ဖုန့်ချန်းအလှည့်ရောက်ပြီ
Vol. 11 Ch. 146
[တာဝန်အခွဲနံပါတ်၃ အောင်မြင် - အရှေ့ပိုင်းစီရင်စုစုဝေးပွဲ တတိယပြိုင်ပွဲစဥ်တွင် ပထမနေရာကိုအရယူရန်]
[ဆုလာဘ် - စနစ်ရမှတ် ခုနှစ်သောင်း]
[အဓိကတာဝန် - ၄ခုမှာ ၃ခုပြီးမြောက်]
"ကောင်းတယ်"
ဖုန့်ချန်းရေရွတ်လိုက်သည်။ ထိုင်ရာမှထစရာပင်မလိုလိုက်ဘဲ စနစ်ရမှတ်တစ်သိန်းခွဲလောက် ရပြီးနေလေပြီ။
အခု ကျန်သည့်လုပ်စရာဟူ၍ စတုတ္ထပြိုင်ပွဲစဥ်တွင် ပထမနေရာရအောင်ယူပြီး အဓိကတာဝန်ကို အပြီးသတ်လိုက်ရုံပင်။
(ပထမဆုက ဘာများဖြစ်မလဲမသိဘူး)
ဖုန့်ချန်း ဆုလာဘ်အကြောင်းကို ပြုံးရွှင်စွာတွေးနေမိတော့၏။ ဆုလာဘ်ကတော့ စနစ်ရမှတ်သက်သက်ပဲမဖြစ်နိုင်။ အကယ်၍ စနစ်ရမှတ်ပဲပေးမည်ဆိုလျှင်တောင် သူအထွန့်တက်စရာမရှိပါချေ။
ကွင်းပြင်ထဲတွင် ထျန်းလုံကျန်းမှာ အံတင်းတင်းကြိတ်ကာ ဒေါသစိတ်များကိုအနိုင်နိုင်မျိုသိပ်ပြီး ရလဒ်ကြေညာရလေတော့သည်။
"ဒီပြိုင်ပွဲစဥ်အတွက် ရလဒ်ကတော့ရှင်းပါတယ်" ခပ်တောင့်တောင့်လုပ်ပြုံးဖြင့် သူကကြေညာသည်။
"ဖုန့်မိသားစုက အမှတ်၃၀၀ရရှိခဲ့ပြီး ပြိုင်ပွဲစဥ်တစ်လျှောက်လုံး စုစုပေါင်းရမှတ်၁၁၂၀နဲ့ သိသိသာသာကိုဦးဆောင်လို့နေပါတယ် ဒုတိယနေရာမှာတော့ ၈၆၀မှတ်နဲ့ ယွမ်မိသားစုရပ်တည်နေပြီး ထျန်းလုံမိသားစုကတော့...အင်း ၈၀၀မှတ်ဖြစ်ပါတယ်"
ကျန်သည့်မိသားစုရလဒ်များကို ထျန်းလုံကျန်းဆက်လက်ကြေညာပြီးသော် ပိုင်မိသားစုမှာ အောက်ဆုံးအဆင့်နားထိပင်ထိုးကျသွားကြောင်း သိလိုက်ရလေ၏။
အစောကပြိုင်ပွဲတွင် အခြေအနေက တကယ်ကိုထိန်းမနိုင်သိမ်းမရပျက်စီးသွားခဲ့ပြီး အဆင့်ကထပ်တိုး၍သာကျသွားလေသည်။
မြူခိုးချိုင့်ဝှမ်းမြို့တော်၏ တစ်နှစ်ကကိုယ်စားပြု ယန်မိသားစုထက်တောင် ပိုနိမ့်နေသည့်အဆင့်ပင်။
နောက်ဆုံးကျန်သည့်ပြိုင်ပွဲမှာသာ တစ်ခုခုမပြောင်းလဲနိုင်ဘူးဆိုလျှင် ဤသို့အရှက်တကွဲအကျိုးနည်းစွာပင် ဇာတ်သိမ်းသွားရပေတော့မည်။
ထို့အပြင် သူတို့သစ္စာခံခဲ့သော တတိယမင်းသားအတွက်လည်း မျက်နှာပျက်စရာဖြစ်ပေရော့မည်။ တတိယမင်းသားဘက်က ဒီအခြေအနေကိုကြားသိပြီး အဆက်အဆံဖြတ်တောက်ချင်ပါသည်ဆိုလာလျှင်လည်း သူတို့ဘာမှမတတ်နိုင်ပါချေ။
"ချီးပဲ ငါတစ်ခုခုတော့လုပ်ဖို့လိုနေပြီ"
