← Chapters

ဖုန့်ချန်းထွက်ပြေးသွားပြီ

Vol. 11 Ch. 150

ဖုန့်ချန်းထွက်ပြေးသွားပြီ

Vol. 11 Ch. 150

"ယွမ်ဟောင်၊ ဖုန့်ချန်းကအဲ့လောက်လူအများကြီးကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ရှင်ထင်လား"

ယွင်ဟိုင်လျန်ရင်းကမေးလာသည်။

သူမက ဖုန့်ချန်းနှင့် ပုဂ္ဂိုလ်ရေးအရ ပက်သက်ဆက်ဆံမှုမရှိသောကြောင့် သိပ်တော့မစိုးရိမ်လှပါချေ။ သို့သော် ဖုန့်ချန်းနှင့်အတော်ခင်မင်ရင်းနှီးသည်ဟု သူမထင်မှတ်ထားသော ယွမ်ဟောင်ကိုယ်တိုင်က သူမနှင့်အတူထွက်လိုက်လာသဖြင့် စူးစမ်းမိခြင်းဖြစ်၏။

ယွမ်ဟောင်က ဖုန့်ချန်း၏လုပ်နိုင်စွမ်းကိုယုံကြည်လို့ပေလား သို့မဟုတ် သူမထင်ထားသလောက်မရင်းနှီးလို့ ဂရုမစိုက်တာများလား?

"ဘယ်သိမလဲ ဒါပေမယ့်သူ့ကြည့်ရတာအရမ်းယုံကြည်မှုရှိနေတဲ့ပုံဆိုတော့ ယုံလိုက်ဖို့ပဲတတ်နိုင်တယ်လေ"

ယွမ်‌ဟောင်က ထိုသို့ပြန်ပြောလာသည်။

ယွမ်ဟောင်ကိုယ်တိုင်လည်းမသေချာလှပါပေ။ ဖုန့်ချန်းဆိုသည့်ထိုလူကား လျှို့ဝှက်ဆန်းကြယ်လှပေသည်ကိုး။ ရွှေဒင်္ဂါးတစ်သန်းခွဲကို တစ်စက္ကန့်မျှပင်နောက်မတွန့်ဘဲ ထုတ်ချေးနိုင်တဲ့သူမျိုပဲလေ။

ထိုမိသားစုငယ်လေး၏ခေါင်းဆောင်ကို ပုံရိပ်အစစ်အမှန်ထိ သူထွင်းဖောက်မမြင်နိုင်ပေမယ့် လွယ်လွယ်လှည့်စားလို့ရမည့်သူမျိုးမဟုတ်မှန်း‌တော့ သေချာသိလေသည်။

သူကိုယ်တိုင်လည်း ဘာမှရေရေရာရာမသိသော်ငြား ထိုရန်သူများဝိုင်းရံထားသောနေရာမှ ဖုန့်ချန်းတစ်ယောက်ဘေးကင်းကင်းလွတ်ထွက်လာနိုင်မည်ဟု ခံစားနေရလေသည်။

မည်သို့ပင်ဖြစ်စေ တကယ်တမ်းအကျပ်ရိုက်နေပါက ဟန်ဆောင်ပန်ဆောင်ငြင်းပယ်နိုင်မည့်အခြေအနေလည်းမဟုတ်ပါ။ သူတကယ်အကူအညီမလိုတာပဲ ဖြစ်နိုင်မည်။

"ဘာပဲဖြစ်ဖြစ် အခုတော့ပြိုင်ပွဲအပေါ်ကိုပဲ အာရုံစိုက်ကြတာပေါ့ ဟိုခွေးကောင်ထျန်းလုံချီက အတော်ဝေးဝေးကိုရောက်နေပြီ"

ယွမ်ဟောင်တစ်ချက်ကျိန်ဆဲလိုက်ပြီး အပြေးနှုန်းကိုမြှင့်လိုက်တော့လေ၏။

*******

"ရေခဲရိုက်လက်ဝါးသိုင်း"

"မိုးကြိုးမြှားလက်သည်း"

"လေဟုန်ခွင်းဓားသိုင်း"

.......

