ခြင်္သေ့ကို ဝိုင်းထားတဲ့ သိုးတစ်အုပ်
Vol. 11 Ch. 148
ဖုန့်ချန်းကတော့ သူတို့ဘာကိုစီစဥ်ထားပြီး ဘယ်သူကကြီးကြပ်အမိန့်ပေးသလဲဆိုတာကို နှစ်ခေါက်စဥ်းစားရန်ပင်မလိုလိုက်ပါချေ။
အဝေးမှာတော့ ထျန်းလုံချီကမဲ့ပြုံးတစ်ချက်ဖြင့်လှမ်းကြည့်လိုက်ပြီး အားလုံးကိုနောက်ချန်ထားခဲ့ကာ လွင်တီးခေါင်ပြင်ထဲသို့ ပြေးထွက်သွားတော့သည်။ ဖုန့်ချန်းမှာတော့ မိသားစုခေါင်းဆောင်အချို့ထံမှ လမ်းပိတ်ရပ်ခံထားရပြီး သူတို့အားလုံး၏ရည်ရွယ်ချက်မှာလည်း ရှင်းလင်းသိသာလှပေသည်။
စည်းမျဥ်းစည်းကမ်းဟူ၍ တစ်ခုတည်းသာရှိပြီး အချင်းချင်းခိုက်ရန်မဖြစ်ပွားဖို့ မပါဝင်သောကြောင့် ဒီလိုစီစဥ်ထားကြမည်မှန်း စည်းမျဥ်းကြေညာချက်ကိုကြားကတည်းက ဖုန့်ချန်းခန့်မှန်းထားပြီးသားပါပင်။
ဝိုင်းပိတ်ရပ်လာသူကလည်း တစ်ယောက်စနှစ်ယောက်စ မဟုတ်၍ အစောကတည်းကကြိုတင်သဘောတူညီချက်ယူထားကြမှန်း ဖုန့်ချန်းသိလိုက်သည်။
"ဝမ်းနည်းပါတယ် ဖုန့်မိသားစုခေါင်းဆောင်" ပိုင်မိသားစုခေါင်းဆောင်ပိုင်ကျန်းက ခပ်လှောင်လှောင်အပြုံးဖြင့်ပြောလာသည်။ "ကျုပ်တို့ခင်ဗျားကို လွယ်လွယ်နဲ့တော့ပေးမသွားနိုင်ပါဘူး"
ဖုန့်ချန်းကိုပိတ်ရပ်ထားသော မိသားစုခေါင်းဆောင်အုပ်စုတွင် ပိုင်ကျန်းကတော့ အတော်လေးစိတ်ပါလက်ပါပျော်ရွှင်နေဟန်ရှိလေသည်။ သူ့အမြင်တွင် ဖုန့်ချန်းမှာသူ့ရန်သူသာဖြစ်ပြီး ဒီလိုအကျပ်ရိုက်နေပုံကို အတော်လေးအရသာခံကြည့်နေမိသည်ပင်။
ထို့အပြင် သူလုပ်ထားသောအရှုပ်အထွေးများကိုရှင်းရန် နည်းလမ်းတစ်ခုရှာတွေ့ခဲ့လေပြီ။
ထျန်းလုံမိသားစုမှ သူ့အကျပ်အတည်းကို ဝင်ရောက်ကူညီပေးမည်ဖြစ်၏။ မနေ့က သူထျန်းလုံချီကိုချဥ်းကပ်စကားပြောခဲ့သေးရာ ထျန်းလုံချီက အရှေ့ပိုင်းစီရင်စု စုဝေးပွဲအပြီးတွင် ပိုင်ကျန်းကြုံရမည့်အခက်အခဲများအား သူဝင်ရောက်ကူညီပေးမည်ဖြစ်ကြောင်းပြောလာသည်။ အပြန်အလှန်အနေဖြင့်သဘောတူညီချက်အတိုင်း သူ့ဘက်ကလည်းကူညီပေးရမည်ပင်။
သူ့အတွက်တော့ ဘုရားပေးသော အခွင့်အရေးတစ်ခုပင်ဖြစ်၏။
ထျန်းလုံချီကို ဤပြိုင်ပွဲစဥ်တွင် ပထမနေရာရအောင်ကူညီပေးနိုင်ပါက အရှေ့ပိုင်းစီရင်စု စုဝေးပွဲအပြီးတွင် သူ့ဘက်မှလည်းအကူအညီပြန်ရမည်ဖြစ်သည်။ တတိယမင်းသားနှင့်ဆက်ဆံရေးပျက်စီးပြီး အခြားမိသားစုများနှင့်အဆင်မပြေဖြစ်တော့ရော ဘာအရေးလဲ? အရှေ့ပိုင်းစီရင်စု၏ အင်အားအကြီးဆုံးမိသားစုကြီးသုံးခုများထဲမှ တစ်ခုက သူ့ကိုကူညီဖြေရှင်းပေးမည်တဲ့လေ။
(ငါတော့ ပွပေါက်တိုးတာပဲ)
ပိုင်ကျန်းမှာ အရင်ရက်များတုန်းကညှိုးငယ်ထိုင်းမှိုင်းမှုများ လုံးဝပျောက်ကွယ်သွားပြီး ပျော်ရွှင်မြူးထူးနေပေတော့သည်။
အခြားမိသားစုခေါင်းဆောင်များသည်လည်း ပိုင်ကျန်းလိုသဘောတူညီချက်ဖြင့် ရောက်လာကြသည့်ပုံပင်။ သို့သော် သူတို့ကဖုန့်မိသားစုနှင့်လည်းရန်ငြှိုးမရှိသလို အေးခဲမြူခိုးဂိုဏ်းနှင့်အဆက်အဆံရှိနေသောမိသားစုဖြစ်သောကြောင့် အနည်းငယ်တွ့န်ဆုတ်နေဟန်ရလေ၏။
