အရှေ့ပိုင်းစီရင်စုစုဝေးပွဲ၏ တတိယပြိုင်ပွဲစဥ်အဆုံးသတ်
Vol. 11 Ch. 145
ရေခဲနတ်သမီးနှင့် အေးခဲမြူခိုးဂိုဏ်းသားတို့သည်လည်း သွေးစွယ်သားရဲအား ဖုန့်ရှောင်ယုကိုင်တွယ်လိုက်ပုံကိုကြည့်ပြီး လွန်စွာမှအထင်ကြီးလေးစားကုန်ကြတော့သည်။
"ဂိုဏ်းချုပ် ကျွန်မတို့ဖုန့်ရှောင်ယုကို မရရတဲ့နည်းနဲ့ခေါ်သွင်းရပါမယ်"
ဂိုဏ်းအကြီးအကဲတစ်ဦးမှ မစောင့်နိုင်တော့စွာထုတ်ပြောလာသည်။ အစောပိုင်းကတော့ သူတို့လည်း ဖုန့်ရှောင်ယုကို ဖုန့်မေအားဆွဲဆောင်နိုင်ရန် လှေကားတစ်ဆင့်အဖြစ်သာ သတ်မှတ်ထားခဲ့ကြတာဖြစ်၏။
ယခုတော့ အားလုံးအတွေးပြောင်းသွားရလေပြီ။ ဖုန့်ရှောင်ယုသည်လည်း သူတို့အရယူရမည့် ရှားပါးပါရမီရှင်တစ်ဦးပါပေ။
ပါရမီအဆင့်မှာ ဖုန့်မေလောက်မမြင့်သော်ငြား လှုပ်ရှားမှုလေးနည်းနည်းပါးပါးသာသုံး၍ ချီစွမ်းအင်ကိုလည်း ဖြုန်းတီးရာမကျစေဘဲ တစ်ဖက်ရန်သူကို သပ်ရပ်တိကျစွာဖြင့် အချိန်ကိုက်ပွဲသိမ်းလိုက်နိုင်လေသည်။ ရှားပါးအဖိုးတန် တိုက်ရည်ခိုက်ရည်မျိုးပါပေ။
ရေခဲနတ်သမီးလည်း အတွေးတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုသို့တိုက်ခိုက်နည်းမှာ လွန်စွာမှတွေ့ရရှားလှပြီး တစ်ဖက်ရန်သူ၏အကြောင်းကို မိမိကိုယ်တိုင်၏အကြောင်းကဲ့သို့ ကျမ်းကျေနေဖို့လိုပေသည်။ သူမအမြုတေဖွဲ့စည်းခြင်းအဆင့်တုန်းက ဒီလိုသားရဲနှင့်တွေ့ရပါလျှင် ဖုန့်ရှောင်ယုကဲ့သို့ တိုက်ခိုက်နိုင်ပါမည်လား မသေချာပါ။
သွေးစွယ်သားရဲကို အနိုင်ပိုင်းနိုင်ခြင်းကပင် သူတို့၏စိတ်ဝင်စားမှုကို ချုပ်ကိုင်ဖို့လုပ်လောက်နေပြီဖြစ်သော်ငြား ဒီလိုထက်မြက်သောနည်းလမ်းကိုထုတ်ပြလိုက်မှတော့ အပြစ်ဆိုစရာမရှိတော့ချေ။
အေးခဲမြူခိုးဂိုဏ်းမှာ သူတို့ဖိတ်ကြားထားပြီးသားကျင့်ကြံသူတစ်ဦးက ဤမျှအလားအလာကောင်းလှသည်ကိုမြင်သော် လွန်စွာမှဝမ်းသာပီတိဖြစ်လျက်ရှိကြပြီး ဖုန့်ရှောင်ယုကိုရဖို့အတွက်လည်း အားအင်ပိုစိုက်ထုတ်ရတော့မည်ဟု တွေးမိကြတော့သည်။
"အစ်မရှောင်ယုကတော်လိုက်တာ လုံးဝအံ့သြစရာပဲ"
ဖုန့်မေက ချီးကျူးလာသည်။
