← Chapters

အရှေ့ပိုင်းစီရင်စု စုဝေးပွဲ၏ နောက်ဆုံးသောပြိုင်ပွဲစဥ်

Vol. 11 Ch. 147

အရှေ့ပိုင်းစီရင်စု စုဝေးပွဲ၏ နောက်ဆုံးသောပြိုင်ပွဲစဥ်

Vol. 11 Ch. 147

နောက်တစ်နေ့မှာ လျင်မြန်စွာပင်ကူးပြောင်းရောက်ရှိလာပြီး ချင်းယွင်မြို့တော်တစ်ခုလုံးမှာ အောင်နိုင်သူအား မျှော်လင့်စောင့်စားရင်း လှုပ်လှုပ်ရွရွဖြစ်လို့နေကြသည်။ အရှေ့ပိုင်းစီရင်စု စုဝေးပွဲ၏ ‌နောက်ဆုံးနေ့ဖြစ်ပြီး ဒီနေ့ပြိုင်ပွဲအပြီးတွင် မိသားစုများ၏ အပြီးသတ်အဆင့်ရလဒ်ကို သိရတော့မည်ဖြစ်၏။

အရှေ့ပိုင်းစီရင်စု စုဝေးပွဲတစ်လျှောက်လုံး စီစဥ်လာသမျှပြိုင်ပွဲတွေဟာ နောက်ဆုံးတော့ မိသားစုခေါင်းဆောင်တွေကြားကယှဥ်ပြိုင်မှုအတွက်သာ အခြေခံထားကြတာဖြစ်၏။ မိသားစုခေါင်းဆောင်တိုင်းဟာ သာမန်ကာလျှံကာမဟုတ်သော အတွေ့အကြုံရင့် အင်အားကြီးကျင့်ကြံသူများအဖြစ် သတ်မှတ်ခံထားရသူများပင်။

ဖုန့်ချန်းသည် ဖုန့်မိသားစုဝင်များကို တစ်ဖက်တစ်ချက်ခြံရံလျက် ထျန်းလုံစံအိမ်သို့ဦးတည်လျှောက်လှမ်းလာသည်။ အတူလျှောက်လှမ်းလာသော ဖုန့်မိသားစုဝင်များ၏မျက်နှာထားများသည်လည်း ပြတ်သားတည်ကြည်နေလျက် နောက်ဆုံးအောင်ပွဲဟာ သူတို့ဖုန့်မိသားစုအတွက်မည်မျှအရေးပါကြောင်း သေချာနားလည်ထားကြဟန်ပင်။ မဟာအကြီးအကဲဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်တို့သည်လည်း ဖုန့်ချန်းကိုတစ်ခုခုမှာချင်သော်ငြား ပိုလို့စိတ်ဖိစီးသွားမည်စိုးသောကြောင့် ဘာမှပြောမထွက်ကြတော့ပါပေ။

မည်သို့ပင်ဖြစ်စေ သူတို့မိသားစု၏ စုစုပေါင်းအမှတ်က အတော်လေးမြင့်မားသဖြင့် မဖြစ်မနေအနိုင်ရဖို့လည်း မလိုအပ်လှပါ။

ထို့နောက် ဖုန့်ချန်းသတ်မှတ်ထားသောနေရာသို့ ရောက်ရှိသွားသော် သူကနောက်ဆုံးရောက်လာသူဖြစ်ကြောင်းတွေ့လိုက်ရ၏။ ထို့နောက် အစောင့်အကြပ်များက သူနှင့်အခြားမိသားစုခေါင်းဆောင်များကို နောက်ဆုံးပြိုင်ပွဲယှဥ်ပြိုင်မည့်တည်နေရာသို့ ဦးဆောင်ခေါ်သွားလေတော့သည်။ ဒီတစ်ခေါက် အရင်ပြိုင်ပွဲတွေလို စင်မြင့်ပေါ်တွင်ကျင်းပခြင်းမဟုတ်ဘဲ ချင်းယွင်မြို့တော်၏အပြင် အဝေးတစ်နေရာတွင် တိုက်ခိုက်ကြမည်ဖြစ်သည်။

ဖုန့်ချန်း၊ ယွမ်ဟောင်နှင့် ထျန်းလုံချီလို့ အင်အားကြီးခေါင်းဆောင်များထံမှ ထုတ်လွှတ်လာမည့်စွမ်းအင်ရိုက်ခတ်မှုမှာ မြို့တော်အတွက်အန္တရာယ်များလှပြီး ထျန်းလုံမိသားစုကိုယ်တိုင်တောင် ရိုက်ခတ်မှုအများအပြင်သို့လွတ်မထွက်အောင် ထိန်းသိမ်းနိုင်မည့်ပုံမပေါ်ပေ။ အစောကပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်ပါရမီရှင်များ စွမ်းအားပမာဏမည်မျှထုတ်သုံးပါစေ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူဖြစ်သော ထျန်းလုံကျန်းမှ နိုင်နိုင်နင်းနင်းထိန်းသိမ်းနိုင်၏။

