ရှောင်လွှဲ၍မရသောအရာကို ရပ်တန့်စေခြင်း
Vol. 11 Ch. 149
မိသားစုခေါင်းဆောင်များက အုပ်စုဖွဲ့ကာ ဖုန့်ချန်းကိုနှောင့်ယှက်ပိတ်ပင်နေသောကြောင့် သူတို့မိသားစုဝင်များ အရှက်ရသူကရနေကြသော်လည်း တစ်ချို့မိသားစုများကမူ ဖုန့်ချန်းလွတ်နိုင်မလွတ်နိုင်တွက်ဆလို့နေကြပြီး ဒီလိုအခက်ကြုံနေရတာကိုလည်း ကြည့်ရင်းကျေနပ်လို့နေကြသေး၏။
ပြိုင်ပွဲဝင်တွေပေါင်းပြီး သူ့ကိုဒီလိုလမ်းပိတ်တော့ရော သူဘာလုပ်နိုင်သေးလဲ?
ဘယ်သူကသူ့ကို မောက်မာဝင့်ကြွားပြီး ကိုယ့်အဆင့်နဲ့မတန်တဲ့လူတွေကို လိုက်စော်ကားဖို့ တိုက်တွန်းထားလို့လဲ?
သူတို့အားလုံး၏အမြင်တွင် ဖုန့်မိသားစုတော့ ဒီပြိုင်ပွဲမှာပထမရနိုင်တော့မည်မဟုတ်ပေ။ ဒီအခြေအနေတိုင်းသာဆိုလျှင် လုံးဝနောက်ကောက်ကျရပေတော့မည်။
ပြိုင်ပွဲနေရာတွင်မူ ပိုင်ကျန်းက ရှေ့သို့တစ်လှမ်းနှစ်လှမ်းပင်ထပ်တိုးလိုက်ပြီး အခြားမိသားစုခေါင်းဆောင်များထက်ပင်ရှေ့ထွက်ကာ ဖုန့်ချန်းအားလှောင်ပြောင်ကဲ့ရဲ့လို့နေသည်။ သူကအသံကိုမြှင့်၍ပြောလာသည်။
"ဖုန့်ချန်းရာ သတ္တိရှိချင်ယောင်ဆောင်မနေပါနဲ့တော့" သူကခပ်လှောင်လှောင်ပြောသည်။ "မင်းကဉာဏ်ကောင်းပါတယ် အခြေအနေတွေဆိုးမလာခင် အရှုံးပေးလိုက်ပါတော့"
ထိုခြိမ်းခြောက်မှုက ဖုန့်ချန်းအပေါ်တော့သက်ရောက်မှုရှိသည့်ပုံမပေါ်ချေ။ တစ်ဖက်လူကသူ့ကို ပျင်းစရာကောင်းသလို အကြည့်တစ်ချက်သာစွန့်ကျဲလာသည်။ ကိုယ်နေဟန်ထားပင်မပျက်ဘဲ စိုးရိမ်ကြောင့်ကြဟန်လည်းတစ်စက်မှရှိမနေ။ ထို့ကြောင့် ပိုင်ကျန်းပိုဒေါသထွက်လာရသည်။
ဖုန့်ချန်းက ဟန်ကိုယ့်ဖို့လုပ်ပြီး မကြောက်ချင်ယောင်ဆောင်နေသည်ဆိုရင်တောင် ပိုင်ကျန်းကတော့ ဒေါသထွက်မည်သာပင်။ သူ့ရှေ့မှာဖုန့်ချန်းကို ကြောက်လွန်းလို့တုန်တုန်ရီရီဖြစ်နေစေ့ချင်သည်။ အနည်းဆုံး ရှုံးနိမ့်မှုကြောင့် မျက်နှာထက် စိုးရိမ်စိတ်ဖြစ်ဖြစ်တော့ ထင်ဟပ်လာစေချင်သည်။
သို့ပေမယ့် ဒီလူကတော့ ထုံးစံအတိုင်း တစ်လောကလုံးကိုအထင်သေးနေဟန်ဖြင့် မထုံတက်သေးလုပ်နေဆဲပင်။
(သူ့မျက်နှာပေါ်က အဲ့အထက်စီးဆန်ဆန်အကြည့်ကို ငါသေချာပေါက်ဖယ်ထုတ်ပစ်ရမယ်)
ပိုင်ကျန်းတွေးရင်း ဒေါသပိုထွက်လာသဖြင့် လက်သီးများကိုပင်ဆုပ်လိုက်ရသည်။
ထိုအချိန်တွင် တင်းမာနေသောလေထုအတွင်း အသံတစ်သံပျံ့လွင့်လာသည်။
