်ခုမှာဖြစ်ကြောင်း သေချာပေါက်ပြောနိုင်ပေသည်။

သို့သော် ယွမ်ကျိရန်မှာတော့ စိတ်လှုပ်ရှားမှု ပျော်ရွှင်ကျေနပ်မှု စသည့်ခံစားချက်တစ်စိုးတစ်စိမှမပြပါဘဲ သားရဲကိုအနိုင်ပိုင်းပြီး မိမိနေရာကိုသာ တည်ငြိမ်စွာပြန်လာထိုင်လေသည်။

ယွမ်လင်းသည်လည်း အဆင့်၃သားရဲတစ်ကောင်၊ ကျန်သည့်ယွမ်မိသားစုပြိုင်ပွဲဝင်တစ်ဦးက အဆင့်၂သားရဲတစ်ကောင် စသည်ဖြင့် အသီးသီးအနိုင်ယူနှိမ်နင်းခဲ့ကြ၏။

တတိယပြိုင်ပွဲစဥ်အပြီးမှာ သူတို့အမှတ်၂၅၀ရရှိသွားခဲ့ပြီး စုစုပေါင်းအမှတ်ကိုတွက်ရလျှင် ၈၆၀ထိရှိသွားကာ ဖုန့်မိသားစုထက် ၄၀မှတ်ပိုများနေသောအဆင့်ဖြစ်ပေသည်။

ဖုန့်မိသားစုက ခုထိပြိုင်ပွဲမဝင်ရသေးသော်ငြား နဂိုအမှတ်၂၀၀ကွာခြားမှုကို အမှီလိုက်နိုင်သွားသည့် ယွမ်မိသားစု၏စွမ်းဆောင်ရည်မှာကား အမှန်ပင် အသိအမှတ်ပြုချီးမွမ်းဖွယ်ပင်။

အခုပြိုင်ပွဲမှာ ဖုန့်မိသားစုသာ ပိုင်မိသားစုလို အလွဲလွဲအချော်ချော်ရှုံးနိ့မ်သွားခဲ့ပါက ပထမနေရာကို ယွမ်မိသားစုက တစ်လှည့်တက်နိုင်ပေလိမ့်မည်။ ထျန်းလုံမိသားစုပြိုင်ပွဲဝင်တစ်ချို့သည်လည်း အမှတ်ကောင်းကောင်းယူပေးနိုင်ခဲ့ပေမယ့် နောက်ဆုံးပြိုင်ပွဲဝင်တစ်ယောက်က အခြေအနေကိုမထိန်းနိုင်လိုက်ဘဲ သုညမှတ်ဖြင့်သာအဆုံးသတ်ခဲ့သည်လေ။

ထျန်းလုံမိသားစုမှာ ဤပြိုင်ပွဲစဥ်တွင် စုစုပေါင်းအမှတ်၂၀၀ရခဲ့လေသည်။ သူတို့မိသားစု၏ နောက်ဆုံးပြိုင်ပွဲဝင်သာ အဆင့်၂သားရဲကိုရွေးချယ်ခဲ့ပါက နိုင်နိုင်ချေရှိပြီး ထျန်းလုံမိသားစုအမှတ်သည်လည်း ယွမ်မိသားစုနှင့်ရင်‌ဘောင်တန်းနိုင်ပေမည်။ သို့သော် သူတို့ကမှီရုံနှင့်မကျေနပ်ဘဲ သေချာပေါက်ကျော်တက်ချင်လှသဖြင့် နောက်ဆုံးပြိုင်ပွဲဝင်မှာ မိမိလုပ်နိုင်စွမ်းထက်ကျော်လွန်သော အဆင့်၃သားရဲကိုရွေးခဲ့မိရာ ရမည့်အမှတ်အားလုံးဆုံးရှုံးသွားသည်သာ အဖတ်တင်ချေတော့၏။

သို့သော် ထျန်းလုံမိသားစုရရှိသော အဆင့်၃သားရဲများမှာ ယွမ်မိသားစု၏ပြိုင်ဘက်သားရဲများနှင့်ယှဥ်လျှင် သိသိသာသာကိုအားနည်းနေပြီး ထိုထျန်းလုံမိသားစု နောက်ဆုံးပြိုင်ပွဲဝင်သည်လည်း အားနည်းသောအဆင့်၃ကိုသာယှဥ်ပြိုင်ရခြင်းပင်။