ဖုန့်ချန်းကိုဝိုင်းရံထားသော မိသားစုခေါင်းဆောင်များမှာ တစ်ချက်မှအလွတ်မပေးဘဲ အားကြိုးမာန်တက် အဆက်မပြတ်တိုက်ခိုက်နေကြတော့သည်။

ဘန်း! ဘန်း! အုန်း!

တိုက်ကွက်များသည် လေထုထဲသို့စွမ်းအင်လှိုင်းများရိုက်ခတ်ပျံ့နှံ့စေပြီး မြေပြင်ကိုပင်ကွဲအက်သွားစေတော့၏။ အရပ်လေးမျက်နှာတွင် အမှိုက်သရိုက်များအုန်းအုန်းထအောက်ပျံ့လွင့်နေပြီး တိုက်ပွဲမှသက်ရောက်မှုကပြင်းထန်လွန်း၍ အနီးအနားပတ်ဝန်းကျင်တစ်ခုလုံး ရှုပ်ထွေးပွထလို့နေတော့သည်။ စစ်မြေပြင်တစ်ခုလုံးမှာ အမြင်နှင့်ပင်ကြမ်းတမ်းရက်စက်လှပြီး ထိုအရှုပ်အထွေးကြားမှ မည်သည့်သက်ရှိမှ အသက်ရှင်လျက်ထွက်လာတော့နိုင်တော့မည့်ပုံမပေါ်ချေ။

သူတို့အတွေးထဲတွင် ဖုန့်ချန်းတော့ ထိုတိုက်ကွက်များအောက်တွင်စိစိညက်ညက်ကျေပြီး သေလျှင်သေ မသေလျှင်ဆိုးဆိုးဝါးဝါးဒဏ်ရာရဖို့သာရှိတော့သည်ဟု အထင်ရောက်ချင်စရာပင်။

ဖုန်များ၊အမှုန်များ အနည်ထိုင်ငြိမ်သက်လို့သွားပြီး တိုက်ပွဲလည်းရပ်ဆိုင်းသွားသောအခါ လေထုမှာ တစ်ခုခုထူးဆန်းနေသကဲ့သို့ပင်။ အစောကဖုန့်ချန်းရပ်နေခဲ့သောနေရာမှာ မီးထတောက်တော့မတတ်ပူလောင်အက်ကွဲနေသလို ရေခဲနှင့်လျှပ်စီးတိုက်ကွက်များ၏အစအနများလည်း စွန်းထင်းကျန်ရစ်နေခဲ့သေးသည်။ တစ်ဖက်လူကိုတိုက်ခိုက်ဖို့ မည်မျှပင်အားထုတ်လိုက်ရမှန်း သရုပ်ပြနေသကဲ့သို့ပင်။ သို့သော် ထိုအပျက်အစီးများကြားတွင် ဖုန့်ချန်း၏အရိပ်အယောင်ကို အစအနလေးသော်မှမတွေ့ရပေ။

ပိုင်ကျန်းသည် ထိုနေရာကိုတစ်ချက်ကြည့်လိုက်ပြီး အောင်နိုင်သူတစ်ဦး၏မျက်နှာထားဖြင့် ရယ်မောကာ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တော့သည်။ "ဟားဟား အဲ့ဒါကြောင့် သိပ်မောက်မာမနေဖို့ သတိပေးထားသားပဲ အခုတော့ကြည့်ပါဦး အလောင်းအစအနတောင်ကျန်မနေခဲ့တော့ဘူး" သူကကျေနပ်စွာဖြင့် လက်နှစ်ဖက်ကိုပိုက်လျက် လှောင်ပြောင်လို့မဆုံးတော့ပေ။ "နောက်ဆုံးတော့လည်း ဘဝင်အမြင့်လွန်နေတဲ့စောက်ရူးတစ်ကောင် ကိစ္စချောသွားတာပါပဲလား"

