← Chapters

အခန်း (၁၄၃)

Vol. 11 Ch. 143

အခန်း (၁၄၃)

Vol. 11 Ch. 143

ဖုန့်ချန်းရွေးချယ်စေလွှတ်လိုက်သော ဖုန့်မိသားစုကိုယ်စားပြုပြိုင်ပွဲဝင်သုံးဦးဖြစ်သည့် ဖုန့်ရှောင်ယု၊ ဖုန့်မေနှင့် ဖုန့်ကျန်းဟောင်တို့မှာ အရှေ့သို့လှမ်းထွက်လာကြပြီး သူတို့မျက်နှာအမူအရာများသည်လည်း ယုံကြည်မှုအပြည့်ဖြင့် ဝင်းလက်တောက်ပလျက်သာရှိကြလေသည်။

အာကာသလေ့ကျင့်ရေးခန်းမထဲတွင် သားရဲများဖြင့် ပြင်းပြင်းထန်ထန်ယှဥ်ပြိုင်လေ့ကျင့်ခဲ့ဖူးကြသော သူတို့အတွက်မူ ကြာတော့ လူအချင်းချင်းယှဥ်ရသည်ထက် ပိုလွယ်ကူနေသယောင်ပင် ခံစားရလေတော့၏။

သူတို့မယှဥ်ပြိုင်ဖူးသော သားရဲအမျိုးအစားများဖြင့် တွေ့လာနိုင်ချေလည်း သေချာပေါက်ရှိမည်ဆိုသော်ငြား အဆင့်၃သားရဲပင်ဖြစ်နေပါစေ သူတို့အတွက်စိုးရိမ်စရာတစ်ကွက်မှမရှိပါချေ။

ပွဲကြည့်ပရိတ်သတ်များမှာ ထိုင်နေရာမှ အရှေ့သို့ပြိုင်တူကိုင်းညွှတ်လာကြပြီး ဖုန့်မိသားစုမှစေလွှတ်လိုက်သော ကိုယ်စားပြုသုံးဦးကို စပ်စုကြလေတော့၏။

ထိုအထဲတွင် ဖုန့်ယွင်ကိုမမြင်သဖြင့် သူတို့အားလုံးအံ့သြတကြီးဖြစ်သွားရသည်။။

"ဟမ် ဖုန့်ယွင်က သူတို့ထဲမှာ အသန်မာဆုံးပြိုင်ပွဲဝင်မဟုတ်ဘူးလား ဘာလို့မလွှတ်တာပါလိမ့်"

"ဒီဖုန့်မိသားစုကတော့ အတော်လေးမာန်တက်ပြနေတာပဲ"

"ဘာမာန်တက်တာလဲ သူတို့ကအစောကတည်းက ပထမနေရာကိုရပြီးသားလေ မင်းလိုအဆင့်လေးတက်ချင်လို့ အကောင်းဆုံးတွေပဲရွေးပို့ရမယ့်အနေအထားမဟုတ်တော့ဘူး နောက်ပြီး တစ်ခြားပြိုင်ပွဲဝင်တွေကိုလည်း ပေါ့သေးသေးတွက်လို့မရဘူး အနည်းဆုံးတော့ ဖုန့်မေနဲ့ဖုန့်ကျန်းဟောင်က အဆင့်၃သားရဲတွေကိုအနိုင်ပိုင်းနိုင်လိမ့်မယ်"

.........

ဖုန့်ယွင်ပါမလာသည့်အခြေအနေကို သူတို့ကြိုမတွက်ထားခဲ့ကြသဖြင့် အချင်းချင်းဆွေးနွေးငြင်းခုန်သံများ ပြည့်လျှံထွက်လာတော့သည်။

ထိုအချိန်တွင် အေးခဲမြူခိုးဂိုဏ်းမှာကား သူတို့၏လက်ရွေးစင်နှစ်ဦးဖြစ်သော ဖုန့်မေနှင့်ဖုန့်ရှောင်ယုပါလာသည့်ပြိုင်ပွဲကို အထူးအာရုံစိုက်လာကြဟန်ရှိ၏။

မိန်းကလေးနှစ်ဦး၏တိုက်ရည်ခိုက်ရည်ကို မျက်မြင်အကဲဖြတ်ရတော့မည်ဖြစ်သဖြင့် သူတို့စိတ်ကျေနပ်လို့နေကြသည်။