"တော်လောက်ပြီ" ယွမ်ဟောင့်အသံပင်။ သူကဖုန့်ချန်းနှင့် ဝိုင်းအုံနေကြသောမိသားစုခေါင်းဆောင်များကြား ဝင်ရပ်လိုက်သည်။ "တစ်ယောက်တည်းကို အုပ်စုဖွဲ့တိုက်တယ်ဆိုတော့ ဘာများလိုချင်လို့လဲ စိတ်မရှိရင် ငါ့ကိုခေါင်းဆောင်ဖုန့်ဘက်ထည့်ပေးပါလား"
ယွမ်ဟောင်က ကြားဖြတ်ဝင်လာလေသည်။ ဖုန့်ချန်းက သူ့အပေါ်ကျေးဇူးရှိဖူးသောသူဖြစ်တာကြောင့် ဖြစ်ပျက်နေသမျှကို မမြင်ချင်ယောင်ဆောင်ပြီးဖြတ်မသွားနိုင်ပေ။
သူ့လို ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်ဆင့်ကျင့်ကြံသူသည်ပင် ထိုသို့အုပ်စုလိုက်နှင့်တိုက်ဖို့ အခက်အခဲရှိသည်ဖြစ်ရာ ဖုန့်ချန်းလည်းအကျပ်ရိုက်နေလောက်မည်ဟု သူထင်သောကြောင့်ပင်။
ယွမ်ဟောင်ဘက်က ထိုသို့ဝင်ပြောလာသည်နှင့် မိသားစုခေါင်းဆောင်အချို့တွန့်ဆုတ်သွားကြပြီး အချင်းချင်းမျက်စပစ်လာကြသည်။ ဖုန့်ချန်းတစ်ယောက်တည်းကိုပိတ်ရပ်ဖို့ပင် သူတို့အတော်လေးသတ္တိမွေးထားရသည်ဖြစ်ဟာ ယွမ်ဟောင်ပါ ပါလာတော့ ပိုလို့တွန့်ဆုတ်ကုန်ကြလေသည်။
ထျန်းလုံမိသားစုနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်ကို မျက်နှာလုပ်ချင်သော်ငြား ယွမ်မိသားစုကိုရန်သွားစဖို့ကလည်း အဆင်ပြေလှသည်မဟုတ်။
ပိုင်ကျန်းကတော့ ကြားဝင်လာမှုကိုမကျေနပ်သည့်အလား နှာခေါင်းရှုံ့လာသည်။ "ယွမ်မိသားစုခေါင်းဆောင် ဒါခင်ဗျားပူစရာကိစ္စမဟုတ်ပါဘူး ခင်ဗျားဖုန့်ချန်းကိုဝင်ကူလည်း ဘာမှထူးခြားသွားမှာမဟုတ်လို့ ကိုယ့်လမ်းကိုယ်ဆက်သွားတာပိုကောင်းပါလိမ့်မယ်"
အင်အားကြီးနောက်ခံတစ်ခုရှိထားသဖြင့် ယွမ်မိသားစုခေါင်းဆောင်ကိုယ်တိုင်ကိုပင် သူမကြောက်တော့ပါလေ။
ထို့အပြင် ၁၀ယောက် ၂ယောက်အခြေအနေတွင် သူ့ဘက်ကဘာကိုကြောက်နေရမည်နည်း?
သူတို့ဘက်က ၁၀ယောက်အဖွဲ့ဖြစ်သဖြင့် တစ်ဖက်မှာ တစ်ယောက်နှစ်ယောက်လောက် တိုးတာလောက်က စာဖွဲ့နေစရာပင်မဟုတ်ပါ။
ယွမ်ဟောင်ကိုယ်တိုင်ကလည်း နောက်ခံတောင့်သူဖြစ်သဖြင့် အနည်းငယ်တော့စိုးရိမ်မိသော်ငြား ထျန်းလုံချီနှင့် မဟာအကြီးအကဲရန်ကိုပြေးမြင်မိသောအခါ စိုးရိမ်မှုများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့၏။
"ဒါဆို ကျွန်မကိုပါဒီဘက်အဖွဲ့ထဲ ထည့်ပေးမလားရှင့်" ယွင်ဟိုင်လျန်ရင်းလည်း ဝင်ပြောလာသည်။
"ဒါက...."
