အပြေးပြိုင်ပွဲ၏ အဆုံးသတ်
Vol. 11 Ch. 151
ဘယ်ဘက်၊ မဟုတ်သေးဘူး၊ ညာဘက်။ ပိုင်ကျန်းသည် သူ့ရှေ့ကဖုန့်ချန်းရှိနေခဲ့သည့်နေရာကို ကျီးကန်းတောင်းမှောက်လိုက်ရှာကြည့်သည်။ သူ့ကိုတစ်ခါ မျက်ခြေပြတ်သွားပြီးနောက်တွင် ဒုတိယအကြိမ်တော့ မျက်ခြေမပြတ်ချင်ပါချေ။ သို့သော် အခြေအနေအရတော့ ဖုန့်ချန်းကိုလိုက်ရှာနေဖို့ အချိန်မရှိတော့မည့်ပုံပင်။
ဂါးးး
"ဟာ သွားပြီ" မိသားစုခေါင်းဆောင်တစ်ဦးက ကြောက်လန့်တကြားအော်ဟစ်လာသည်။
"အဆင့်၅သားရဲက ငါတို့ဆီကိုဦးတည်လာနေပြီကွ"
ကြီးမားသောတည်ရှိမှုကြီးတစ်ခု သူတို့အနားသို့ကပ်လာသည်ကို ခံစားမိလိုက်သည်နှင့် ပိုင်ကျန်းနှင့်အပေါင်းအပါများ တန့်ခနဲဖြစ်သွားရ၏။ အဆင့်၅သားရဲတစ်ကောင်က သူတို့မြင်ကွင်းထက်သို့ ချင်းနင်းဝင်ရောက်လာသည်။ ကိုယ်လုံးကိုယ်ထည်က မော့ကြည့်ရမတတ်ပင်။ ပြောင်လက်မာကျောနေသာ ချော်ရည်ကျောက်လိုအကြေးခွံဖြင့် ခြေလေးချောင်းသတ္တဝါကြီးဖြစ်ပြီး ကြက်သွေးရောင်တောက်နေသောမျက်လုံးများမှာ အငြှိုးအာဃာတများပြည့်နှက်လို့နေတော့သည်။ ချွန်ထက်သောခြေသည်းများမှာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်ထက်သို့နစ်ဝင်သွားပြီး ဟိန်းဟောက်သံတစ်ချက်တွင် ကမ္ဘာမြေတစ်ခုလုံးတုန်လှုပ်သွားတော့မတတ်ပင်။ သူ့ပိုင်နက်နယ်မြေကို ကျူးကျော်ဝင်ရောက်လာသောလူသားများအား ဒေါသအမျက်ချောင်းချောင်းထွက်နေပုံပေါ်လေသည်။
သားရဲသည် ဝမ်းခေါင်းတွင်းမှ ဟိန်းဟောက်သံကြီးတစ်ခုထုတ်လိုက်ပြီး တောနက်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။ ပွင့်ဟသွားသော ပါးစပ်ကြီးအတွင်းမှ ထက်ရှသောသွားအတန်းလိုက်ကြီးကို ထင်ရှားစွာထုတ်ဖော်ပြလိုက်သကဲ့သို့ပင်။ ပိုင်ကျန်း၏မျက်နှာထားမှာ အကြီးအကျယ်ပြောင်းလဲသွားသည်။ ဖုန့်ချန်းတစ်ယောက် အခက်တွေ့တော့မည်ဟု သူတို့အားလုံးကြိုတွက်ထားသော်လည်း တကယ်တမ်းသားရဲနှင့်ရင်ဆိုင်နေရသည်ကား သူတို့သာဖြစ်နေတော့၏။
အဆင့်၅သားရဲဆိုသည်မှာ ပိုင်ကျန်း၏ကျင့်ကြံဆင့်နှင့်အတူတူဖြစ်သော်လည်း သာမန်လူသားများနှင့် သားရဲများကြားတွင် အင်အားကွာခြားချက်ကြီးတစ်ခုကတော့ ရှိကိုရှိနေနေသည်။
ထို့အပြင် သူ့မှာ ဖုန့်ချန်းနောက်သို့လိုက်ရန်ရှိသေးပြီး သားရဲနှင့်ရင်ဆိုင်နေချိန်မရှိပေ။ ဆယ်စက္ကန့်မျှနောက်ကျလိုက်သည်နှင့် လုံးဝလိုက်မမီတော့တာမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်သည်။