"ဟီး ကျေးဇူးပါမေ့အာရေ ညီမလေးလည်းကံကောင်းပါစေ"
ဖုန့်ရှောင်ယုက ပြန်တုံ့ပြန်လိုက်သည်။
ဖုန့်မေလည်းခေါင်းညိတ်၍ အရှေ့သို့ထွက်လိုက်သည်။ သို့သော်ထျန်းလုံကျန်းမှာ ဘာစကားသံမှထွက်မလာခဲ့ပေ။ သူ့မျက်နှာကြည့်ရသလောက်တော့ အခုထိအံ့သြမင်သက်နေဟန်ပင်။
နောက်ဆုံးမှာတော့ ထျန်းလုံကျန်းလည်း အသိစိတ်ပြန်ထိန်းနိုင်လိုက်ပြီး ဖုန့်မေထံသို့ပြန်လည်အာရုံစိုက်လာသည်။ ဖုန့်မိသားစုဝင်များ ဤမျှတိုက်ရည်ခိုက်ရည်ကောင်းလိမ့်မယ်ဟု သူလုံးဝထင်မထားခဲ့ပါပေ။ နောက်ပြီး ပြိုင်ဘက်ကလည်း ပြိုင်ပွဲဝင်တစ်ယောက်မှ အနိုင်မတိုက်နိုင်လောက်ဟု သူယူဆထားသည့် သွေးစွယ်သားရဲပင်။
ထို့အပြင် ဖုန့်ရှောင်ယုဆိုသည်မှာကား ဘာမှအရေးမပါလောက်ဟုအထင်ဖြင့် သူတို့လျှော့တွက်ထားသည့်တစ်ယောက်ဖြစ်နေသည်။
သို့သော် သူတို့၏အထင်လွဲမှားနေပြီး ဖုန့်ရှောင်ယုဆိုသည်မှာလည်း ဖုန့်မိသားစု၏ သားရဲနောက်တစ်ကောင်ဖြစ်ကြောင်း အားလုံးရှေ့မှောက်တွင် သက်သေပြလိုက်လေပြီ။
ထျန်းလုံကျန်းအော်မေးလိုက်သည်။ "ဘယ်သားရဲအဆင့်ကို ရွေးချယ်ချင်ပါသလဲ"
"အဆင့်၃ပါ" ဖုန့်မေက တည်ငြိမ်စွာဖြင့်ပြန်ဖြေလိုက်သည်။
ဖုန့်မေကတော့ သာမန်မဟုတ်သည့်အမြန်နှုန်းကြောင့် ကျော်ကြားသည့် မိုးကြိုးစွယ်ဝံပုလွေနှင့်ရင်ဆိုင်ရလေသည်။ ၎င်း၏အမြန်နှုန်းမှာ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများနှင့်ပင် ယှဥ်လို့ရသည်ဟုပြောကြပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးအတွက်မူ လိုက်မီဖို့ရာမဖြစ်နိုင်ဟု ဆို၏။
သို့သော် ဖုန့်မေမှာ တစ္ဆေအရိပ်လှည့်စားခြင်းကျင့်စဥ်ကိုသုံး၍ ထိုသားရဲထက်ပင်ပိုမိုလျင်မြန်စွာ တိုက်ခိုက်မှုများကိုလည်းပေါ့ပေါ့ပါးပါးပင်ရှောင်တိမ်းနိုင်သည်။ တိကျသောလှုပ်ရှားမှုများဖြင့် သားရဲကို ချက်ချင်းဆိုသလိုအနိုင်ပိုင်းပြလိုက်ပြီး သူမ၏သူမတူသောသွက်လက်မှုနှင့် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှုကို ချပြလိုက်နိုင်၏။