ဒီအရှုပ်ကိုရှင်းရမည့်နည်းလမ်းအားစဥ်းစားရင်း ပိုင်ကျန်း ကြံရာမရစွာကျိန်ဆဲလိုက်မိသည်။ ဖုန့်မိသားစုကိုနှောင့်ယှက်ရန်တာဝန် ကျရှုံးခဲ့ရုံသာမက သူတို့မိသားစုက ပြိုင်ပွဲမှာပါ အခြေအနေဆိုးနေလေပြီ။
ဒီအခြေအနေကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုခုတော့ ရအောင်ရှာရမည်။
"အရှေ့ပိုင်းစီရင်စုစုဝေးပွဲရဲ့ နောက်ဆုံးပြိုင်ပွဲစဥ်ကို မနက်ဖြန်မနက်၉နာရီမှာ စတင်ပါမယ် အားလုံးပဲအသင့်ပြင်ထားကြပါ ဒီနောက်ဆုံးပြိုင်ပွဲစဥ်က ကျွန်တော်တို့ဂုဏ်သရေရှိပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအောင်နိုင်သူကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်"
ထို့နောက် မိသားစုများလည်း အသီးသီးလူစုခွဲလှည့်ပြန်ကြတော့သည်။
မိသားစုများမှာ အဆောက်အဦးတွင်းမှထွက်ခွာလာကြရင်း အချို့က လေးလံသောနှလုံးသားဖြင့် စိတ်ညစ်ညူးနေဟန်ရှိသလို အချို့ကတော့ မနက်ဖြန်ပြိုင်ပွဲစဥ်မှာ လက်စွမ်းပြဖို့အရေးအတွက် လွန်စွာမှတက်ကြွနေကြဟန်ရှိလေသည်။
အများစုကတော့ ပြိုင်ပွဲပြီးဆုံးလို့အိမ်ပြန်ချိန်ကျရောက်သည်ကို အခွင့်ကောင်းယူ၍ ဖုန့်ချန်းနှင့်ရေခဲနတ်သမီးအား လိုက်လံနှုတ်ဆက်ဖို့ကြိုးစားနေကြလေသည်။
သာယာချိုမြိန်သော နှုတ်ခွန်းဆက်စကားလုံးများက နှုတ်ဖျားများမှဖောဖောသီသီထွက်လာကြပြီး မိသားစုတိုင်းက သူတို့နှင့်ဆက်ဆံရေးခိုင်ခိုင်မာမာတည်ဆောက်နိုင်ရန် အစွမ်းကုန်ကြိုးစားမျက်နှာလုပ်နေကြတော့၏။ ဒီလိုနောက်ခံကောင်းကောင်းမိသားစု ဒါမှမဟုတ် ဂိုဏ်းအဖွဲ့အစည်းကြီးနဲ့ ဆက်ဆံရေးတစ်ခုရှိထားဖို့က ဘယ်လောက်ထိအရေးပါကြောင်း အားလုံးကောင်းကောင်းနားလည်ကြလေသည်။
လာရောက်နှုတ်ဆက်သူမှန်သမျှကို ဖုန့်ချန်းယဥ်ယဥ်ကျေးကျေးတုံ့ပြန်ဖြစ်ပါသည်။ သို့သော် မဟာမိတ်ဖွဲ့ဖို့ မိသားစုအချင်းချင်းလက်တွဲပေါင်းစည်းကြဖို့ ကမ်းလှမ်းချက်များကိုကား ကတိကဝတ်မမည်သော မရေမရာဝိုးတဝါးစကားများဖြင့်သာ ရှောင်ထွက်ရလေတော့၏။
မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် ကတိကဝတ်တွေကို မစဥ်းစားမဆင်ခြင်ဘဲ လွယ်လွယ်ပေးလိုက်မိလျှင် အကျိုးအမြတ်ထုတ်ခံရသည်နှင့်သာ ကြုံရပေမည်။
ယခုအချိန်တွင် မဟာမိတ်ဖွဲ့ရလောက်အောင် မက်လောက်စရာအကျိုးအမြတ်တစ်ခုခုကိုလည်း မတွေ့ရသေးပါပေ။
