← Chapters

အဲ့ဒီ့နေရာမှာပဲ လဲသေနေလိုက်တော့

Vol. 11 Ch. 144

အဲ့ဒီ့နေရာမှာပဲ လဲသေနေလိုက်တော့

Vol. 11 Ch. 144

ဖုန့်ရှောင်ယုသည် အာကာသလေ့ကျင့်ရေးခန်းမထဲတွင် အကြိမ်ရေ မရေမတွက်နိုင်အောင်လေ့ကျင့်ခဲ့ရသော ပြိုင်ပွဲများကို ပြန်လည်မြင်‌ယောင်နေရင်း သားရဲကို စူးရှစွာမမှိတ်မသုန်စိုက်ကြည့်ကာ တွက်ချက်လို့နေသည်။ ဤသားရဲနှင့် အမျိုးအစားတူသားရဲများကို သူမရင်ဆိုင်ခဲ့ဖူးပြီး ၎င်းတို့၏ဖွဲ့စည်းပုံနှင့်အားနည်းချက်များကို လေ့လာမှတ်သားခဲ့ဖူးပေသည်။

သူတို့မျိုးနွယ်တူများစွာကို သူမအနိုင်ပိုင်းခဲ့လိုက်သဖြင့် ကျန်သည့်သားရဲများသူမထံမှ ကြောက်အားလန့်အားထွက်ပြေးကြသည့်ပုံရိပ်ကိုပင် သူမမှတ်မိနေပါသေး၏။

အပြင်ပန်းအမြင်မှာ ကြက်သီးထရလောက်အောင်ကြောက်စရာကောင်းပြီး အရေပြားအကာအကွယ်ခိုင်မာသည်ဆိုသော်ငြား သွေးစွယ်သားရဲ၏ ရင်အုပ်အလယ်ဗဟိုတွင် အကြေးခွံပါးပြီး သိပ်သည်းဆနည်းသည့် အားနည်းချက်တစ်နေရာတည်ရှိလေသည်။ ထိုနေရာတွင် သားရဲ၏ခုန်လှုပ်နေသောနှလုံးသားမှာ အရေပြားနှင့်နီးကပ်နေပြီး သားရဲကိုယ်တိုင်ပင် အပြည့်အဝမကာကွယ်နိုင်သော တစ်ခုတည်းသောအားနည်းချက်ပင်။

အခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူများပင် ထိုအားနည်းချက်နေရာကိုတိုက်ခိုက်နိုင်ပါက သားရဲအားအနိုင်ပိုင်းနိုင်ချေရှိလေသည်။

သို့ပေမယ့် ထိုသို့ကွက်တိကျအောင်တိုက်ခိုက်ဖို့ဆိုသည်မှာလည်း ထင်သလောက်လွယ်ကူနေတာတော့မဟုတ်။ သေချာပေါက် သားရဲက တစ်ဖန်ရန်သူ အဲ့နေရာကိုမထိနိုင်အောင် အကောင်းဆုံးကာကွယ်မှာပင်။

သို့သော် ဖုန့်ရှောင်ယုသိပ်မစိုးရိမ်မိပါချေ။ သူမ အခြေတည်ထောင်ခြင်းအဆင့်မှာကတည်းက ထိုသားရဲနှင့်ရင်ဆိုင်တိုင်း အားနည်းချက်တစ်ခုကိုပဲပစ်မှတ်ထားအငိုက်ဖမ်းဖို့ မလိုအပ်ခဲ့ပေ။

သွေးစွယ်သားရဲနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာမှာ ထိုရင်အုံအားနည်းချက်နေရာကို ပစ်မှတ်မထားလျှင်တောင် အခြားသောနည်းများစွာဖြင့် အကြိမ်မရေမတွက်နိုင်အောင် အနိုင်ပိုင်းအောင်ပွဲခံနိုင်ခဲ့သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ကတည်းက သွေးစွယ်သားရဲမှာ သူမအတွက်ခက်ခဲလှသောပြိုင်ဘက်မဟုတ်တော့ပါ။

"လာစမ်းပါ ငပေါကောင်ကြီးရာ" တစ်ဖက်ရန်သူကိုနောင်ပြောင်နေဟန်ဖြင့် သူမက ခပ်မြူးမြူးဆိုလာသည်။ "ဘာတွေများလုပ်နိုင်မလဲ လုပ်ပြစမ်းပါဦး"

