အရှေ့ပိုင်းစီရင်စု စုဝေးပွဲ စတုတ္ထပြိုင်ပွဲစဥ်၏ အနိုင်ရရှိသူ
Vol. 11 Ch. 152
ယွင်ဟိုင်လျန်ရင်းမှာ သူမကို ပေါ့ပေါ့ပါးပါးပင်ကျော်တက်သွားသည့် အရှိန်ကြောင့်ခပ်ဝါးဝါးသာမြင်ရသော ဖုန့်ချန်း၏သဏ္ဍာန်ကို အံ့သြတကြီးငေးကြည့်နေမိသည်။ "မြန်လိုက်တာ မတရားသဖြင့်ကိုမြန်နေတာ"
ယွင်ဟိုင်လျန်ရင်း တိုးတိုးလေးရေရွတ်မိနေသည်။ "လူတစ်ယောက်က ဘယ်လိုလုပ်အဲ့လောက်ထိမြန်နိုင်တာလဲ"
ထျန်းလုံချီနှင့်ယွမ်ဟောင်တို့မှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်အထွဋ်အထိပ်ဆင့်ကျင့်ကြံသူများဖြစ်ပြီး သူတို့ပြေးနေသောအရှိန်မှာလည်း သူတို့ကျင့်ကြံဆင့်နှင့်ဆို အမြန်ဆုံးဟုသတ်မှတ်လို့ရသောအရှိန်ပင်။ သို့သော် ထိုနှစ်ဦးတောင် ဖုန့်ချန်းနှင်ယှဥ်လျှင် အနည်းငယ်နှေးကွေးနေဟန်ပေါက်လေသည်။
မည်မျှမှမကြာလိုက်သောအချိန်အတွင်း ဖုန့်ချန်းကသူမမမြင်နိုင်သောအကွာအဝေးထိ တစ်ရှိန်ထိုးပြေးထွက်သွားလေပြီ။
ယွင်ဟိုင်လျန်ရင်းမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်တွင်သာရှိသေးသောဖုန့်ချန်းက ဘယ်လိုလုပ်ဒီလောက်မြန်မြန်ပြေးနိုင်နေသလဲဆိုတာကို စဥ်းစားလို့မတတ်တော့ပါချေ။
ဒီအဖြေကို ခန့်မှန်းတွက်ချက်ရုံဖြင့်မသိနိုင်လောက်ဟုတွေးကာ သူမခေါင်းကိုသာ ညင်သာစွာခါယမ်းမိတော့သည်။
ဖုန့်ချန်းပါ အမီလိုက်လာပြီဆိုတော့ကာ အပြေးပြိုင်ပွဲ၏ပထမနေရာမှာ ခန့်မှန်းရမလွယ်ကူတော့ပါချေ။
ထိုအချိန်တွင် ထိပ်ဆုံးမှာရင်ဘောင်တန်းနေသော ထျန်းလုံချီနှင့် ယွမ်ဟောင်တို့မှာလည်း သူ့ထက်ငါသာအောင် အပြိုင်အဆိုင်ပြေးနေကြလေသည်။ နှစ်ဦးလုံးမှာ အဆုံးစွန်ထိအားထုတ်ကြိုးစားနေကြပြီး ခြေလှမ်းများပင်စည်းချက်ညီနေကာ တစ်ယောက်ထက်တစ်ယောက် နှာတစ်ဖျားပင်မသာနိုင်သည့် အခြေအနေတွင်ဖြစ်၏။