မဟာမိတ်ဖွဲ့ခြင်းဆိုသည်မှာ နှစ်ဦးနှစ်ဖက် ညီတူညီမျှအကျိုးအမြတ်ရှိဖို့ လိုအပ်သည်မဟုတ်လော။
သူ့ဘက်ကရစရာရှိမနေသေးသည့် အခြေအနေမှာ ဘာကမ်းလှမ်းမှုကိုမှ သဘောမတူနိုင်သေးပါ။
"ဟားဟား ကြည့်ရတာ ကျုပ်တို့မိသားစုကတော့ ဖုန့်ခေါင်းဆောင်တို့ကိုအမီမလိုက်နိုင်ဘူးထင်ပါ့ဗျာ"
ယွမ်ဟောင်က ချီးကျူးစကားဆိုလာသည်။ သူ့မိသားစု၏စွမ်းဆောင်ရည်မှာ ဖုန့်မိသားစုဝင်များ၏တိုက်ရည်ခိုက်ရည်အောက် မှေးမှိန်သွားရသော်ငြား စိတ်ပျက်လက်ပျက်ငြူစူဟန် တစ်ချက်မှရှိမနေပါချေ။
စိတ်ဓာတ်ကျနေရမည့်အစား သူ့ကြည့်ရတာ အတော်လေးပျော်ရွှင်မြူးထူးနေဟန်ပင်။
မြေကမ္ဘာအလယ်အလတ်ဆင့်ကျင့်စဥ်တစ်ခုကို ရပြီးနောက်မှာတော့ နဂိုကတည်းကနာမည်ကြီး အင်အားကြီးပြီးသား သူတို့မိသားစုအဖို့ အရှေ့ပိုင်းစီရင်စုစုဝေးပွဲအဆင့်လောက်ကို ဂရုပြုနေစရာမလိုတော့ပါပေ။
ဖုန့်မိသားစုကဲ့သို့ အားနည်းသည်ဟုသတ်မှတ်ခံထားရပြီး မိုးပြာကောင်းကင်အင်ပါယာတစ်ခွင်မှာ နာမည်ကောင်းကောင်းမရှိသေးသော မိသားစုလေးတစ်ခုအဖို့တော့ အထောက်အကူကောင်းကောင်းတစ်ခုဖြစ်ပေမည်။
ဖုန့်မိသားစုသာ ဒီစုဝေးပွဲမှာ ပထမနေရာကိုသိမ်းပိုက်နိုင်ခဲ့လျှင် ဆုလာဘ်များသာမက ကျော်ကြားမှုနှင့်အင်အားကိုပါ တစ်ပါတည်းသိမ်းယူနိုင်လိမ့်မည်။
အရှေ့ပိုင်းစီရင်စုတစ်ခုလုံးမှာလည်း ဂုဏ်သတင်းမွှေးလှတဲ့ မိသားစုကြီးတစ်ခုအဖြစ် နာမည်ရလာပြီး အခြားမိသားစုများနှင့် ဖက်စပ်အလုပ်လုပ်ကိုင်ရန် လွန်စွာမှလွယ်ကူချောမွေ့လာပေတော့မည်။
ထို့အပြင် ဂိုဏ်းဂဏများစွာကလည်း သူတို့မိသားစုကိုစတင်ဆက်သွယ်လာပြီး ဖုန့်မိသားစုပါရမီရှင်များကို တပည့်သားအဖြစ်ခေါ်ယူသိမ်းသွင်းရန် ကြိုးစားကြလာပေရော့မည်။
ခေါ်ယူမည့်ပါရမီရှင်၏အရည်အချင်းက သိပ်ကျေနပ်စရာကောင်းမနေလျှင်တောင် အလားအလာများစွာရှိသော ဖုန့်မိသားစုနှင့် ဆက်ဆံရေးကောင်းကောင်းတစ်ခုရှိထားနိုင်ရန် မရအရခေါ်ယူကြမည်ပင်။
ဒီလိုအကျိုးအမြတ်များစွာရှိနေပေမယ့် ဖုန့်ချန်း၏ပထမနေရာရယူလိုစိတ်ကို အဓိကနေရာမှ လှုံ့ဆော်နှိုးဆွပေးနေတာကတော့ စနစ်ကပေးမည့် ဆုလာဘ်များသာဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ ဖုန့်မိသားစု ပထမနေရာရပြီး သူတို့မိသားစု ဒုတိယနေရာဖြစ်နေတာကို ယွမ်ဟောင့်စိတ်ထဲဘယ်လိုမှမနေပါ။