မိုးကြိုးစွယ်ဝံပုလွေမှာ အမြန်နှုန်းကြောင့်သာကျော်ကြားခြင်းဖြစ်ပြီး တစ်ချက်လောက်မိမိရရထိုးလိုက်မိသည်နှင့် အောင်နိုင်ဖို့မခက်ခဲတော့ပေ။ အမြန်နှုန်းကတော့ အမှန်တကယ်ကိုပြိုင်ဘက်ကင်းဖြစ်ပေသည့် အကာအကွယ်ပိုင်းမှာတော့ သွေးစွယ်သားရဲလို ထွင်းဖောက်ရခက်မနေပါချေ။
ဖုန့်မေ၏ ကျွမ်းကျင်ပြီးစွမ်းအားပြင်းသောတိုက်ကွက်ကြောင့် ဖုန့်မိသားစုထံသို့ ချီးကျူးစကားများ တဖွဲဖွဲကျရောက်လာပြန်တော့သည်။
ရေခဲနတ်သမီးသည်လည်း ဖုန့်မေသုံးသွားသောတိုက်ကွက်အကြောင်းကို စဥ်းစားခန်းဝင်မိနေသည်။
(သူ့တိုက်ကွက်က ငါ့ထက်တောင်ပိုစွမ်းအားပြင်းသလိုပဲ)
ရေခဲနတ်သမီးကတွေးနေမိသည်။ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် ဖုန့်မေအသုံးပြုလိုက်သောတိုက်ကွက် မည်မျှစွမ်းအားကြီးကြောင်း ခန့်မှန်းနိုင်ပေသည်။
(ဒါပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါ့တိုက်ကွက်က မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်ပဲကို ဒီတိုက်ကွက်ထက်ပိုစွမ်းအားကြီးတာမရှိနိုင်....)
(မဟုတ်မှလွဲရော.....)
ခဏတာမျှစဥ်းစားကြည့်ပြီးသော် သူမကိုယ်တိုင်ပင်မယုံနိုင်သည့် ကြောက်စရာအချက်တစ်ချက်အား ကောက်ချက်ချမိလေသည်။
"မဖြစ်နိုင်လိုက်တာ"
သူမခပ်တိုးတိုးရေရွတ်လိုက်မိသည်။ ကောင်းကင်အဆင့်ကျင့်စဥ်ဟု သူမမတွေးရဲပါပေ။ ထိုကျင့်စဥ်မျိုးမှာ ရှားပါးအဖိုးတန်လှသဖြင့် တစ်ခုမျှပေါ်ပေါက်လာလျှင်ကို ဂိုဏ်းများကစစ်ခင်းကာလုယူလာနိုင်သည်လေ။
ကွင်းပြင်ထဲတွင် ဖုန့်ကျန်းဟောင်မတ်တပ်ရပ်လျက်ရှိပြီး ရှေ့နှစ်ယောက်ကဲ့သို့ပင် အဆင့်၃သားရဲကိုရွေးချယ်လိုက်၏။
ဖုန့်ကျန်းဟောင်ကတော့ ကိုယ်ပျောက်စွမ်းရည်နှင့် ရက်စက်ကြမ်းတမ်းရာတွင် အထူးနာမည်ကြီးသော အရိပ်လက်သည်းကျားသားရဲဖြင့် ရင်ဆိုင်ရလေသည်။ သို့သော်လည်း ဖုန့်ကျန်းဟောင်က သားရဲ၏တိုက်ကွက်များကို သွက်လက်စွာပင်ရှောင်တိမ်းနိုင်ပြီး ပွဲကြည့်သူများအား ပါးစပ်အဟောင်းသားဖြစ်သွားစေသည့် ထိုးနှက်ချက်တစ်ခုကို ပစ်သွင်းလိုက်တော့၏။ အရိပ်လက်သည်းကျား၏ကိုယ်ထည်မှာ သူ့ခြေဖျားထံဝပ်ဆင်းပုံလဲသွားရပြီးနောက် အားပေးလက်ခုပ်သံများ ညံထွက်လာပြီး ရှုမြင်ရသူအပေါင်းမှာ လွန်စွာမှစိတ်လှုပ်ရှားကုန်ကြတော့သည်။