"ဟုတ်ပါ့ ဟုတ်ပါ့ မင်းမှန်တယ် လုံးဝကိုဘဝင်မြင့်နေတဲ့စောက်ရူးပဲ"

အသံတစ်သံက ပိုင်ကျန်းအပြောကို ထောက်ခံလာသည်။

ပိုင်ကျန်းမှာ သူနှင့်အမြင်တူသောသူရှိမှန်းသိလိုက်ရ၍ ထိုသူဘက်သို့လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတော့ အချင်းချင်းနားလည်နိုင်မယ့်မိတ်ဆွေ ရှာတွေ့ပြီဟူသောအထင်ဖြင့်။

"မှန်တာပေါ့ ခင်ဗျားအမြင်ဘယ်ဆိုး..."

ထိုထောက်ခံသူကို လှည့်ကြည့်လိုက်သောအခါ ပိုင်ကျန်းဆွံ့အသွားရတော့၏။ အနိုင်ရရှိသူ၏ ဂုဏ်ယူကျေနပ်နေသောအသံမှာ မမြင်သင့်သည့်မြင်ကွင်းတစ်ခုကို မြင်လိုက်ရဟန်ဖြင့် တဖြည်းဖြည်းမကြားနိုင်လောက်အောင်ထိတိမ်ဝင်သွားတော့သည်။

"ဖုန့်ချန်း?" ပိုင်ကျန်းက ကယောင်ကတမ်းခေါ်လာသည်။

"မင်းကဘယ်လိုလုပ်အသက်ရှင်နေသေးတာလဲ"

ပိုင်ကျန်းမှာ သူမျက်လုံးသူမယုံနိုင်ဟန်ဖြင့် မေးလာသည်။

"ဟဲဟဲ ဘာလို့လဲ ကျုပ်သေသွားပြီထင်နေတာလား"

ဖုန့်ချန်းက ခပ်မြူးမြူးအသံဖြင့်မေးလာသည်။ အဲ့လောက်တိုက်ကွက်လေးတွေနဲ့များ သူကဘယ်လိုလုပ်သေရမှာတဲ့လဲ? သူတို့ဝိုင်းတိုက်နေတဲ့ကြားထဲကနေ မြန်မြန်ရှောင်ထွက်ပြီး ပိုင်ကျန်း‌ဘေးမှာရောက်ပြီး အသာရပ်နေခဲ့တာသာဖြစ်သည်။

သူတို့အဆက်မပြတ်ပစ်ခွင်းနေကြသောတိုက်ကွက်များဟာ အလဟဿသက်သက်သာဖြစ်သွားရပြီး ချီစွမ်းအင်ကုန်တာသာအဖတ်တင်ခဲ့လေသည်။

မျက်လုံးများအားလုံးက ဖုန့်ချန်းအပေါ်သို့ကျရောက်နေသည်။ အချို့ကလန့်ဖျပ်နေကြဟန်ရှိသလို အချို့ကတော့ စိတ်အေးသွားကြရပုံပင်။ သူတို့အားလုံး ဖုန့်ချန်းကိုသေစေချင်နေကြတာချည်းတော့မဟုတ်သည်လေ။ တာဝန်အရ တားပဲတားချင်သူများလည်းရှိသည်။

အံ့သြလန့်ဖျပ်နေသူများထဲမှတစ်ယောက်မှာ သူတို့တိုက်ကွက်တွေကြားမှ ဖုန့်ချန်းမည်သို့လွတ်ထွက်သွားသနည်းဆိုတာကို လုံးဝနားမလည်နိုင်ဖြစ်နေရလေ၏။

ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်ဆင့်တွင်ရှိသော ထျန်းလုံချီနှင့်ယွမ်ဟောင်ပင် ထိုသို့အရပ်မျက်နှာအစုံမှပိတ်တိုက်သောထိုးစစ်မျိုးအား တောင့်ခံနိုင်ရန်ခက်ခဲပေမည်။ ဒီလူဖုန့်ချန်းကတော့ အသက်ရှင်နေသေးရုံမက မှဲ့တစ်ပေါက်ပင်မစွန်းလိုက်သည့်နှယ်၊ ဖုန်တစ်မှုန့်ပင်တင်ကျန်မနေခဲ့ပေ။