ယခုအချိန်တွင် အခြေအနေက အမှန်ကိုဗရုတ်သုတ်ခဖြစ်လို့နေပြီး အများစုမှာ ဖုန့်ချန်းအားတားဆီးဖို့ အားမရှိကြတော့ပါချေ။
ယွမ်ဟောင်ဝင်ပါရုံနဲ့မပြီးသေးဘဲ ယွင်ဟိုင်မိသားစုခေါင်းဆောင်ကလည်း ဖုန့်ချန်းကိုဝင်ကူညီဦးမတဲ့လေ။
သူတို့မိသားစုများမှ ယွမ်မိသားစုကိုထိုမျှမှီခိုစရာမလိုသော်လည်း ယွင်ဟိုင်မိသားစုကတော့ မတူချေ။
ယွင်ဟိုင်မိသားစုသည် အရှေ့စီရင်စုတစ်လွှားတွင် အရည်အသွေးအမြင့်ဆုံးဆေးလုံးများကို ဖော်စပ်ထုတ်လုပ်ပေးနေသော မိသားစုပင်ဖြစ်၏။
ယွင်ဟိုင်မိသားစုကို သွားရောက်ထိပါးစော်ကားမိပါက အဆင့်မြင့်ဆေးလုံးဆိုသည်ကိုအနံ့ပင်ရှူရတော့မည်မဟုတ်ပေ။ မင်းနေပြည်တော်ထိတက်ကာ သမားတော်အစည်းအရုံးကို ကိုယ်တိုင်သွားတောင်းဆိုမှ ရပေတော့မည်။
ယွင်ဟိုင်လျန်ရင်းမှာ ဖုန့်ချန်းဘက်ကို ယွမ်ဟောင်ဝင်ပါသောကြောင့် သူမလည်းအတူကူညီပေးသည်ဆိုသော်ငြား လူတစ်ယောက်တည်းကိုဝိုင်းပိတ်ရပ်နေကြသည်အား အစောကတည်းကမနှစ်မြို့မိပါချေ။ အဓိကအကြောင်းရင်းကတော့ ထျန်းလုံချီကို စည်းမဲ့ကမ်းမဲ့ ရမ်းကားချင်တိုင်းရမ်းကားခွင့် မပြုလိုခြင်းပင်။
မနေ့ကတည်းက ထျန်းလုံမိသားစုဘက်မှ မမျှတမှန်း သူမသိခဲ့သော်ငြား ဒီနေ့မှာတော့ ပိုလို့တောင်မျက်နှာပြောင်လာကြသေးသည်လေ။ သူမကိုယ်တိုင်လည်း ထျန်းလုံချီအစီအစဥ်ကို မအောင်မြင်စေလိုပါ။
ယွင်ဟိုင်လျန်ရင်းဝင်ပါလာသော် ပိုင်ကျန်းပင်ပါးစပ်ပိတ်သွားရ၏။
(ချီးပဲ ချီးပဲ အဲ့ကောင်ကဘာကိစ္စအဲ့လောက်ကံကောင်းနေရတာလဲ ဘာလို့နောက်ခံကောင်းတဲ့လူတွေနဲ့အဆင်ပြေနေရတာလဲ)
ပိုင်ကျန်းစိတ်ထဲမှ ဆဲဆိုအော်ဟစ်နေမိသည်။ သူလည်း တတိယမင်းသားနောက်ခံနှင့်ဖြစ်၍ မောက်မာဝင့်ကြွားနိုင်သည်ဆိုသော်ငြား ဖုန့်ချန်းအနောက်တွင် ယွမ်နှင့်ယွင်ဟိုင်မိသားစုသာမက အေးခဲမြူခိုးဂိုဏ်းပါရှိလာသောအခါ သူဒေါသအမျက်ချောင်းချောင်းထွက်ရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပေ။
ယွင်ဟိုင်လျန်ရင်းကိုယ်တိုင်ဝင်ပါလာသဖြင့် ယွင်ဟိုင်မိသားစု၏လွှမ်းမိုးမှုကြောင့် သူကိုယ်တိုင်လည်းတွန့်ဆုတ်သွားရသည်ပင်။ မိုးပြာကောင်းကင် ကူးသန်းရောင်းဝယ်ရေးအစည်းအရုံး၏ လေလံပွဲတွင် ယွင်ဟိုင်မိသားစု၏အဆက်အသွယ်တောင့်တင်းပုံကို သူမြင်ခဲ့ရပြီးမဟုတ်လော။