စကားလုံးများဖြင့်ရန်စခံလိုက်ရသောသားရဲမှာ ဟိန်းဟောက်သံတစ်ချက်ပြုလိုက်ပြီး အရှေ့သို့ခုန်ဝင်လာတော့သည်။ ကြီးမားသောမေးရိုးကြီးများကိုဖွင့်ဟလျက် သူမကို လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်သည်။ သတ္တဝါကြီး၏ ပြင်းထန်သောရိုက်ချက်တိုင်းတွင် သူမရပ်နေသောမဟာပထဝီမြေကြီးပင် တုန်လှုပ်ယိမ်းခါနေရလျက်။ ဖုန့်ရှောင်ယုလည်းစတင်လှုပ်ရှားလာသည်။ တည်ငြိမ်သပ်ရပ်ပေသည့် လျင်မြန်သွက်သက်သော လှုပ်ရှားမှုများပင်။ သားရဲ၏ခုန်ဝင်လာမှုကို ‌ဘေးသို့အသာတိမ်းရှောင်လိုက်ပြီး ထက်ရှသောဧရာမလက်သည်းကြီးများမှာ သူမထံမှသီသီလေးကပ်လွဲသွားတော့၏။ ထို့နောက် ပေအနည်းငယ်အကွာတွင် ပေါ့ပါးစွာရွှေ့ရပ်လိုက်တော့သည်။

ပစ်မှတ်လွဲချော်သွားမှုကြောင့် သွေးစွယ်သားရဲ တစ်ချက်အရှိန်တန့်သွားပြီး ဒေါသတကြီးအကြည့်များဖြင့် ဝှစ်ခနဲပြန်လှည့်လာတော့သည်။ ယခုတစ်ကြိမ်တွင် ပိုပြီးရူးသွပ်ရိုင်းစိုင်းစွာ ပြေးဝင်လာသော်လည်း ဖုန့်ရှောင်ယုဘက်က ရင်ဆိုင်ရန်အသင့်ဖြစ်လို့နေလေပြီ။ သူမက သားရဲ၏ရိုက်ချက်များနှင့် လှမ်းလှမ်းဟပ်သောပါးစပ်ကြီးကို ပေါ့ပါးသွက်လက်စွာ ဆက်လက်ရှောင်တိမ်းရင်း ၎င်း၏အပြုအမူများကို လေ့လာနေသည်။

"ကောင်မလေး ထွက်ပဲပြေးမနေနဲ့ ပြန်ချတော့ဟ" လူအုပ်ထဲမှတစ်ယောက်က အော်ဟစ်လှောင်ပြောင်လာသော်ငြား ဖုန့်ရှောင်ယုကတော့တစ်စက်မှအဖက်မလုပ်။ သားရဲ၏အင်အားအစစ်အမှန်က ဒေါသကြီးမှထွက်ပေါ်လာမည်မှန်း သူမသိသည်။ အားနည်းချက်ကိုရိုက်ချချင်လျှင် အချိန်ကောင်းကိုစောင့်ရပေမည်။ အားနည်းချက်ကိုဖုံးဖို့ သတိလက်လွတ်ဖြစ်သွားမယ့်အချိန်မျိုးပေါ့။

ဂါးးးး

သွေးစွယ်သားရဲမှာ ဒေါသအထွဋ်အထိပ်ရောက်နေဟန်ဖြင့် ဟိန်းဟောက်လာတော့သည်။ ထို့နောက် ၎င်းသည် နောက်ခြေထောက်များအပေါ်အားပြုရင်း ရန်သူကို ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ဖိချတိုက်ခိုက်ရန် အသင့်ပြင်လိုက်တော့သည်။ ၎င်းဘက်မှ ထိုတိုက်ကွက်ကိုရွေးလိုက်သည်နှင့် ဖုန့်ရှောင်ယုသူမ၏အခွင့်အရေးကို မြင်လိုက်သည်။ အရေပြားပါးပါးအောက်မှာ လှုပ်ခုန်နေသည့် သားရဲ၏နှလုံးအိမ်နေရာကို သားရဲကိုယ်တိုင်လှစ်ဟပြမိသွားသည့် ထိုစက္ကန့်ပိုင်းအချိန်လေးကို သူမအရယူလိုက်တော့၏။

ချီစွမ်းအင်များကိုစုစည်းလျက် ဖုန့်ရှောင်ယုသည် ရင်သပ်ရှုမောလောက်ဖွယ်အမြန်နှုန်းဖြင့် ရှေ့သိုးထိုးတက်သွားတော့သည်။ စွမ်းအင်များကို အာရုံစူးစိုက်၍ လက်ဝါးထံပို့လွှတ်ထားလိုက်သဖြင့် တောက်ပလင်းလက်လာလျက်။ "မြေကမ္ဘာပြိုကွဲလက်ဝါးသိုင်း" သူမအော်ဟစ်ကြုံးဝါးလိုက်သည်။ ထို့နောက် သူမ၏စွမ်းအင်အပြည့်ဖြင့်လက်ဝါးကို သားရဲ၏အားနည်းသောနှလုံးအိမ်နေရာသို့ တိုက်ရိုက်ပို့လွှတ်လိုက်တော့၏။ တိုက်ကွက်က တိကျသပ်ရပ်၍ စွမ်းအင်လှိုင်းများကို သားရဲ၏နှလုံးအိမ်ရှိရာသို့ စီးဆင်းသွားစေတော့သည်။ ပြင်းထန်သောထိပ်တိုက်တွေ့ခြင်း၏ အသံကား ကွင်းပြင်တစ်ခုလုံးကိုပဲ့တင်ထပ်သွားစေပြီး လူအုပ်ကြီးတစ်ခုလုံး မီးကိုရေဖြန်းသကဲ့သို့ တိတ်ကျသွားရတော့၏။