သူလှုပ်ရှားတာကိုလည်း တစ်ယောက်မှမမြင်လိုက်ရပါ။ ဖုန့်ချန်းရှောင်ထွက်ပြီး သူတို့အနောက်မှရပ်နေတာကို တစ်ချက်လေးမှသတိမမူမိဘဲ သူတို့တိုက်ကွက်တွေကြားစုန်းစုန်းမြုပ်ပျောက်ကွယ်သွားပြီဟုသာ ထင်မှတ်နေခဲ့တာဖြစ်၏။

"မင်းတို့အားလုံးနဲ့ကစားပေးချင်ပေမယ့် အချိန်မရှိတော့ဘူးကွာ သွားပြီ"

ဖုန့်ချန်းကပြောပြောဆိုဆို ဝှီးခနဲပျောက်ကွယ်သွားတော့သည်။

ဖုန့်ချန်း သူတို့အကုန်လုံးကိုရှင်းပစ်လိုက်လို့ရပေမယ့် အချိန်ဖြုန်းရာကျနေမည်စိုးသောကြောင့်ပင်။ အပြေးပြိုင်ပွဲတစ်ခုသာဖြစ်တာကြောင့် သူတို့ကိုမဖြစ်မနေပြန်ချနေစရာအကြောင်းလည်းမရှိ။ စွမ်းအားကုန်ထုတ်သုံးပြီး စက္ကန့်ပိုင်းလောက်မျှဖြင့်ကိစ္စရှင်းလိုက်လို့ရပါသော်ငြား ဒီဘာမဟုတ်သည့်ကလေကချေခိုင်းဖတ်တွေအတွက်နှင့် သူ့စွမ်းအားကုန်ကိုထုတ်သုံးဖို့မတန်ပါ။

ဖုန့်ချန်းထွက်ပြေးသွားသော် ပိုင်ကျန်းကချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်လာသည်။

"သူ့ကိုလွတ်မသွားစေနဲ့" ဒေါသတကြီးဖြင့် ပိုင်ကျန်းကကုန်းအော်သည်။ သူကိုယ်တိုင်လည်း ချီစွမ်းအင်ကိုသုံးကာအမြန်နှုန်းမြှင့်ပြီး ချက်ချင်းနောက်ကလိုက်တော့သည်။ အခြားမိသားစုခေါင်းဆောင်များမှာမူ လှစ်ခနဲပျောက်ကွယ်ပြီး တောအုပ်တွင်းပြေးဝင်သွားသည့်ဖုန့်ချန်းအားကြည့်ပြီး ကြောင်အကုန်ကြတော့သည်။ သူတို့လည်းအသိဝင်သည်နှင့် ချီစွမ်းအင်ဖြင့်အမြန်နှုန်းကိုမြှင့်ကာ အမြန်ပြေးလိုက်သည်။ သို့သော် သူတို့မည်မျှကြိုးစားအားထုတ်ပါစေ ဖုန့်ချန်းကပေါ့ပေါ့ပါးပါးပင် သူတို့ကိုနောက်ချန်ထားနိုင်ခဲ့သည်။ သူတို့နှင့်ဖုန့်ချန်းကြားအကွာအဝေးမှာ ဝေးသည်ထက်ပိုဝေးလာပြီး ထိုသူကတော့မောပန်းရမည့်အစား အရှိန်ပင်ပိုမြှင့်လိုက်သေး၏။ သူတို့အုပ်စုထဲမှ အများစုကတော့ ဒီ့ထက်ပိုမမြန်နိုင်တော့သည့်အခြေအနေသို့ ရောက်ရှိနေလေပြီ။