ပိုင်ကျန်းဒေါသမီးများဆူပွက်လာပြီး နောက်ထပ်စော်ကားမော်ကားစကားများမထွက်မီ ဖုန့်ချန်းကအရင်ပြောလာသည်။
"ခေါင်းဆောင်တို့စိုးရိမ်ပေးတာကိုကျေးဇူးတင်ပါတယ် ဒါပေမယ့်ကျွန်တော်အကူအညီမလိုပါဘူး" သူက ယွမ်ဟောင်နှင့် ယွင်ဟိုင်လျန်ရင်းထံတစ်ချက်ကြည့်၍ပြောကာ ပိုင်ကျန်းဘက်သို့ပြန်လှည့်လာသည်။ "ဒီတိုင်းလေလွင့်အမှိုက်တစ်အုပ်ပါပဲ ခေါင်းဆောင်တို့ကျွန်တော့်အတွက် သိပ်စိတ်ပူနေစရာမလိုပါဘူး"
ဖုန့်ချန်းပေါ့ပေါ့ပါးပါးပင်သုံးစွဲလိုက်သော "အမှိုက်"ဟူသည့်နာမ်စားမှာ တစ်ဖက်လူများအား စစ်ကြေညာလိုက်ခြင်းပင်ဖြစ်ပြီး မိသားစုခေါင်းဆောင်များမှာ ဒေါသတလူလူထွက်လာကြတော့၏။
ကိုယ့်မြို့တော်တွင် ထိပ်သီးမိသားစုအဖြစ် ခေါင်းမော့ရင်ကော့နေလာကြသူများဖြစ်ရာ အမှိုက်ဟူသောနာမ်စားတစ်ခုကို လွယ်လွယ်နှင့်ကျော်သွားပေးမည့်သူများ မဟုတ်ကြပါပေ။
ပိုင်ကျန်းမျက်နှာမှာလည်း ဒေါသဖြင့်ရှုံ့တွသွားတော့သည်။ "ပါးစပ်ကိုစည်းစောင့်နော် ဖုန့်ချန်း မင်းထက်အင်အားကြီးတဲ့မိသားစုတွေအရှေ့မှာ အခုမင်းတစ်ယောက်တည်းဖြစ်နေတာ အသိစိတ်များလွတ်သွားပြီလား"
ဖုန့်ချန်းကတော့ မတုန်မလှုပ်ပင် ပိုင်ကျန်းအားပြန်ကြည့်လိုက်သည်။ "အိုး အမှိုက်တွေအုပ်စုဖွဲ့လာတာဆိုတော့ ဒီစကားလောက်ကိုမနာတတ်တော့ဘူးထင်သွားလို့ပါ ကျုပ်မှားသွားပါတယ်" သူကခပ်တိုးတိုးရယ်သည်။ "ကျုပ်ကိုအုပ်စုဖွဲ့ချဖို့အထိ စီစဥ်ပြီးပြီဆိုတော့ သိက္ခာတွေမာနတွေဘေးချိတ်ထားလိုက်ပြီထင်နေတာ"
ဖုန့်ချန်း၏စကားမှာ လှောင်ပြောင်ရိပ်များအပြည့်ဖြင့်။ ယွမ်ဟောင်လည်းသက်ပြင်းချပြီး ဖုန့်ချန်းကိုနားလည်သလိုခေါင်းဆတ်ပြလိုက်သည်။ "ကောင်းပါပြီ ခေါင်းဆောင်ရဲ့ရွေးချယ်မှုကိုကျုပ်လေးစားပါတယ် ဒါပေမယ့် ယွမ်မိသားစုကသူတို့မိတ်ဆွေတွေကို ဘယ်တော့မှမမေ့ပါဘူး ဒါကိုမှတ်ထားပါခေါင်းဆောင်ဖုန့်"
ယွင်ဟိုင်လျန်ရင်းသည်လည်း ဘေးသို့အသာဆုတ်ခွာလိုက်ပြီး အပြုံးပါးပါးဖြင့် ဖုန့်ချန်းအားဝိုင်းထားဆဲဖြစ်သောခေါင်းဆောင်များကို စေ့စေ့စပ်စပ်လိုက်ကြည့်နေသည်။ သူမလည်းဖုန့်ချန်းကိုကူညီချင်သောကြောင့် နည်းနည်းဒေါသထွက်နေပေသည့် စိတ်ကိုပြန်လျှော့လိုက်သည်။