ယခုတော့ မိသားစုခေါင်းဆောင်များမှာ ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူများဖြစ်စေ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများဖြစ်စေ အားလုံး၏စုပေါင်းစွမ်းအားကို သူဆက်မထိန်းနိုင်တော့ပါ။

ရေခဲနတ်သမီးလို ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးက ပြိုင်ပွဲကိုထိန်းသိမ်းပေးမည်ဆိုလျှင်တော့ ရနိုင်လောက်ပေမယ့် သူမအား ဒီလောက်ပျင်းစရာကောင်းလှသည့်ဒိုင်လူကြီးနေရာကို မည်သူကတာဝန်ယူခိုင်းရဲပါမည်နည်း?

ထို့ကြောင့် မြို့တော်တံတိုင်းနှင့် မိုင်ပေါင်းများစွာကွာဝေးသော လူသူပြတ်လပ်သည့် ကွင်းပြင်ခေါင်‌ခေါင်များရှိရာနေရာကို ပြိုင်ပွဲနေရာအဖြစ် သတ်မှတ်လိုက်တော့သည်။ သူတို့ရွေးချယ်ထားသည့်နေရာမှာ လူသူကင်းမဲ့ခြောက်ကပ်ပြီး တောင်ကတုံးများပတ်လည်ဝိုင်းကာ အပင်ကကျိုးတိုးကျဲတဲသာရှိသည့် လျှိုမြောင်ကွက်လပ်တစ်ခုပင်။ လူရိပ်သူရိပ်ကိုမမြင်ရလှသဖြင့် သားရဲများပြည့်နေသော မုန်တိုင်းတောင်ကြားနှင့်ပင် ဆင်ဆင်တူလှလေသည်။

သို့သော် ဒီနေရာက မုန်တိုင်းတောင်ကြားလောက်အန္တရာယ်မများလှဘဲ တောလည်းသိပ်မနက်လှပေ။ သားရဲလည်းတွေ့ရရှားလှပြီး တွေ့လျှင်တောင် အဆင့်၅လောက်ကအမြင့်ဆုံးဖြစ်ပေမည်။

ချင်းယွင်မြို့တော်မှာ ဤနေရာတစ်ဝိုက်တွင် အမဲလိုက်ပြိုင်ပွဲများကျင်းပတတ်လေ့ရှိသဖြင့် သားရဲအရေအတွက်မှာ အကန့်အသတ်ရှိပြီး မုန်တိုင်းတောင်ကြားလို စည်းမဲ့ကမ်းမဲ့ဖြစ်မနေပေ။

ကွင်းပြင်မှာ မျက်စိတစ်ဆုံးမကကျယ်ပြောလှပြီး ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူတစ်ဦး အမြန်နှုန်းကိုအမြင့်ဆုံးသုံး၍ပြေးလျှင်တောင် ကွင်းပြင်ဟိုဘက်ထိပ်မှ ဒီဘက်ထိပ်ကိုရောက်နိုင်ဖို့ တစ်ရက်လောက်အချိန်ယူရမည်အထိပင်။ မည်သို့ပင်ဖြစ်စေ ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူဖြစ်ဖြစ် ဓာတ်ကြီးသုံးပါးအဆင့်ကျင့်ကြံသူဖြစ်ဖြစ် ဒီကွင်းပြင်ထဲမှာတိုက်ခိုက်မည်ဆိုလျှင် စိုးရိမ်စရာမရှိနိုင်ပါချေ။

ယွမ်ဟောင်ကတော့ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးမျက်နှာထားဖြင့်သာ ဖုန့်ချန်းကိုခေါင်းညိတ်နှုတ်ဆက်လာသည်။ "ဒီနေ့ကတော့ အရေးကြီးမယ့်ပုံပဲ" သူကစကားစလာပြီး နှစ်ယောက်သားယှဥ်လျှောက်ရင်း စကားစမြည်ဆက်ပြောနေကြသည်။ "ဝန်ခံရမယ်ဆိုရင် ဒီပြိုင်ပွဲဘယ်လိုဖြစ်မလဲဆိုတာကို ကျုပ်တော်တော်လေးစိတ်ဝင်စားနေတာ"

သူတို့ဘေးတွင် ထျန်းလုံချီမှာ မဲ့ပြုံးတစ်ချက်ကိုမသိမသာတပ်ဆင်လျက် ယုံကြည်မှုအပြည့်အဝရှိနေဟန်ဖြင့် လျှောက်လှမ်းလို့နေသည်။ ပွဲစီစဥ်သူအဖြစ် ဒီပြိုင်ပွဲအကြောင်းကို သူကသေချာပေါက်ကြိုသိလို့နေပြီး သူ့ဘက်မှနိုင်ကိုနိုင်ရရေးအတွက်လည်း အကုန်ကြိုတင်ပြင်ဆင်ခဲ့ပြီးပြီဖြစ်၏။