ဒါပေမယ့် ကြည့်ရတာ သူ့မှာရွေးချယ်စရာမရှိတော့ဘူးထင်ပါတယ်။
သားရဲမှာ သူတို့အုပ်စုကို စူးစူးစိုက်စိုက်ကြည့်လာပြီး တရှိန်ထိုးပြေးဝင်လာတော့၏။
"အားလုံးအသင့်ပြင်ထားကြ" ပိုင်ကျန်းကအမိန့်ပေးလိုက်ပြီး လက်တစ်ဖက်ကိုမြှောက်၍ ပြေးဝင်လာသောသားရဲအားတိုက်ခိုက်ရန် ချီစွမ်းအင်များကိုပို့လွှတ်လိုက်တော့သည်။
အခြားမိသားစုခေါင်းဆောင်များသည်လည်း သူတို့တတ်ကျွမ်းရာစွမ်းအားများကိုထုတ်ရင်း အသင့်ပြင်ထားလိုက်ကြသည်။ လက်နက်ဓားသွားများကို တရွှမ်းရွှမ်းဝင့်တင်လိုက်ကြပြီး ချီစွမ်းအင်များမှတစ်ဆင့် လက်သည်းသိုင်းကွက်ကို ပုံဖော်လိုက်ကြသည်။ "မြေကမ္ဘာပြိုကွဲရိုက်ချက်"
ပိုင်ကျန်းလည်း တစ်ချက်အော်ဟစ်ကြုံးဝါးလိုက်ပြီး လက်သီးဆုပ်ကိုဖြန့်ကာ ချီစွမ်းအင်များကိုပစ်လွှတ်လိုက်ပြီး သားရဲအားဟန်ချက်ပျက်သွားအောင်တိုက်ခိုက်လိုက်ကြသည်။
တိုက်ကွက်က သားရဲ၏ခြေထောက်ကိုထိမှန်သွားပြီး သားရဲရပ်နေသောမြေပြင်မှာ တုန်လှုပ်အက်ကွဲသွားတော့၏။ သို့သော် သားရဲမှာ တစ်ချက်တွ့န်သွားသည်ဆိုရုံမျှသာရှိသဖြင့် ပိုင်ကျန်းလန့်ဖျပ်သွားရသည်။ သားရဲကို ထိုတိုက်ကွက်ကို လေပြည်ညင်းလေးကဲ့သို့ပင် ခါထုတ်လိုက်နိုင်သည်။
ဂါးးးးးး
သားရဲက ဒေါသတကြီးထပ်မံဟိန်းဟောက်ကာ ဧရာမအမြှီးကြီးကိုလေထုထဲသို့ခါယမ်းလျက် ထိုလူသားအုပ်စုရှိရာဆီ ဦးတည်ရိုက်ထုတ်လိုက်တော့သည်။ ရိုက်ချက်မှာပြင်းထန်လှသဖြင့် ခေါင်းဆောင်တစ်ချို့ကို ကစဥ့်ကလျားဖြစ်သွားစေသည်။
အချို့ခေါင်းဆောင်များမှာ နောက်သို့လန်ကျကုန်၍ ကျောက်တုံးများသစ်ပင်များဖြင့် အတုံးအရုန်းဝင်တိုက်ကာ ပြိုလဲကုန်ကြ၏။ အဝေးတစ်နေရာမှဖုန့်ချန်းကမူ ပိုင်ကျန်းနှင့်သူ့အုပ်စု အဆင့်၅သားရဲအားအသည်းအသန်ခုခံနေရပုံအား စောင့်ကြည့်နေသည်။ အဆင့်၅သားရဲက သူတို့အားလုံးကိုအသေမသတ်နိုင်လျှင်တောင် သေချာပေါက်ခရီးနှောင့်နှေးစေလိမ့်မည်။
အရာအားလုံးမှာ ဖုန့်ချန်း၏အစီအစဥ်အတိုင်းပင်။ သူ၏ထက်ရှသောအာရုံခံစားမှုဖြင့် အဆင့်၅သားရဲ၏တည်နေရာကို ခြေရာခံလိုက်မိပြီး ပိုင်ကျန်းတို့အုပ်စုကို ထိုနေရာသို့ရောက်အောင် မသိမသာမျှားခေါ်ခဲ့ခြင်းပင်။
သူတို့အပြေးလိုက်ခဲ့သည့် ပျောက်ကွယ်သွားသောဖုန့်ချန်းမှာကား သူ၏အရိပ်သက်သက်သာဖြစ်သည်။
တစ္ဆေအရိပ်လှည့်စားခြင်း။