ဂါးးးး

စွမ်းအင်လှိုင်းလုံးကြီးက သားရဲ၏သဘာဝအကာအကွယ်ဖြစ်သော အကြေးခွံအရေပြားကိုထွင်းဖောက်၍ ရင်အုံအားဖြတ်ဝင်ပေါက်ကွဲသွားသောအခါ သားရဲကြီး၏ဝေဒနာကြီးစွာဖြင့် အော်ဟစ်သံမှာ ကြားရသူအပေါင်းတို့နားမခံသာသည်အထိ ကျယ်လောင်လှလေသည်။ ၎င်း၏မျက်လုံးများမှာ ထိတ်လန့်မှုဖြင့်ပြူးကျယ်သွားပြီး ခဏအကြာတွင် ခန္ဓာကိုယ်ကြီးတစ်ခုလုံး မြေပေါ်ဘုန်းဘုန်းလဲကျသွားကာ မလှုပ်မယှက်လှဲလျောင်းနေ‌တော့၏။

အံ့သြတကြီးဖြင့် အာမေဋိတ်သံများမှာ နေရာအနှံ့မှထွက်ပေါ်လာတော့သည်။ ထျန်းလုံချီသည် ဖုန့်မိသားစုပြိုင်ပွဲဝင်များအတွက် သူအထူးတလည်ရွေးချယ်ထားပါသောသားရဲ လဲပြိုသွားသည်အားမြင်လိုက်ရပြီး မျက်နှာထက်မှမဲ့ပြုံးသည်လည်းလွင့်စင်သွားရသည်။ သားရဲကောင်ကြီးသည် သပ်ရပ်တိကျသော တိုက်ကွက်တစ်ကွက်ဖြင့် သူ့မျက်စိရှေ့တွင်ပင် ရှုံးနိမ့်သွားလေခြင်းဖြစ်၏။

ဖုန့်ရှောင်ယု တစ်လျှောက်လုံးပတ်ပြေးနေသည်ကို သွေးစွယ်သားရဲအားရင်မဆိုင်ရဲ၍ ကြောက်ကြောက်ဖြင့်ပတ်ပြေးနေသည်ဟု သူတွက်ထားသည်ပင်။

ဖုန့်ချန်းရှေ့တွင် သွားရောက်လှောင်ပြောင်ရန်ပင် သူတွေးမိသေးသော်လည်း ကံကောင်းစွာဖြင့် သူ့ကိုယ်သူထိန်းထားနိုင်လိုက်ပေသည်။ မဟုတ်လျှင် နောက်တစ်ဖန်ထပ်ပြီးအရှက်ကွဲရဦးမှာပင်။

ဖုန့်ရှောင်ယုသည် တည်ငြိမ်စွာဖြင့်ရပ်နေရင်း သွေးစွယ်သားရဲအသက်မဲ့သွားတာသေချာအောင် စောင့်ကြည့်နေသည်။ တစ်ဖက်ရန်သူ အသက်ဝိဉာဥ်ကင်းမဲ့သွားပြီဆိုတာသေချာမှ လှည့်ထွက်ခဲ့တော့၏။

“အဲ့ဒီ့နေရာမှာပဲ လဲသေနေလိုက်တော့”

ဖုန့်ရှောင်ယုက သူမ၏ ဆံနွယ်များကို လေအဝှေ့တွင် ဟန်ပါပါနှင့် ခါချရင်း ဆိုလိုက်သည်။

လူအုပ်ကြီးသည်လည်း အံ့သြဘနန်းဖြင့် လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်အားပေးလာကြတော့သည်။ ပွဲမှန်သမျှ ဒိုင်ခံဝေဖန်ကဲ့ရဲ့ကြသည့် ပွဲကြည့်သူတစ်ချို့ပင် ဖုန့်ရှောင်ယု၏စွမ်းဆောင်ရည်အား အထင်တကြီးဖြစ်ကုန်ကြ၏။

ဖုန့်ရှောင်ယုက ယွမ်ကျိရန်လိုမျိုး တစ်ဖက်ရန်သူကို တစ်ခါတည်းလွှမ်းမိုးဖိချလိုက်ခြင်းမဟုတ်ပေ။ သို့သော်ငြား ခြေလှမ်းတိုင်းမှာ အမှားကင်းစင်၍ ချီစွမ်းအင်အနည်းဆုံးသာကုန်စေမည့် နည်းလမ်းဖြင့် ချောချောမွေ့မွေ့အပြီးသတ်လိုက်ခြင်းပင်။

ဒီလိုတိုက်ခိုက်မှုကို နာမည်ပေးရလျှင် တစ်ခုသာရှိတော့သည်။ ပြီးပြည့်စုံခြင်းဟုသော အမည်နာမပင်ဖြစ်၏။

All Chapters