"ဒီတော့ ဘယ်သူအရင်သွားမလဲ" ဖုန့်ကျန်းဟောင်ကမေးလာသည်။

"အင်း....အစ်မရှောင်ယုသွားမယ်ဆိုရင်ကော"

ဖုန့်မေခေတ္တစဥ်းစားနေလိုက်ပြီး ဖုန့်ရှောင်ယုတစ်ယောက် အလွန်ပင်စိတ်လှုပ်ရှားတက်ကြွနေသည်အား သတိထားမိလိုက်လေသည်။ စိတ်အလှုပ်ရှားဆုံးသူ အရင်ဆုံးသွားသင့်သည်ဟု သူမတွေးမိလိုက်သည်။ တကယ်တော့ သူတို့အတွက် ဘယ်သူအရင်သွားသွား အရေးမကြီးပါချေ။

"အမ်?" ရုတ်တရတ်ထွက်လာသောအကြံပေးစကားတွင် ဖုန့်ရှောင်ယုကြောင်သွားဟန်ရှိလေသည်။

ထို့နောက် ခဏစဥ်းစားလိုက်ပြီး တက်ကြွစွာခေါင်းညိတ်သဘောတူလာသည်။

"ဒါဆိုအစ်မရှောင်ယုအရင်သွား ပြီးရင်ညီမသွားမယ် အစ်ကိုကျန်ဟောင်နောက်ဆုံးသွားလိုက် အဲ့လိုရလားအစ်ကို"

"ရတာပေါ့ ပြဿနာမရှိ"

သုံးဦးသား ထိုသို့ဆွေးနွေးနေကြစဥ် လူအုပ်ကြီးမှာကား လှုပ်လှုပ်ရွရွဖြင့်စောင့်မျှော်နေကြလေပြီ။

"ဆိုတော့ ဘယ်သူအရင်သွားမလဲ ပြော" ထျန်းလုံကျန်းကစိတ်မရှည်ဟန်ဖြင့် မေးလာသည်။ သူတို့မိသားစုရဲ့ရွှေဒင်္ဂါးတစ်သန်းကို လိမ်ယူသွားသော ရန်သူမိသားစုမှပြိုင်ပွဲဝင်များဖြစ်သည်ကိုး။ သူ့ဘက်က စိတ်ရှည်နေမှထူးဆန်းပေဦးမည်။

"ကျွန်မ" ဖုန့်ရှောင်ယုကလက်ထောင်လျက် ရင်တုန်စိတ်လှုပ်ရှားစွာ အရှေ့ကိုတက်လာသည်။ ရင်ဆိုင်ရတော့မည့်သားရဲကြောင့်ရင်တုန်သည်မဟုတ်ဘဲ သူမကို‌စောင့်ကြည့်နေသော မျက်လုံးရာချီကြောင့် ရင်တုန်နေရခြင်းပင်။

သို့ပေမယ့် သူမအသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်ပြီး စိတ်ငြိမ်အောင်ထိန်းလိုက်သည်။ သူမသည် ဖုန့်မိသားစုဝင်တစ်ဦးဖြစ်သည်။ သူမကြောင့် ဖုန့်မိသားစုအရှက်မရစေရ။

"ဘယ်သားရဲအဆင့်ကို ရွေးချယ်ချင်သလဲ" ထျန်းလုံကျန်းကမေးလာသည်။

"အဆင့်၃"

(ဟမ့်)

ထျန်းလုံချီမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး သူ့ငယ်သားထံအချက်ပြလိုက်သည်။ "သားရဲကို ထုတ်ခဲ့တော့ဟေ့"

ငယ်သားကလည်း နားလည်ဟန်ဖြင့်ခေါင်းညိတ်အချက်ပြသည်။ ဖုန့်မိသားစုအတွက် အထူးသီးသန့်သားရဲများကို သူတို့ပြင်ဆင်ခဲ့ပါသည်လေ။

ထို့အပြင် ဖုန့်ရှောင်ယုက အဆင့်၃ကိုမှရွေးချယ်လိုက်သည်ဖြစ်ရာ ဖုန့်မိသားစုအနေဖြင့် ဒီတစ်ကြိမ်တော့ သုညမှတ်ဖြင့်လှည့်ပြန်သွားရခြင်းမှတစ်ပါး ရွေးချယ်စရာမရှိတော့ဟု ထျန်းလုံကျန်းတွက်လိုက်သည်။