ဖုန့်ကျန်းဟောင် အနောက်သို့လှည့်ထွက်လိုက်ပြီး အုန်းခနဲထွက်လာသောအားပေးလက်ခုပ်သံများကို ဂုဏ်ယူနေသောအပြုံးဖြင့် ခံယူလိုက်သည်။ ဖုန့်မိသားစု၏ လက်ရွေးစင်ပြိုင်ပွဲဝင်များအပေါ် အားလုံး၏သံသယစိတ်များအငွေ့ပျံပျောက်ကွယ်သွားရပြီး ဖုန့်မိသားစုမျိုးဆက်သစ်များ၏ ကျွမ်းကျင်မှုနှင့်အားအင်ကိုသာ ချီးကျူးမဆုံးဖြစ်နေကြတော့၏။
"သုံးယောက်ရွေးတာ သုံးယောက်လုံးတကယ့်ဟာတွေချည်း"
"ဖုန့်မိသားစုပြိုင်ပွဲဝင်သုံးယောက်လုံးက အဆင့်၃သားရဲတွေကိုချည်း အနိုင်ပိုင်းပစ်လိုက်တာပဲ"
"ကောင်းရော နောက်ထပ်အမှတ်၃၀၀တောင်ထပ်ရသွားတာ ကွာတာကတော့ကွာတာပါပဲ"
"သူတို့ပထမနေရာကိုမရလောက်တော့ဘူးထင်နေတာ ငါတော်တော်အမြင်ကျဥ်းသွားတာပဲ ဖုန့်မိသားစုက ပထမနေရာမှာနေရမယ့်ကံကိုပါလာတာ"
“မကောင်းဆိုးဝါး... တကယ့်ကို မကောင်းဆိုးဝါးမိသားစုပဲ”
အခြားမိသားစုများပင် ဖုန့်မိသားစုဝင်များချပြသွားသည့် တိုက်ရည်ခိုက်ရည်များကို အသိအမှတ်မပြုဘဲမနေနိုင်တော့ပေ။ ဖုန့်မိသားစုပြိုင်ပွဲဝင်များမှာ ပါရမီဆင့်မြင့်ရုံသာမက အင်အားပိုင်းမှာလည်း သူများထက်တစ်ပန်းသာကြောင်းကို သက်သေပြသွားလေပြီ။
ထျန်းလုံချီတစ်ယောက်ကတော့ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်၍ ဒေါသကိုလူမမြင်အောင်ထိန်းနေရလေသည်။ အစောကဘဝင်မြင့်နေသောမျက်နှာအမူအရာလည်းမရှိတော့သလို ယုံကြည်မှုများလည်း ပျောက်ဆုံးကုန်လေပြီ။ ဒီပြိုင်ပွဲစဥ်မှာလည်း သူတို့ပဲရှုံးနိမ့်ရပေဦးမည်။
ယခုပြိုင်ပွဲစဥ်မှအမှတ်များအား ထပ်ပေါင်းထည့်လိုက်လျှင် ဖုန့်မိသားစု၏စုစုပေါင်းအမှတ်မှာ ၁၁၂၀အထိရှိသွားပြီဖြစ်ပြီး ယွမ်မိသားစု၏အမှတ်ပေါင်း၈၆၀နှင့် ထျန်းလုံမိသားစု၏၈၀၀မှတ်အား အကွာကြီးချန်ထားခဲ့လိုက်နိုင်လေသည်။ ကွာခြားချက်မှာ သူထင်ထားတာထက်ပင်ပိုကြီးမားနေရာ အရှေ့ပိုင်းစီရင်စုစုဝေးပွဲတွင် ဖုန့်မိသားစုပထမရနိုင်ချေမှာ တဖြည်ဖြည်းပို၍သာမြင့်တက်လာချေပြီ။