မည်သို့ပင်ဖြစ်စေ ကာယကံရှင်မှအကူအညီမလိုချင်လျှင် ဝင်ပါစရာအကြောင်းမရှိပါချေ။
ဖုန့်ချန်းဘက်က နိုင်မည်မနိုင်မည်ကိုတော့ သူမစိတ်မဝင်စားတော့ပါ။
ဤသို့ဖြင့် ယွမ်ဟောင်နှင့်ယွင်ဟိုင်လျန်ရင်းလည်း ဖုန့်ချန်း၏တောင်းဆိုမှုအတိုင်း နောက်ပြန်ဆုတ်သွားလေပြီ။ သူတို့နှစ်ဦးကလှုပ်လိုက်သည်နှင့် ဟိုဘက်ကအုပ်စုမှာ မတ်ခနဲ သတိအနေအထားဖြစ်သွားပြီး ထိုခေါင်းဆောင်နှစ်ဦး ဘာဆက်လုပ်မလဲစောင့်ကြည့်နေကြ၏။
သို့သော် သူတို့စိတ်ပူထားသလိုမဟုတ်ဘဲ ခေါင်းဆောင်နှစ်ဦးမှာ ဖုန့်ချန်း၏စကားကိုလက်ခံကြပုံပင်။
ဝှစ်
ယွမ်ဟောင်နှင့် ယွင်ဟိုင်လျန်ရင်းမှာ စကားတစ်ခွန်းမှပင်ထပ်မဆိုတော့ဘဲ နေရာမှလှစ်ခနဲပျောက်သွားကြလေတော့သည်။
ယွမ်ဟောင်နှင့် ယွင်ဟိုင်လျန်ရင်း မျက်စိအောက်မှပျောက်ကွယ်သွားသည်နှင့် ပိုင်ကျန်းတို့အုပ်စုမှာ စိတ်သက်သာရသွားဟန် သက်ပြင်းမောများချလိုက်ကြသည်။ အခုတော့ ယွမ်နှင့်ယွင်ဟိုင်မိသားစုများကို ထိပါးစရာမလိုဘဲ သူတို့ကိုညွှန်ကြားထားသည့်အတိုင်း ဆက်လုပ်ရန်သာရှိတော့သည်ပင်။
"သတ္တိကတော့ ချီးကျူးလောက်စရာပေပဲ ဒါပေမယ့် မာနအကြီးလွန်သွားပြီထင်ပါရဲ့ ခေါင်းဆောင်ဖုန့်ရယ်"
ပိုင်ကျန်းကလှောင်လိုက်သည်။ ယွမ်ဟောင်နှင့်ယွင်ဟိုင်လျန်ရင်းမရှိတော့သည်နှင့် သူသတ္တိပြန်ရှိလာပြီး ဖုန့်ချန်းကိုအရှက်ခွဲဖို့မစောင့်နိုင်တော့ပေ။
ပိုင်ကျန်း၏အပြုံးမှာ ပိုလို့ပီပြင်လာပြီး ယုံကြည်မှုအပြည့်ဖြင့် မိသားစုခေါင်းဆောင်များကို အချက်ပြလိုက်တော့သည်။
"ဖုန့်ချန်းကိုရှုံးအောင်လုပ်ရမယ်ဆိုတဲ့ သဘောတူညီချက်အရ" ပိုင်ကျန်းကဆက်ပြောသည်။ "သေချာသွားအောင်ပဲ လုပ်လိုက်ကြရအောင် သူ့ခြေထောက်တွေကိုချိုးပစ်လိုက် လမ်းမလျှောက်နိုင်တော့ရင် အကူအညီမဲ့နေတဲ့ဒုက္ခိတထက်ပိုတော့မှမဟုတ်ဘူး ဒါဆိုရင် တစ်ခြားသူတွေဝင်မနှောင့်ယှက်ခင် မြန်မြန်လက်စသတ်လိုက်လို့လည်းရပြီ"