ဒီပြိုင်ပွဲထက် သူတို့မိသားစုနှင့် ဖုန့်မိသားစုကြား ဆက်ဆံရေးပိုပြီးခိုင်မာဖို့ကိုသာ သူအလေးထားလိုသည်။
သူနှင့်ဖုန့်ချန်းလည်း အတော်လေးခင်မင်ရင်းနှီးနေကြပြီဖြစ်သလို သူ့ဘက်ကလည်း ဖုန့်ချန်းအပေါ် ရွေဒင်္ဂါးတစ်သန်းခွဲအကြွေးတင်ထားသေးသည်လေ။
သူနှင့်ဖုန့်ချန်းစကားစမြည်ဆိုနေစဥ်တွင် ရေခဲနတ်သမီးနှင့် အေးခဲမြူခိုးဂိုဏ်းအကြီးအကဲများမှာ ဖုန့်မေနှင့်ဖုန့်ရှောင်ယုကို လာရောက်စကားပြောနေကြလေသည်။ သူတို့ဂိုဏ်းသားအဖြစ်ဝင်ဖို့ကမ်းလှမ်းချက်ကို ထပ်စဥ်းစားပေးဖို့ မဲဆွယ်နေတာဖြစ်ကောင်းဖြစ်နိုင်၏။
"ဒီတော့ ဖုန့်မိသားစုခေါင်းဆောင်ရေ ကျွန်မတို့မနက်ဖြန်ထပ်တွေ့ကြတာပေါ့" ရေခဲနတ်သမီးက နှုတ်ဆက်စကားဆိုသည်။
သူပြောသည့်စကားအရသာဆိုလျှင် မြို့တော်ကနေထွက်ခွာဖို့ အစီအစဥ်မရှိလောက်သေးပေ။ မနက်ဖြန်လည်းဆက်နေပြီး ဖုန့်မိသားစုကို ထပ်မံလေ့လာဦးမည့်ပုံရှိလေသည်။
ဖြစ်နိုင်တာကတော့ ဖုန့်မေနှင့်ဖုန့်ရှောင်ယုကို မြူခိုးချိုင့်ဝှမ်းမြို့တော်သို့မပြန်မီ ပြိုင်ပွဲနောက်ဆုံးနေ့တွင် အပြီးရအောင်မဲဆွယ်သွားဖို့ အကြံရှိဟန်တူ၏။
ဒီလောက်ကြိုးစားပမ်းစားအားထုတ်နေပုံအရ ဖုန့်မေနှင့်ဖုန့်ရှောင်ယုကို သူတို့ဂိုဏ်းမှမည်မျှတန်ဖိုးထားကြောင်း မြင်သာပါသည်။
"မနက်ဖြန်တွေ့ကြမယ် ဖုန့်မိသားစုခေါင်းဆောင်ရေ နောက်ပွဲကျကျုပ်ကိုညှာပေးပါဦး"
ယွမ်ဟောက်က ပြောလာသည်။ မနက်ဖြန်ပြိုင်ပွဲတွင် ယွမ်မိသားစုခေါင်းဆောင်အနေဖြင့် ဖုန့်ချန်းနှင့်အတူဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်၏။ အရှေ့ပိုင်းစီရင်စု၏ အသန်မာဆုံးခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သော်ငြား သူကတော့ဖုန့်ချန်းကိုညှာပေးဖို့ပြောနေတုန်းပင်။
ယဥ်ကျေးသမှုသက်သက်ဖြင့်ပြောသောစကားများမဟုတ်ဘဲ ထိုဖုန့်ခေါင်းဆောင်၏အင်အားကို အသိအမှတ်ပြုစွာပြောလိုက်ခြင်းလည်းဖြစ်သည်။
ဖုန့်ချန်း၏စွမ်းအားနှင့်လက်ရည်ကို သူမျက်မြင်မတွေ့ဖူးသေးသော်ငြား အကြီးအကဲကျိုးထျန်းဟွာကိုပွဲသိမ်းအောင်ဆော်ထားပြီး လျှမ်းလျှမ်းတောက်ပါရမီရှင်များကိုမွေးထုတ်ထားသော မိသားစုခေါင်းဆောင်သည် အသေအချာကို ကြောက်စရာကောင်းလောက်အောင်အင်အားကြီးလိမ့်မည်ဟု ယွမ်ဟောင်တစ်ထစ်ချတွက်ထားသည်။