အားနည်းသည့်ပြိုင်ဘက်မျိုးကို တမင်စီစဥ်ပေးထားတာတောင်မှ တစ်ဖက်သားရဲ၏တိုက်ခိုက်မှုကို သွက်သွက်လက်လက်မရှောင်နိုင်ခဲ့သောကြောင့် ဒဏ်ရာပြင်းထန်စွာဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်လေသည်။

အဆင့်၃သားရဲကို မည်မျှပင်အားနည်းချိနဲ့အောင်မွေးမြူထားပါစေ နောက်ဆုံးတော့လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်စွမ်းရှိသည့် အဆင့်၃ဆိုသည့်ဂုဏ်ပုဒ်က ကျန်သေးသည်သာပင်။

ထိုပြိုင်ပွဲဝင်မှာ အမှားတစ်ချက်ကြောင့် အမှတ်၁၀၀ပေးဆပ်လိုက်ရတော့၏။

"အမှိုက်ကောင်"

ထျန်းလုံချီမနေနိုင်ပဲ ဆဲဆိုလိုက်နေတော့သည်။ ဒီ‌လောက်နောက်ကလိုက်ပြီး အကုန်စီစဥ်ကူညီပေးထားတာတောင် ရှုံးဖြစ်အောင်ရှုံးလိုက်သေးသည်။

သူ့မိသားစုမှ ထိုပါရမီရှင်အစုတ်အပြတ်များသည်ကား မည်မျှပင်ပြည့်စုံကုံလုံ‌‌အောင် ကြိုတင်စီစဥ်ပေးထားသော်ငြား သူတို့လုပ်ဖို့ကျန်သည့်တာဝန်သေးသေးလေးကိုတောင် ပြီးပြတ်အောင်မလုပ်နိုင်သည့် ပျော့ညံ့ညံ့အမှိုက်ကောင်များပင်ဖြစ်ချေသည်။

အားနည်းပျော့ညံ့အောင် ကြိုတင်စီစဥ်မွေးမြူထားသော ထိုအဆင့်၃သားရဲလေးကိုတောင်မှ အနိုင်မတိုက်နိုင်ပါတဲ့။ စီစဥ်ထားသလိုသာ အနိုင်ပိုင်းနိုင်ခဲ့လျှင် ယွမ်မိသားစုကိုကျော်တက်၍ သူတို့မိသားစုက ပထမနေရာကို သေချာပေါက်ရပေလိမ့်မည်။ အခုတော့ တတိယနေရာတွင်သာ ကျန်ရှိနေတုန်းပင်။

တတိယပြိုင်ပွဲစဥ်အပြီး စုစုပေါင်းရမှတ်၈၀၀ရရှိထားလေရာ အခုထိပြိုင်ပွဲမဝင်ရသေးသော ဖုန့်မိသားစိုကိုပင် ကျော်မတက်နိုင်သေးသည့်အခြေအနေမှာသာ ရှိနေသေး၏။

"နောက်ဆုံးအနေနဲ့ ဖုန့်မိသားစုခင်ဗျာ ပြိုင်ပွဲဝင်များကို ရှေ့ပို့လာပေးပါ"

ထျန်းလုံကျန်း ကြေညာလိုက်သည်။

ထိုအချိန်တွင် လူတိုင်း၏အာရုံမှာ ဖုန့်မိသားစုထံသာဆိုက်ရောက်သွားတော့သည်။

ဖုန့်ချန်းက ဘယ်သူတွေကိုများစေလွှတ်လာမလဲဆိုတာ သူတို့သိချင်စမ်းလှ၏။ ဖုန့်ယွင်ကိုပွဲထုတ်လာမည်က ၁၀၀ရာခိုင်နှုန်းသေချာသော်ငြား ကျန်ပြိုင်ပွဲဝင်နှစ်ဦးကိုတော့မခန့်မှန်းနိုင်ကြချေ။

ပွဲစမှာကတည်းက ထင်မထားသည့်ရလဒ်ကိုချပြသွားနိုင်သည် ဖုန့်ကျန်းဟောင်ပေလား? လင်းမေယုနှင့် ပါရမီဆင့်တူညီသည့် ဖုန့်မေပေလား? သို့မဟုတ် အဆင့်၂အစီအရင်ကို နာရီဝက်အတွင်းချိုးဖျက်သွားနိုင်သည့် ဖုန့်လျန်းများလား? ဖုန့်ချန်းတစ်ယောက် မည်သူ့ကိုပြိုင်ပွဲဝင်အဖြစ်ရွေးချယ်မလဲဆိုတာကို ဖုန့်မိသားစုမျိုးဆက်သစ်လေးများလည်း ခုထိမသိရသေးပါပေ။