မိသားစုခေါင်းဆောင်များမှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်လျက် တွန့်ဆုတ်သွားကြသည်။ ဖုန့်ချန်းကိုတားဆီးဖို့တော့သဘောတူခဲ့ကြပေမယ့် ဒုက္ခိတဖြစ်သွားအောင်ထိ လုပ်ဖို့မပါချေ။ သူတို့အဲ့လောက်ထိလုပ်လိုက်လျှင် ဖုန့်မိသားစုနှင့် ထာဝရရန်ငြှိုးတစ်ခုတည်ရှိသွားပေမည်။ ဖုန့်မိသားစုဆိုသည်မှာလည်း ပါရမီရှင်များစွာပိုင်ဆိုင်ထားသည့်မိသားစုဖြစ်သည်။ အနာဂတ်မှာ သူတို့ထဲကတစ်ယောက်က သေချာပေါက် ရန်ကြွေးလာဆပ်ပေလိမ့်မည်။
ခေါင်းဆောင်တစ်ဦးက အနောက်သို့ခြေတစ်လှမ်းဆုတ်သွားသည်။ "အဲ့လောက်ထိလုပ်ဖို့လိုလို့လား ငါတို့တာဝန်ကသူတို့တားရုံပဲလေ လက်လွန်ခြေလွန်ဖြစ်သွားရင် မလိုလားအပ်တဲ့ပြဿနာတွေကိုပါ ဆွဲခေါ်မိသွားမယ်"
ပိုင်ကျန်း၏မျက်လုံးများကျဥ်းမြောင်းသွားသည်။ အားလုံးတွန့်ဆုတ်လို့နေကြသည်ကို သူခံစားမိပါသည်။ ဘာကြောင့်တွန့်ဆုတ်နေရသနည်း ဆိုတာကိုလည်း သူကောင်းကောင်းသိပါ၏။ သူရှေ့သို့တစ်လှမ်းတက်၍ အေးစက်ခိုင်မာသောလေသံဖြင့် ထပ်ပြောလိုက်သည်။
"ငါတို့အခုမြန်မြန်မလုပ်ရင် အစောကလိုထပ်နှောင့်ယှက်ခံနေရဦးမယ်" သူကအလောတကြီးဟန်ဖြင့်ပြောသည်။ "နောက်ပြီး ငါတို့တာဝန်မကျေရင်လည်း ထျန်းလုံချီကဒီတိုင်းလွှတ်ပေးလိမ့်မယ်ထင်နေလား ငါတို့အခုမလှုပ်ရှားရင် သူနဲ့ကတိပေးထားခဲ့သလို သူ့နောက်လိုက်ခွင့်လည်းရမှာမဟုတ်ဘူး မင်းတို့တကယ်ပဲစွန့်စားချင်နေကြသလား"
သူ့စကားများမှာ အရာရောက်သည်။ မိသားစုခေါင်းဆောင်များမှာ သူတို့၏တွန့်ဆုတ်မှုကြောင့် အခွင့်အရေးကောင်းတစ်ခုကို ဆုံးရှုံးရတော့မည်အား သတိထားမိလိုက်ကြပြီး အသစ်တစ်ဖန်ဖြစ်ပေါ်လာသော စိတ်ပိုင်းဖြတ်မှုများဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ "ငါတို့အချိန်ဖြုန်းနေလို့မရဘူး" ခေါင်းဆောင်တစ်ဦးကပြောလာသည်။ သူကပိုင်ကျန်းကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ "စလိုက်ကြစို့"
ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးသည်နှင့် သူတို့အားလုံး ဖုန့်ချန်းကိုဝိုင်းပတ်ဝန်းရံလိုက်ကြတော့သည်။ သူတို့၏ရည်ရွယ်ချက်မှာ ပြတ်သားသွားလေပြီ။
"ပြင်လို့ဆင်လို့ပြီးကြပြီလား ဒါဆိုလည်းစကြတာပေါ့"