ပြိုင်ပွဲကွင်းပြင်သို့ရောက်သည်နှင့် ထျန်းလုံကျန်းကရှေ့သို့တက်လာသည်။ "မိသားစုခေါင်းဆောင်များကို ကြိုဆိုပါတယ်ခင်ဗျာ" သူစတင်ကြေညာလိုက်သည်။ "ဒီနေ့ကတော့ အရှေ့ပိုင်းစီရင်စု စုဝေးပွဲရဲ့ နောက်ဆုံးပြိုင်ပွဲစဥ်ဖြစ်ပြီး မိသားစုများအနေနဲ့ သူတို့ရဲ့အဆင့်နေရာကိုပြောင်းလဲဖို့ နောက်ဆုံးအခွင့်အရေးလည်းဖြစ်ပါတယ်"

ထျန်းလုံကျန်းက ဆက်ကြေညာသည်။

"စည်းမျဥ်းကတော့ရှင်းပါတယ် ပန်းတိုင်ကိုအရင်ရောက်တဲ့သူကနိုင်မှာပါပဲ"

ထျန်းလုံးကျန်းကပြောရင်း အဝေးတစ်နေရာမှာရှိသည့်တိုင်တစ်တိုင်၏ ထိပ်ကို ညွှန်ပြလိုက်သည်။ "ဒီအပြေးပြိုင်ပွဲမှာ အန္တရာယ်တွေဝိုင်းဝိုင်းလည်နေတဲ့နယ်မြေကို ဖြတ်သန်းပြေးလွှားရမှာဖြစ်ပါတယ် လမ်းတစ်လျှောက်မှာ သားရဲကောင်တွေနဲ့ စွမ်းအားအကြီးဆုံးကျင့်ကြံသူတွေအတွက်တောင် အခက်ကြုံရနိုင်တဲ့ အန္တရာယ်အမျိုးမျိုးကို ကြုံတွေ့ရပါမယ် ဘယ်ကျင့်စဥ် ဘယ်လက်နက်ကိုသုံးပြီးတော့ပဲဖြစ်ဖြစ် ရင်ဆိုင်လို့ရပါတယ် ဘာနည်းလမ်းကိုပဲသုံးသုံး တိုင်ထိပ်ကိုပထမဆုံးရောက်တဲ့ပြိုင်ပွဲဝင်က ပထမနေရာအဖြစ် ကြေညာခံရမှာပါပဲ"

သူတို့ရောက်ရမည့်ပန်းတိုင်က အတော်ဝေးဝေးမှာရှိပြီး မျက်စိဖြင့်ကောင်းကောင်းမြင်ရသော်ငြား လွယ်လွယ်နှင့်တော့ ရောက်နိုင်မည့်ပုံမပေါ်။ တိုင်အမြင့်ကလည်း ရှိန်ချင်စရာကောင်းလှပေရာ သူတို့သွားရတော့မည့်ခရီးလမ်းမှာ မည်မျှကြမ်းတမ်းမည်ဖြစ်ကြောင်း မှန်းဆလို့ရနိုင်လေသည်။

မြန်နှုန်းမြင့်ပြီး သက်လုံကောင်းသည့်ကျင့်ကြံသူများအတွက် အကျိုးရှိမည့်ပြိုင်ပွဲဟုထင်ရနိုင်သော်လည်း တကယ်တမ်း ထိုမျှလောက်ဖြင့်မလုံလောက်ပေ။

သားရဲများဖြင့်ရင်ဆိုင်ရဦးမည်ဆိုသောကြောင့် တိုက်ခိုက်ရတဲ့အကြိမ်ရေများသူက ပိုလို့နှေးကွေးမှာအသေအချာပင်။

ထို့ကြောင့် ကျင့်ကြံသူ၏ အမြန်နှုန်းပေါ်တွင်သာမူတည်ခြင်းမဟုတ်ဘဲ တိုက်ရည်ခိုက်ရည်ကောင်းဖို့နှင့် မြန်မြန်အပြီးသတ်နိုင်ဖို့လည်း အရေးကြီးပေသေး၏။

ထျန်းလုံကျန်းက လက်တစ်ဖက်ကိုမြှောက်၍အချက်ပြလိုက်သည်။

"ဒါဆို စပါပြီ"

အချက်ပြလိုက်သည်နှင့် အကုန်ကမူးရှူးထိုးထပြေးကုန်ကြသည်တော့မဟုတ်။ ရိုးရိုးအပြေးပြိုင်ပွဲတစ်ခုမဟုတ်လေရာ သူတို့တစ်စက္ကန့်မျှစောထွက်နိုင်လျှင်လည်း ဘာမှထူးခြားလိမ့်မည်မဟုတ်ပါ။

ထို့အပြင် မိသားစုခေါင်းဆောင်အချို့မှာ နားလည်မှုယူထားကြဟန်ဖြင့် ဖုန့်ချန်းထံသို့ဦးတည်ချဥ်းကပ်ကာ ဝိုင်းရံလာကြတော့၏။

All Chapters