"ရှောင်ယုအာ၊ မေ့အာနဲ့ ကျန်းဟောင်အာ ထွက်လိုက်"

ဖုန့်ချန်းကတော့ နောက်ဆုံပြိုင်ခဲ့သည့်ပြိုင်ပွဲအပေါ်မူတည်ပြီးရွေးလိုက်တာပင်။ အစီအရင်ပြိုင်ပွဲတွင် ဖုန့်ယွင်နှင့်ဖုန့်လျန်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့လေသည်။ ဒီတစ်ကြိမ်က ကျန်သုံးယောက်၏အလှည့်ပင်။

ဒီပြိုင်ပွဲစဥ်က အင်အားအ‌ပေါ်ကိုသာမူတည်ပြီး ဘယ်သားရဲကို ဘယ်လိုနှိမ်နင်းကြမယ်ဆိုသောအချက်ကား သူတို့‌ကောင်းကောင်းစီမံခန့်ခွဲနိုင်သောနယ်ပယ်ဖြစ်မှန်း ဖုန့်ချန်းယုံကြည်သည်။

သို့ပေမယ့် အဆင့်၄သားရဲကိုစိန်ခေါ်လျှင်တော့ ဘာရလဒ်ထွက်လာမလဲ မပြောတတ်သေးပေ။

အဆင့်၄သားရဲကို အားနည်းသည့်အဆင့်မှ သာမန်အဆင့်ထိ သူတို့ယှဥ်ပြိုင်ကိုင်တွယ်နိုင်ခဲ့သော်ငြား စွမ်းအားကြီးအဆင့်များကို အနိုင်ပိုင်းနိုင်ရန်အတွက်ကား အခက်အခဲရှိလောက်သေးပေ၏။

ပြိုင်ပွဲစီစဥ်သူမှာ ထျန်းလုံမိသားစုဖြစ်ပြီး သူတို့မိသားစုနှစ်ခုကြားကရန်ငြိုးရန်စအရ ဖုန့်မိသားစုပြိုင်ပွဲဝင်များအဖို့ အဆင့်အလိုက် စွမ်းအားအကြီးဆုံးသားရဲများကိုစေလွှတ်လာလျှင်လည်း သိပ်ထူးဆန်းသည်တော့မဟုတ်။ ဒုတိယပြိုင်ပွဲစဥ်မှာတုန်းက တစ်ခါလုပ်ဖူးပြီးသားပင်မဟုတ်လော။

သို့သော်လည်း အဆင့်၄သားရဲများနှင့် မဖြစ်မနေတိုက်ခိုက်ရန်လိုသည်ဟုတော့ သူမထင်ပါချေ။ မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲအပြီးတွင် အမှတ်ကွာခြားချက်သိသိသာသာဖြင့် ပထမနေရာကိုပြန်ယူနိုင်မည်က သေချာပါလေသည်။

"မင်းတို့သုံးယောက်သွားပြီး ပျော်ပျော်ကြီးတိုက်ခဲ့ကြချေ အဆင့်၄သားရဲကိုရွေးစရာမလိုဘူး အဆင့်၃ကိုပဲရွေးကြ"

ဖုန့်ချန်းကထိုသို့မှာကြားလိုက်သည်။

လူငယ်လေးသုံးယောက်မှာ စိတ်လှုပ်ရှားစွာခေါင်းညိတ်လိုက်ကြသည်။ အထူးသဖြင့် စွမ်းရည်ထုတ်ပြဖို့ အခွင့်အရေးမရှိခဲ့သေးသော ဖုန့်ရှောင်ယုပင်။

ဖုန့်မိသားစု၏ ပြိုင်ပွဲဝင်ငါးဦးထဲတွင် သူမကိုယ်သူမ အင်အားအနည်းဆုံးဟုသတ်မှတ်ထားသည်ဖြစ်ရာ ဤသို့အရွေးချယ်ခံရဖို့ မမျှော်လင့်ရဲခဲ့ပါပေ။

သို့သော် မျှော်လင့်မထားစွာဘဲ ဖုန့်ချန်းက သူမကိုအခွင့်အရေးပေးခဲ့လေသည်။

"ဟုတ်ကဲ့ မိသားစုခေါင်း‌ဆောင်"

All Chapters