ဖုန့်ချန်းနောက်သို့ပြေးလိုက်နေရင်း ပိုင်ကျန်းမှာအံတင်းတင်းကြိတ်လျက် ရင်ထဲမှဒေါသမီးကိုထိန်းချုပ်ထားရသည်။ သူ့မာန်မာနကို တစ်ကြိမ်ထိပါးခံခဲ့ရပြီး အခုအချိန်တွင်လည်း သူဘယ်လိုပဲကြိုးစားနှောင့်ယှက်ပါစေ တစ်ဖက်လူကဘာအထိအခိုက်မှမရှိဘဲ ပျော်ရွှင်မြူးထူးနေနိုင်သေးသည်။ တွေးလေ ဒေါသပိုထွက်လေပင်။

ဒီတိုင်းထွက်ပဲပြေးသွားလျှင်အကြောင်းမဟုတ်။ အခုတော့ ထိုသူက သူ့ကိုလှောင်ပြောင်ကဲ့ရဲ့ပြီး စော်ကားမော်ကားဆက်ဆံပြီး သူ့ဒေါသကိုဆွသွားလိုက်သေးသည်။ ဖုန့်ချန်းတစ်ယောက် စုတ်ပြတ်သတ်နေအောင် အရိုက်ပုတ်အထုထောင်း မခံရမချင်း ပိုင်ကျန်းဘယ်နည်းနှင့်မျှစိတ်မကျေနပ်နိုင်ပါချေ။

"မိတော့မယ်ဟေ့" တစ်ခြားသူများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရန်အလို့ငှာ ပိုင်ကျန်းကကြုံးဝါးလိုက်သည်။ အချို့က စတင်အရှုံးပေးလိုဟန်ဖြစ်နေကြလေပြီ။ "ငါတို့ဘက်ကအင်အားပိုများတယ် အလွတ်မခံကြနဲ့ဟေ့"

သူတို့အရှေ့သို့ပြေးလေလေ သိပ်သည်းထူထပ်သောတောနက်အတွင်းမှာ ခြောက်ခြားစရာကောင်းသောတိတ်ဆိတ်မှုတစ်ခုက ကြီးစိုးလာလေလေပင်။ သစ်ရွက်များအချင်းချင်းပွတ်တိုက်ရာမှ ထွက်လာသောလေချွန်သံခပ်တိုးတိုးဖြင့် သူတို့၏ကိုယ်ပိုင်ခြေသံများမှလွဲ၍ ဘာအသံမှရှိမနေပေ။ သူတို့ရှေ့မှလမ်းကြောင်းမှာလည်း ဟာလာဟင်းလင်းဖြစ်လို့နေပြီး ဖုန့်ချန်း၏အရိပ်အယောင်ကိုသော်မှမတွေ့ရချေ။

အသည်းအသန်ပြေးလွှားရခြင်းကြောင့် အသက်ပင်မှန်မှန်မရှူနိုင်တော့သော မိသားစုခေါင်းဆောင်တစ်ဦးက ဘေးပတ်ဝန်းကျင်သို့လှည့်ပတ်စစ်ဆေး၍မေးလာသည်။ "သူဘယ်မှာလဲ ငါတော့ခြေရာလက်ရာကိုမတွေ့ဘူးရော" စကားသံထဲတွင် မရေမရာသံသယများအပြည့်ဖြင့်။

နောက်ဆုံးတော့လည်း ထိုသူသည် ဖုန့်ချန်းကိုချုံခိုတိုက်ခိုက်လျှင်တောင်မှ အရာရောက်နိုင်မည်မဟုတ်သည့် ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူတစ်ဦးသာလျှင်ဖြစ်၏။

ပိုင်ကျန်းမျက်လုံးများလည်းကျဥ်းမြောင်းသွားကာ ‌ဒေါသမျက်နှာထက်တွင် စိုးရိမ်စိတ်များထင်ဟပ်လာသည်။ သူတို့ဒီအချိန် ဖုန့်ချန်းကိုမျက်ခြေပြတ်သွားမည်ဆိုလျှင် ထျန်းလုံချီနှင့်ဘာအဆက်အဆံမှလုပ်လို့ရတော့မည်မဟုတ်သလို အခွင့်အရေးကောင်းကိုလက်လွှတ်ခဲ့ရသည့်အတွက် သူတို့ကိုထျန်းလုံချီက လွယ်လွယ်နှင့်ခွင့်လွှတ်ပေးမည်မဟုတ်ပေ။