သို့သော်လည်း ထျန်းလုံမိသားစုထံမှ ထောက်ပံ့မှုရမည်ဆိုသည်မှာ သူတို့မငြင်းပယ်နိုင်သောကမ်းလှမ်းချက်တစ်ခုပင်။
"တောင်းပန်ပါတယ် ဖုန့်မိသားစုခေါင်းဆောင် ဒါပေမယ့် ဒီပြိုင်ပွဲမပြီးခင်အထိ ခေါင်းဆောင်ကျုပ်တို့မျက်စိအောက်မှာပဲ နေရပါမယ်"
အခြားမိသားစုခေါင်းဆောင်တစ်ဦးက လေးစားသမှုဖြင့်ပြောလာသည်။ သူတို့က ပိုင်ကျန်းလိုရိုင်းစိုင်းချင်ဟန်မရဘဲ တတ်နိုင်သလောက် ဖုန့်ချန်းကိုရန်မစမိအောင်ကြိုးစားနေကြပုံပင်။
ဖုန့်ချန်းကတော့ တည်တည်ငြိမ်ငြိမ်ပင် သူတို့အားလုံးကိုစိုက်ကြည့်ကာ အကဲဖြတ်လို့နေသည်။
ချီအရည်ဖွဲ့ခြင်းအလယ်အလတ်ဆင့်မှ ဓာတ်ကြီးသုံပါးနတ်အဆင့် အလယ်အလတ်ဆင့်ထိ အဆင့်စုံပါဝင်သော ကျင့်ကြံသူဆယ်ယောက်ကျော်ခန့်ဖြင့် ဝန်းရံခံထားရသော်ငြား ဖုန့်ချန်းမျက်နှာမှာ စိုးရိမ်စိတ်တစ်စက်ကလေးမှရှိနေပုံမပေါ်ချေ။
"ဆိုတော့ ခင်ဗျားတို့အားလုံးပေါင်းချလိုက်တော့ ကျုပ်ကိုနိုင်သွားရောပေါ့ ဟုတ်လား" သူကတည်တည်ငြိမ်ငြိမ်ပင်မေးလာသော်လည်း လေသံမှာ ခပ်မြူးမြူးဖြစ်နေဟန်ပင်။
အကြီးအကဲကျိုးကိုသတ်ခဲ့နိုင်သောဖုန့်ချန်းမှာ ကြောက်စရာကောင်းလောက်အောင်စွမ်းအားကြီးမည်မှန်သော်လည်း ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူလေးဦးပါဝင်သော သူတို့အဖွဲ့လိုက်ကြီးကိုတော့ အနိုင်တိုက်နိုင်ချေမရှိပါ။ ဒီနေရာမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိဆင့်ကျင့်ကြံသူဆိုလျှင်ပင် သူတို့ကိုလွယ်လွယ်နှင့်တိုက်ထုတ်နိုင်မည်မဟုတ်။
ထို့အပြင် သူတို့တာဝန်မှာ ဖုန့်ချန်းကိုဟန့်တားရန်သာဖြစ်ပြီး အသေသတ်ရန်မဟုတ်သည့်အတွက် သူတို့နိုင်မည်ဟု အသေအချာတွက်ထားကြသည်ပင်။
ထိုအချိန်တွင် ထိပ်ဆုံးမှပြေးထွက်သွားသောထျန်းလုံချီမှာ ကြမ်းတမ်းသောမြေပြင်တစ်လွှားကို ကျွမ်းကျင်စွာနင်းဖြတ်သွားပြီး အရိပ်ထဲတွင်ပုန်းအောင်းနေသော သားရဲများကိုလည်း ပိုင်ပိုင်နိုင်နိုင်ရှောင်ရှားကာ တစ်ဟုန်ထိုးအရှိန်တင်လို့နေ၏။
ထျန်းလုံစံအိမ်ထဲတွင် ဖုန့်ချန်းအားဝိုင်းထားကြသော ခေါင်းဆောင်အုပ်စုကိုမြင်သော် မဟာအကြီးအကဲဖုန့်ကျန်းရှန်မှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ "ဒီသူရဲဘောကြောင်တဲ့ကောင်တွေ ဒါကိုကြိုစီစဥ်ထားကြတာပဲ"
ဘေးတွင်ရပ်နေသောဖုန့်ယွင်မှာလည်း အံတင်းတင်းကြိတ်ထားမိသည်။ "ငါတို့မိသားစုနိုင်မှာကြောက်လွန်းလို့ အုပ်စုဖွဲ့ပြီးတောင်တိုက်ကြတော့မတဲ့လား အသက်ကြီးပြီး အချိန်မစီးချက်က ဂုဏ်သိက္ခာကိုမငဲ့နိုင်တော့ဘူးပဲ"
ဖုန့်ယွင်က ခန်းမထဲရှိ ထိုခေါင်းဆောင်များ၏မိသားစုဝင်များကြားနိုင်စေရန် အသံကိုတမင်မြှင့်ပြီးပြောလိုက်သည်။
ထိုမိသားစုဝင်များမှာလည်း အမှန်ပင် မနေတတ်မထိုင်တတ်ဖြစ်သွားရတော့၏။
သူတို့မှာလည်း သက်ဆိုင်ရာမြို့တော်များတွင် ထိပ်သီးမိသားစုကြီးများဖြစ်ပြီး သူတို့ခေါင်းဆောင်များက လူတစ်ယောက်ကိုအုပ်စုဖွဲ့အနိုင်ကျင့်နေသည်ကားမြင်ရသော် ဂုဏ်သရေကျဆင်းသည်ဟုတော့ ခံစားရသည်သာပင်။