"ခင်ဗျားက ထင်တာထက်တော့ပိုမြန်သားပဲ" ထျန်းလုံချီခပ်တိုးတိုးပြောလာသည်။ တစ်ဖက်လူ၏စွမ်းရည်ကို လေးစားသမှုဖြင့် အသိအမှတ်ပြုဟန်ပေါက်ပေသည့် အထက်စီးဆန်ဆန်အငွေ့အသက်လည်းပါသေးသည်။ "ဒါပေမယ့် ကျုပ်ကိုတော့မကျော်နိုင်ပါဘူး"
ယွမ်ဟောင်ကလည်း ယုံကြည်မှုအပြည့်ဖြင့်ပြုံးကာတုံ့ပြန်လာသည်။ "ကြည့်ကြသေးတာပေါ့"
"မီးတောက်မုန်တိုင်းခြေလှမ်း"
မျက်စိတစ်မှိတ်အတွင်းပင် ယွမ်ဟောင့်ဘေးပတ်လည်ကလေထုမှာ တောက်ပသွားပြီး ပြေးနေသည့်အရှိန်မှာလည်း အဆပေါင်းများစွာထိုးတက်သွားတော့၏။ သူ့ခြေဖဝါးပတ်လည်တွင် မီးတောက်မီးညွန့်များကခုန်နေကြပြီး သူပြေးသွားသည့်လမ်းတစ်လျှောက် အလင်းတန်းတစ်ခုချန်ရစ်ကာ ထျန်းလုံချီကိုကျော်တက်သွားလေတော့သည်။
ထျန်းလုံချီသည် ယွမ်ဟောင်ကျော်တက်သွားသည်ကိုမြင်ပြီး မျက်လုံးများကိုကျဥ်းမြောင်းလိုက်သည်။ ပန်းတိုင်ကိုလှမ်းမြင်နေရလောက်အောင် နီးကပ်နေသည့်အချိန်မျိုးမှာ ပြိုင်ဘက်ကို သူလုံးဝကျော်တက်ခွင့်မပေးနိုင်ပါလေ။
သူ့မှာလည်း လျှို့ဝှက်လက်နက်ရှိနေသေးပြီး ထိုလက်နက်မှာ သူ့ဖိနပ်များပင်ဖြစ်၏။
သူ့ဖိနပ်များမှာ မြေကမ္ဘာအဆင့်နိမ့်မှော်ရတနာများဖြစ်ပြီး ချီစွမ်းအင်သာထပ်ထည့်နိုင်ပါက ၂၀ရာခိုင်နှုန်း ပိုမြန်စေနိုင်မည်ဖြစ်သည်။
တစ်ခုတည်းသောအားနည်းချက်မှာ လိုအပ်သည့်ချီစွမ်းအင်ပမာဏလွန်စွာမြင့်မားသဖြင့် သူမသုံးခဲ့ခြင်းပင်။
သို့သော် အဆုံးသတ်မျဥ်းနားသို့ နီးကပ်လာချိန်မှာတော့ သူလည်းတွ့န်ဆုတ်မနေတော့ပေ။ ထျန်းလုံချီသည် မှော်ရတနာကို ချီစွမ်းအင်ထပ်ဖြည့်လိုက်ပြီး အမြန်နှုန်းမြှင့်လိုက်တော့လေသည်။ ဤသို့ဖြင့် သူ့ထက်ကျောနေသောယွမ်ဟောင်ကို အမီလိုက်နိုင်ရုံသာမက ကျော်ပင်တက်သွားနိုင်လိုက်လေ၏။
"ဟားဟား ကျုပ်ပြောပါတယ် ခင်ဗျားကများကျုပ်ထက်မြန်နိုင်ပါ့မလားလို့ ယွမ်ဟောင်ရေ အရှုံးသာပေးလိုက်ပါတော့"
ထျန်းလုံချီက ယွမ်ဟောင်ကိုလှောင်ရင်းပြောင်ရင်းကျော်တက်သွားလေသည်။
"...."