ရုတ်ချည်းပင် အရိပ်များထဲမှ ရယ်သံခပ်ရှရှက ပဲ့တင်ကာထွက်ပေါ်လာသည်။ ဖုန့်ချန်း၏အသံပင်။ တည်ငြိမ်ကာ လှောင်ပြောင်ရိပ်အပြည့်ဖြင့် တောနက်ငြိမ်သက်သက်ထဲတွင် ပို၍ကျယ်လောင်နေသလိုထင်မှတ်ရ၏။

"မင်းတို့ဟာကလည်း ဒီလောက်ပဲလား" ဖုန့်ချန်းကကဲ့ရဲ့သည်။ "ငါမင်းတို့ကိုညှာပြီး နည်းနည်းလေးတောင်နှေးပေးထားသေးတာ"

ပိုင်ကျန်းမှာ အရိပ်များကိုကြည့်၍ အသံလာရာနေရာကိုခန့်မှန်းရင်း လက်သီးကိုတင်းတင်းဆုပ်ထားလိုက်သည်။ "ထွက်လာခဲ့စမ်း" ‌ဒေါသနှင့်မခံချင်စိတ်များကို ဖုံးကွယ်မထားနိုင်တော့ဘဲ သူအော်လိုက်သည်။

သစ်ပင်ရိပ်များကြားထဲမှ ခပ်တိုးတိုးရယ်သံတစ်ချက်လွင့်ပျံလာပြန်သည်။ ခန့်မှန်းရခက်သလို ဝေးကွာနေသယောင်လည်း ခံစားရပြန်သည်။ "ဒီမှာလေ"

ပိုင်ကျန်းရုတ်တရတ်ခန့်မှန်းမိသွားကာ ဖုန့်ချန်းရှိရာသို့လက်ညှိုးထိုးပြီး အော်သည်။

"မြန်မြန် သူ့ကိုလိုက်ကြစမ်း ဒီလိုနဲ့ထပ်လွတ်သွားဦးမယ်"

ပိုင်ကျန်းကပြောပြောဆိုဆို အမြန်လှုပ်ရှားသည်။ ကျန်သူများကလည်း သူ့နောက်မှအမြန်လိုက်ကြတော့သည်။

သူတို့ဖုန့်ချန်းကိုမြင်နေခဲ့ရပေမယ့် တဖြည်းဖြည်းပိုပိုဝေးကွာလို့သွားကာ နောက်ဆုံးတော့အစပျောက်သွားခဲ့သည်။ အခုတော့ ပြန်ရှာတွေ့နိုင်လေပြီ။

"အရှေ့မှာ အဆင့်၅သားရဲတစ်ကောင်ရှိတယ် ဖုန့်ချန်းသေချာပေါက်မြန်မြန်ပြေးနိုင်မှာမဟုတ်ဘူး ဒီအခွင့်အရေးကိုယူပြီး သူ့ကိုရှင်းပစ်ရမယ်"

ပိုင်ကျန်းကအမိန့်ပေးလိုက်သည်။ နောက်ဆုံးတော့ဖုန့်ချန်း၏ကံကောင်းမှုများ ကုန်ဆုံးသွားခဲ့လေပြီဟု သူတွေးလိုက်သည်။ သူထင်ထားသလိုပင် ဖုန့်ချန်းကထိုသားရဲနားအရောက်မှာ ခြေလှမ်းများကိုနှေးလိုက်တော့၏။

"ဟားဟား ဖုန့်ချန်းရာ မင်းဆက်ကံကောင်းနိုင်ဦးမတဲ့လား" ပိုင်ကျန်းက ပျော်ရွှင်စွာရေရွတ်လိုက်သည်။