တစ္ဆေအရိပ်လှည့်စားခြင်းကျင့်စဥ်ကို ၁၀၀ရာခိုင်နှုန်းကျွမ်းကျင်သွားပါက ဤသို့ပုံရိပ်ယောင်ခွဲထုတ်အသုံးပြုနိုင်ပေလိမ့်မည်။ ထိုပုံရိပ်ယောင်ဖြင့် ရန်သူများကို လှည့်ဖျားနိုင်လေသည်။ သူအစောကလုပ်ခဲ့သည့်အတိုင်းပါပင်။
သူတို့တစ်အုပ်စုလုံး ထိုပုံရိပ်ယောင်နောက်လိုက်ပြီး အဆင့်၅သားရဲဆီဦးတည်သွားနေသည့်အချိန်တွင် ဖုန့်ချန်းမှာကား တစ်ဖက်ဆန့်ကျင်ဘက်အရပ်သို့ ပြေးထွက်သွားခဲ့ပြီဖြစ်၏။
အမှန်တကယ်တော့ ထိုအုပ်စုအရှိန်ကုန်တင်လိုက်လျှင်တောင် သူ့ကိုမီနိုင်မှာမဟုတ်သည့်အတွက် ဒီတိုင်းထားလိုက်လို့လည်းရသည်ပင်။
သိုသော် အဆင့်၅သားရဲကို အသင့်တွေ့လိုက်ရသဖြင့် သူတို့ကိုနည်းနည်းလောက် အလုပ်ရှုပ်ခိုင်းထားလိုက်ခြင်းသာဖြစ်သည်။
"ကဲ အခုတော့ အရှိန်တင်ကြတာပေါ့"
ဖုန့်ချန်းခပ်တိုးတိုးရေရွတ်ရင်း အရှိန်တင်ကာ ဝှစ်ခနဲပြေးသွားလိုက်သည်။
ဖုန့်ချန်း အရှိန်ကုန်တင်ကာ ပြေးရင်းလွှားရင်း လမ်းမှဝင်ရှုပ်သမျှသားရဲတွေကိုလည်း အမြန်ပင်ရှင်းထုတ်ပစ်ခဲ့တော့၏။
သားရဲအများစုမှာ သူ့အရှိန်အဝါကိုခံစားမိကြသဖြင့် နီးကပ်လာသည်နှင့်အမျှ အလိုလိုရှောင်ဖယ်ပေးတတ်ကြသည်ပင်။ ဒေါသကြီးပြီး သိပ်မစဥ်းစားတတ်သည့်သားရဲတစ်ချို့သာ တစ်ဖက်ရန်သူ၏အဆင့်ကိုမခန့်မှန်းတတ်ကြဘဲ လာရောက်စိန်ခေါ်တတ်ကြသည်သာ။ သူတို့ကိုလည်း တစ်ချက်မျှရိုက်ချလိုက်ရုံဖြင့် ပြန်မထနိုင်အောင် လှဲသိပ်ဖို့လုံလောက်ပါ၏။
အရှေ့တွင်မူ ယွမ်ဟောင်မှာ ထျန်းလုံချီကိုမီလုနီးနီးဖြစ်နေလေပြီ။
ထျန်းလုံချီမှာ အရင်ဆုံးပြေးထွက်ခဲ့သူမှန်သော်လည်း လမ်းတစ်လျှောက်ရှိသားရဲများကို ကိုင်တွယ်နေရသေးသည်။
သားရဲများမှာအားနည်းပြီး သူ့ကိုထိခိုက်အနာတရဖြစ်အောင်မလုပ်နိုင်သော်ငြား ပြေးနေသည့်အရှိန်ကိုတော့ တန့်စေနိုင်သည်ပင်။
တစ်ဖက်တွင်မူ ထျန်းလုံချီကရှေ့မှ တစ်လျှောက်လုံးလမ်းရှင်းပေးခဲ့သဖြင့် ယွမ်ဟောင်ကချောချောမွေ့မွေ့ပင် ပြေးလိုက်လို့ရနေပေသည်။
ဤသို့ဖြင့် နှစ်ဦးမှာ သိပ်မကွာတော့သောအနေအထားရောက်လို့နေလေပြီ။
ထျန်းလုံချီမှာ ယွမ်ဟောင်နီးကပ်လာတာကိုအာရုံခံမိဟန်ဖြင့် အနောက်သို့မဲ့ပြုံးဖြင့်လှည့်ကြည့်ကာပြောလာသည်။ "ဒီလောက်မြန်မြန်မီလာလိမ့်မယ်လို့ထင်မထားခဲ့ဘူး ယွမ်ဟောင်ရေ" အသံမှာလှောင်ပြောင်လိုဟန်ဖြင့်။ ဖုန့်ချန်းနှင့်အတော်လေးခင်မင်ကျွမ်းဝင်နေဟန်ရှိသောကြောင့် ယွမ်ဟောင့်ကို သူသိပ်ကြည်မနေပါချေ။
ဖုန့်မိသားစု၏မိတ်ဆွေမှန်သမျှကို ရန်သူအဖြစ်သတ်မှတ်လိုက်ဖို့ ထျန်းလုံချီဆုံးဖြတ်ပြီးသားပင်။