ယွမ်ဟောင့်စကားကိုကြားသူအပေါင်းတို့ကတော့ အလ္လာပသလ္လာပစကားသက်သက်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။
"ကျုပ်ဘက်ကသာ ညှာပေးဖို့ပြောရမှာပါဗျာ" ဖုန့်ချန်းကလည်း ယဥ်ကျေးသမှုဖြင့်တုံ့ပြန်သည်။
အင်အားကွာခြားချက်အရ သူ့ဘက်မှ ပြိုင်ဘက်ခေါင်းဆောင်များကို သေချာပေါက်ညှာပေးရမည်ပင်။ လက်လွန်သွားပါက အသက်ဆုံးသွားနိုင်သည်မဟုတ်လော။
ထို့နောက် ဖုန့်မိသားစုသည်လည်း တည်းခိုဆောင်ရှိရာသို့ ပြန်လည်ဦးတည်လိုက်ကြတော့၏။
မနက်ဖြန်သည် စုဝေးပွဲ၏နောက်ဆုံးပြိုင်ပွဲစဥ်ဖြစ်ပြီး အောင်နိုင်သူမိသားစုကိုဆုံးဖြတ်ပေးမည့်ပွဲလည်းဖြစ်သည်။
ဖုန့်ချန်းကတော့ အထူးတလည်စိတ်ပူနေခြင်းမရှိပါဘဲ မယှဥ်ခင်ကပင် အောင်နိုင်သူကကွဲပြားနေပြီဟုသာ သတ်မှတ်ထားလေသည်။
တစ်ဖက်တွင်မူ ဖုန့်ယွင်နှင့်မိသားစုဝင်များမှာ မနက်ဖြန်ပြိုင်ပွဲစဥ်အတွက် ဝိုင်းဝန်းစိတ်ပူနေရလေသည်။
သူတို့အားလုံး ဖုန့်ချန်း၏စွမ်းအားကိုယုံကြည်သော်လည်း တစ်ဖက်ပြိုင်ဘက်များမှာလည်း ပေါ့သေးသေးဟုတ်မနေချေ။ စွမ်းအားကြီးလှသည်ဟု ကျော်ကြားလှသည့်အပြင် ဓာတ်ကြီးသုံးပါးနတ်အဆင့်တွင် အထွဋ်အထိပ်ဆင့်ကျင့်ကြံသူများလည်းဖြစ်ကြသော ထျန်းလုံချီနှင့် ယွမ်ဟောင်ရော ပါဝင်နေသည်လေ။
ထိုအချိန်တွင် သူတို့အထင်မှာ သူတို့မိသားစုခေါင်းဆောင်သည်ကား ဓာတ်ကြီးသုံးပါးနတ်အဆင့်တွင် အလယ်အလတ်ဆင့်သာရှိနေသေးသည်ဟု။
ကျင့်ကြံဆင့်သက်သက်ကိုသာကြည့်ပါလျှင်မူ တစ်ဖက်မှအသာကြီးသာနေသည်ကို မြင်တွေ့ရနိုင်၏။ ထို့အပြင် မနက်ဖြန်ပြိုင်ပွဲအကြောင်းကိုလည်း သူတို့အသေးစိတ်မသိရသေးချေ။ နောက်ဆုံးတော့လည်း အရှေ့ပိုင်းစီရင်စု စုဝေးပွဲ၏ တာဝန်ခံကျင်းပသူဖြစ်သော ထျန်းလုံမိသားစုကသာ အရာရာဆုံးဖြတ်ကွပ်ကဲမည်မဟုတ်လော။
"ဒါပေမယ့် အမှတ်တွေကဒီလောက်ကွာထားပြီးသားကို ဘာပဲဖြစ်ဖြစ်ငါတို့မိသားစုပဲပထမရမှာမဟုတ်ဘူးလား" ဖုန့်ကျန်းဟောင်ကမေးလာသည်။ သူတို့မိသားစုမှာ ဒုတိယနေရာကယွမ်မိသားစုနှင့် ၂၆၀မှတ်အထိကွာသလို ထျန်းလုံမိသားစုနှင့်ဆိုလျှင် ၃၀၀ကျော်လောက်ပင်ကွာနေသေးသည်ပင်။