ပွဲကြည့်သူများ စိတ်လှုပ်ရှားစွာတီးတိုးဆွေးနွေးနေကြပြီး ကွင်းပြင်မှာလည်း အနည်းငယ်တုန်ခါလာ‌တော့၏။ အထူးသီးသန့်သားရဲကြီး ချဥ်းကပ်လာသောကြောင့်ပင်။ လေးလံသောခြေလှမ်းကြီးများက ပွဲကြည့်စင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး ပွဲကြည့်စင်မှလူများမှာလည်း စိတ်လှုပ်ရှားစွာ စူးစမ်းချင်စိတ်ပြင်းပြစွာဖြင့် ရှေ့သို့ကိုင်းညွှတ်လာကြတော့၏။

ပြိုင်ပွဲတစ်လျှောက်လုံး၏ စွမ်းအားအကြီးဆုံးသားရဲ ထွက်ပေါ်လာတော့မည်လား?

မကြာလိုက်သောအချိန်အတွင်း အကောင်ကြီးကြီး အဆင့်၃သားရဲကြီးတစ်ကောင် ဂိတ်တံခါးမှထွက်ပေါ်လာလေသည်။ ထင်းလင်းသောနေရောင်ခြည်အောက်တွင် တဖျတ်ဖျတ်တောက်ပနေသော အနက်ရောက်အကြေးခွံများဖြင့် ကာရံထားသော ကျစ်လျစ်တောင့်တင်းသည့် သားရဲကိုယ်ထည်တစ်ခုကို အရင်ဆုံးမြင်လိုက်ကြရသည်။ နီရဲတောက်ပြောင်နေသောမျက်လုံးအစုံနှင့် ထက်ရှသောလက်သည်းများမှ ထုတ်လွှတ်နေသောအန္တရာယ်အငွေ့အသက်မှာကား ပွဲကြည့်စင်မျှပရိသတ်များကို ကြက်သီးဖြန်းဖြန်းထစေဖို့လုံလောက်၏။ ထိုသားရဲကို သွေးစွယ်သားရဲဟုခေါ်ဆိုကြပြီး ရက်စက်ကြမ်းတမ်းသောသဘာဝနှင့် ဒေါသအမျက်ကြီးတတ်သောအကျင့်ကြောင့် နာမည်ကြီးလေသည်။

အဆင့်၃သားရဲများကြားတွင်ပင် ထိုးဖောက်ရခက်ခဲလှသော အကာအကွယ်ကြောင့် အထူးထင်ရှားပြီး ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူများအတွက်ပင် ကိုင်တွယ်ရခက်ခဲစေသည်ဟု ပြောကြလေသည်။

"သွားပြီ ဖုန့်မိသားစုကကောင်မလေးတော့ ကံဆိုးတာပဲ"

"သွေးစွယ်သားရဲဆိုတာ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတွေတောင် ရှောင်ပြေးရတဲ့အနေအထားမျိုးနော်"

"နောက်ဆုံးတော့ ဖုန့်မိသားစုပထမနေရာကို စွန့်လွှတ်ရတော့မလားပဲ"

......

စဝင်လာကတည်းက ရင်တုန်ပန်းတုန်ဖြစ်နေသော ဖုန့်ရှောင်ယုမှာ စွမ်းအားကြီးသားရဲထံမှ တစ်ချက်တည်းဖြင့်ပွဲသိမ်းခံရပေမည်ဟုတွက်ကာ တီးတိုးခန့်မှန်းသံများစီစီညံလာတော့၏။

ဖုန့်ရှောင်ယုကတော့ ရပ်နေရာကအခြေပင်ပျက်မသွားဘဲ မျက်နှာနုနုလေးပေါ်တွင်‌ ကြောက်စရာအပြုံးစစ ထွက်ပေါ်လာသည်။ အစောကရင်တုန်ပန်းတုန်အခြေအနေမှာ အစအနပင်မကျန်တော့ဘဲ ရင်းနှီးကျွမ်းဝင်ဖူးသောတစ်စုံတစ်ခုကို မှတ်မိသွားဟန်ရှိလေ၏။

သူမရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ ထိုသားရဲကောင်ကို စူးစူးစိုက်စိုက်ကြည့်နေလျက်။

"ငါ့ကို ကြောက်လို့ ငါ့ဆီကတစ်ခါထွက်ပြေးသွားတဲ့သားရဲနဲ့ အမျိုးအစားတူပဲမဟုတ်ဘူးလား"

All Chapters