"ကျုပ်လည်းမထင်ခဲ့ဘူး ခင်ဗျားကနှေးချက်ပဲကိုး" ယွမ်ဟောင်က ပြန်လှောင်လိုက်သည်။
ထျန်းလုံချီ၏စကားလုံးများထဲမှ ရန်ငြှိုးရန်စကို သူအာရုံခံမိလိုက်ပြီး သူဆိုသည့်ယွမ်ဟောင်ကလည်း ရန်စလာတာမျိုးကို အားနာပြီးပတ်ရှောင်နေမည့်အထဲမပါပေ။
ထိုသို့မကြောက်တတ်သောကြောင့်ပင် ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်တို့ဘက်ကအမြင်ကို ဂရုမစိုက်ဘဲ ဖုန့်ချန်းကိုစတင်ချဥ်းကပ်ခဲ့ခြင်းဖြစ်လေသည်။
ထျန်းလုံချီမှာ ယွမ်ဟောင်၏တစ်ပြန်စိန်ခေါ်မှုကြောင့် အကြည့်များတင်းမာသွားပြီး အရှိန်ကိုထပ်တိုးလိုက်သည်။ ယွမ်ဟောင်ကလည်း သူ့ကိုအမီရအောင်လိုက်သည်။ ဤသို့ဖြင့် ယှဥ်ပြေးနေကြသောနှစ်ယောက်အောက်မှမြေပြင်သည် အနည်းငယ်ပင်တုန်ယင်လာသယောင်ရှိ၏။
ယွင်ဟိုင်လျန်ရင်းကတော့ သူတို့နှစ်ယောက်နှင့် သိပ်မကွာလှသောနောက်ဘက်မှာ အပြေးလိုက်လာလို့နေသည်။
သူမ၏ကျင့်ကြံဆင့်မှာ ထိုနှစ်ဦးထက်လည်းနိမ့်သလို ကျင့်ကြံရာတွင်လည်း သူတို့လိုတစ်ဆင့်ချင်းကြိုးကြိုးစားစားတက်ခဲ့တာမဟုတ်ဘဲ ဆေးလုံးများ၏အကူအညီဖြင့်တက်ခဲ့ခြင်းဖြစ်သောကြောင့်ပင်။
"သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲအနိုင်ရမယ်ထင်ပါတယ်"
ယွင်ဟိုင်လျန်ရင်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဒီပြိုင်ပွဲစဥ်၏ပထမနေရာနှင့် ဒုတိယနေရာအရ ဖုန့်မိသားစုမှာ ၎င်းတို့၏ပထမနေရာကိုဆက်ထိန်းထားဖို့ ဖြစ်နိုင်တော့မည်မထင်။
နောက်ဆုံးပြိုင်ပွဲစဥ်အတွက် သတ်မှတ်ထားသည့်အမှတ်က အရင်ပြိုင်ပွဲစဥ်များထက် များစွာသာလွန်နေသည်လေ။
သူမအတွေးနယ်ကျွံနေခိုက် တစ်စုံတစ်ဦးက သူမဘေးမှဝှစ်ခနဲဖြတ်ပြေးသွားသည်။
"ဘယ်သူလဲဟ"
ယွင်ဟိုင်လျန်ရင်း အာမေဋိတ်ပြုလိုက်မိသည်။ ထျန်းလုံချီနှင့် ယွမ်ဟောင်ကလွဲလို့ သူမကိုမီအောင်လိုက်နိုင်မည့်လူ ထပ်မရှိတော့ဘူးမဟုတ်လား?
သူမမျက်လုံးများကိုမှေးကျဥ်းကာ အရှေ့ကလူကိုသေချာကြည့်လိုက်သည်။
"ဖုန့်ချန်း?"
ထိုသို့သိရသွားမှ ပိုလို့ပင်အံ့သြသွားရတော့သည်။ သူမကိုဖြတ်ကျော်သွားသည့်တစ်ယောက် ဖုန့်ချန်းပါတဲ့လေ။
ဖုန့်ချန်းတော့ ပိုင်ကျန်းတို့အုပ်စုလက်ထဲမှလွတ်မလာနိုင်လောက်ဟု သူမထင်ခဲ့သော်ငြား ထိုသူကတော့လွတ်လာရုံသာမက သူမကိုပင်ကျော်တက်သွားနိုင်လိုက်သေးသည်။ ထို့အပြင် မြင်လိုက်ရသောအမြန်နှုန်းအရ သူမအမီလိုက်ဖို့ရာမဖြစ်နိုင်တော့ပါချေ။