နောက်ဆုံးပြိုင်ပွဲစဥ်မှာ သူတို့ဘက်ကရှုံးနိမ့်လျှင်တောင် အမှတ်စဥ်ကတော့ ပြောင်းလဲလောက်မည်မဟုတ်။
"အဲ့လိုပြောဖို့တော့ခက်တယ်" ဖုန့်ယွင်ကပြောလာသည်။
"အရှေ့ပိုင်းစီရင်စု စုဝေးပွဲရဲ့ နောက်ဆုံးပြိုင်ပွဲစဥ်က အမြဲတမ်းအမှတ်အများကြီးပေးတတ်တာ များသောအားဖြင့် ဒုတိယနဲ့တတိယပြိုင်ပွဲစဥ်ရဲ့ နှစ်ခုပေါင်းအမှတ်လောက်ရှိတတ်တယ်"
ဖုန့်ယွင်က ဤသို့ပြန်ဖြေလာသည်။ မိသားစုခေါင်းဆောင်များကိုယ်တိုင်ဝင်နွှဲသည့် တစ်ခုတည်းသောပြိုင်ပွဲစဥ်ဖြစ်သည့်အလျောက် အမှတ်အနည်းအများကိုတော့ အတော်လေးသက်ရောက်သည်ပင်။
မိသားစုခေါင်းဆောင်များမှာ အင်အားကြီးလှသည့်အလျောက် သူတို့အတွက်ပြိုင်ပွဲတစ်ခုသာသတ်မှတ်ထားသော်လည်း မိသားစုခေါင်းဆောင်၏အင်အားဆိုသည်မှာ မိသားစုတစ်ခုလုံး၏အင်အားကိုကိုယ်စားပြုသည်ပင်။ သေချာပေါက် အမှတ်ပေးစနစ်ကလည်း မြင့်မားလှမည်မလွဲပေ။
"အဲ့သတင်းကိုဘယ်ကကြားလာတာလဲ"
ဖုန့်ရှောင်ယုက စူးစမ်းသလိုမေးလာသည်။
ဖုန့်ယွင်က သူတို့အုပ်စုမှာ အမြဲဟိုစပ်စပ်ဒီစပ်စပ်သိနေတတ်တဲ့သူမျိုးပင်။ အခုလည်း အရှေ့ပိုင်းစီရင်စု စုဝေးပွဲကို ယခုနှစ်မှလာရောက်ယှဥ်ပြိုင်ဖူးတာဖြစ်သော်ငြား အကုန်ကြိုသိနေပြန်လေပြီ။
"မနေ့ကငါနဲ့မေ့အာ ဈေးဆိုင်တွေပတ်ကြည့်ရင်း မြို့ခံတွေပြောနေတာကြားခဲ့တာ သူတို့ပြောတဲ့အတိုင်းသာဆိုရင် မနက်ဖြန်ပြိုင်ပွဲစဥ်မှာ ပထမနေရာအတွက် အမှတ်၅၀၀ဖြစ်လိမ့်မယ်"
ဖုန့်ယွင်ကတွက်ပြလိုက်သည်။
"အမှတ်၅၀၀တောင်?"
ဖုန့်လျန်းနှင့်ကျန်သူများမှာ အံ့သြတကြီးရေရွတ်လိုက်ကြသည်။ ဒီပုံအတိုင်းသာဆိုလျှင် သူတို့မိသားစုဟာ အရှေ့ပြိုင်ပွဲသုံးခုလုံးမှာ ပထမနေရာကိုဆက်တိုက်ရခဲ့တာတောင် အပြီးသတ်မှာပထမနေရာကို ဆုံးရှုံးနိုင်ချေရှိသေးသည်ဟူသော အဓိပ္ပာယ်ပင်။
"နောက်ပြီး ထျန်းလုံမိသားစုကလည်း ငါတို့မိသားစုကိုအမြဲအကောက်ကြံနေတာ"
"ထျန်းလုံမိသားစုသာ နောက်ဆုံးပြိုင်ပွဲမှာထပ်ဝင်ရှုပ်ဦးမယ်ဆိုရင် ငါတို့မိသားစုခေါင်းဆောင်တော့ဒုက္ခရောက်တော့မှာပဲ"
"ဟားဟား မင်းတို့ဘာတွေအဲ့လောက်စိုးရိမ်နေကြတာလဲ ငါတို့အစ်ကိုကြီးကရှုံးလိမ့်မယ်များထင်နေသလား"
ဖုန့်ယွင်က ပြုံးစစဖြင့်မေးလာသည်။
ထိုအခါမှ ခေါင်းတွေကိုတစ်ညီတည်းခါယမ်းပြီးဖြေလာကြတော့သည်။
"မဖြစ်နိုင်တာ"