ပိုင်ကျန်းတို့အုပ်စု ခြေလှမ်းများကိုပိုသွက်လိုက်ကြသည်။ နောက်ဆုံးတော့ ပစ်မှတ်အနားကိုကပ်လာနိုင်ပြီးဖြစ်သဖြင့် သူတို့အလွန်စိတ်လှုပ်ရှားနေကြတော့၏။ အမြန်နှုန်ကိုပိုမြှင့်လျက် ဖုန့်ချန်းကိုသေချာပေါက်အမိဖမ်းရန် သူတို့အားလုံးဆုံးဖြတ်ချက်ချလိုက်ကြတော့သည်။

သို့ပေမယ့် ဖုန့်ချန်းကတော့ စိုးရိမ်ပူပန်ရိပ်တစ်စက်ကလေးမှမရှိဘဲ အရှေ့သို့ပေါ့ပေါ့ပါးပါးဆက်ပြေးနေသည်။

ဝေါင်း

ခပ်နိမ့်နိမ့်ဟိန်းဟောက်သံတစ်ချက်က တောအုပ်ကိုဖြတ်ကာပျံ့လွင့်လာပြီး စွမ်းအားကြီး၍ကြမ်းတမ်းသောတုန်ခါမှုတစ်ခုကြောင့် သူတို့ခြေထောက်အောက်ကမြေပြင်ပါ တုန်ခါသွားရ၏။ အဆင့်၅သားရဲက သူတို့၏တည်ရှိမှုကို အာရုံခံမိသွားဟန်ရှိပြီး သူ့နယ်မြေကိုကျူးကျော်သည့်အတွက် ဒေါသထွက်နေဟန်လည်းရသည်။

"ကွက်တိပဲ" ပိုင်ကျန်းကတိုးတိုးလေး‌ရေရွတ်လိုက်သည်။ လူယုတ်မာဆန်ဆန်မဲ့ပြုံးတစ်ချက်က သူ့မျက်နှာထက်ပေါ်လာသည်။

ယခု ထိုသားရဲနှင့်ဖုန့်ချန်း တိုက်ခိုက်ရတော့မည်ဖြစ်ပြီး ထိုသူနောက်ပြန်လှည့်လာပါကလည်း သူတို့နှင့်ရင်ဆိုင်ရတော့မည်ဖြစ်၏။

ဖုန့်ချန်းဘဝတော့ အပြီးသတ်ချေပြီဟု ပိုင်ကျန်းတွက်လိုက်သည်။

သူတို့အရှေ့သို့တိုးကပ်၍ အဆင့်၅သားရဲရှေ့တွင် အခက်ကြုံနေမည့်ဖုန့်ချန်းအားရှာကြည့်လိုက်ကြသည်။ သို့သော် မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်ရသောအခါတွင်ဝယ် ကြက်သီးထဖွယ်ကိစ္စတစ်ရပ်ကို ပိုင်ကျန်းနားလည်လိုက်ရတော့လေ၏။

တစ်ခုခုကတော့မှားနေလေပြီ။

သူတို့အပြေးလိုက်နေသောဖုန့်ချန်းမှာ ဘယ်ဆီဘယ်ဝယ်မသိ ပျောက်ကွယ်သွားလေပြီ။

အရိပ်အယောင်တစ်ခုမှ ကျန်မနေခဲ့ပါ။

လေချွန်သံဖျော့ဖျော့လေးတစ်သံက သစ်ပင်များကိုဖြတ်၍ ပျံ့လွင့်လာပြန်သည်။ ပိုင်ကျန်း၏ တဒိုင်းဒိင်း ခုန်လှုပ်နေသောနှလုံးသာမှာလည်း အေးခဲသွားသယောင်။

(ထပ်ပြီးတော့လား)

အရှေ့တည့်တည့်တွင် သားရဲ၏အရိပ်ကြီးကအုပ်မိုးနေပြီး ဖုန့်ချန်းကတော့ရှိမနေ။

"သူဘယ်ရောက်သွားတာလဲ"

All Chapters