ယွမ်ဟောင်တွင် ပြန်ပြောစရာစကားမရှိတော့။ သူလည်းရှိသမျှအကွက်အကုန်ထုတ်သုံးပြီးဖြစ်ရာ နောက်ဆုံးတော့နိုင်လောက်မည်ဟုထင်ထားကာမှ ထျန်းလုံချီသည်လည်း လက်ကျန်စွမ်းအားကိုထုတ်သုံးလာခဲ့သည်လေ။
ယွမ်ဟောင်လည်း အတွေးရှုပ်သွားရ၏။ ထျန်းလုံချီဒီလောက်အပြေးမြန်လိမ့်မယ်လို့ သူလည်းထင်မထားခဲ့ပါ။ အရင်အကြိမ်များတုန်းက သူထျန်းလုံချီနှင့်၄ကြိမ်မျှတိုက်ခိုက်ဖူးပြီး တစ်ကြိမ်နိုင်ကာ သုံးကြိမ်သရေကျခဲ့ဖူးသည်။ ထို့ကြောင့် ထျန်းလုံချီ၏လုပ်နိုင်စွမ်းကို သူကောင်းကောင်းကြီးသိပါသည်။
ထျန်းလုံချီမှာ သူမြင်သလောက် အမြင့်ဆုံးအမြန်နှုန်းထိတင်ထားပြီးဖြစ်၍ သူ့ကိုသေချာပေါက်လိုက်မမီနိုင်လောက်တော့ဟု တွက်ထားခဲ့တာဖြစ်သည်။
သို့သော် ထိုသို့ပိုမြန်သွားရသည့်အကြောင်းရင်းကိုသိရဖို့ ယွမ်ဟောင်အချိန်သိပ်မယူလိုက်ရပါ။
"ထျန်းလုံချီ မင်းမှော်ရတနာအားကိုးတဲ့အထိအရှက်မဲ့လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး" ယွမ်ဟောင်က ဒေါသတကြီးပြောလာသည်။
"ဟမ့် အဲ့တော့ဘာဖြစ်လဲ စည်းမျဥ်းတွေနဲ့များဆန့်ကျင်နေလို့လား မသုံးရဘူးလို့များ ပြောထားသေးသလား"
ထျန်းလုံချီကလည်း မျက်နှာပြောင်ပြောင်နှင့်ပင် ပြန်ပက်သည်။
ယွမ်ဟောင်သည်လည်း မှော်ရတနာတစ်ခုမှယူမလာခဲ့မိသောကြောင့် မသုံးခြင်းသာဖြစ်ပေသည်။ သူ့မှာလည်းပါလာမည်သာဆိုလျှင် အထွန့်တက်နေစရာအကြောင်းမရှိပါ။
ပြိုင်ပွဲမှာ အဆုံးသတ်မျဥ်းနားသို့နီးကပ်နေပြီဖြစ်ပြီး ပိုလို့အရေးကြီးလာ၍ မှော်ရတနာအားကိုးဖြင့်ရှေ့မှဦးဆောင်နေသည့်ထျန်းလုံချီကို ယွမ်ဟောင်မျက်စောင်းထိုးရုံကလွဲပြီးဘာမှမတတ်နိုင်တော့ပါ။ ပန်းတိုင်သို့နီးကပ်လာသည်နှင့်အမျှ သူတို့နှစ်ဦးကိုအမီလိုက်လာသည့် ခြေသံများကို အာရုံစိုက်မိသွားကြသည်။
"ဖုန့်မိသားစုခေါင်းဆောင်"
ယွမ်ဟောင်က တအံ့တသြဖြင့်ခေါ်လိုက်သည်။ သူ့မျက်နှာအမူအရာမှာလည်း အစောကယွင်ဟိုင်လျန်ရင်းဖြစ်သွားပုံနှင့်တစ်ထပ်တည်းပင် ထိုမိသားစုခေါင်းဆောင်အုပ်စုကို ဖုန့်ချန်းရှင်းထုတ်လာနိုင်မည်ဟု မထင်ခဲ့ပါချေ။
ထို့အပြင် ဖုန့်ချန်း၏အမြန်နှုန်းမှာ သူထင်ထားတာထက်အများကြီးပိုသာနေသေး၏။
ထျန်းလုံချီသည်လည်း မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားပြီး ထောင်းခနဲထွက်လာသောဒေါသဖြင့် အံကိုတင်းတင်းကြိတ်လိုက်သည်။ "ဒီအမှိုက်ကောင်တွေကတော့ တစ်ယောက်လေးကိုတောင်ကြည့်မရှင်းနိုင်ကြဘူး"
ထျန်းလုံချီမှာ သူညွှန်ကြားခဲ့သည့်မိသားစုခေါင်းဆောင်များကိုသာ ကျိန်ဆဲမိတော့သည်။ သူ့အစီအစဥ်ကိုသူ ပြည့်စုံလှပြီထင်ပြီး ဖုန့်ချန်းကိုအပြတ်ရှင်းလိုက်နိုင်မည်ဟုတွက်ကာ ဤမြေကမ္ဘာအဆင့်မှော်ဖိနပ်များကိုပင် မဟာအကြီးအကဲရန်ဆီမှ ငှားရမ်းခဲ့သေးသည်။
သို့သော် ထိုအုပ်စုမှာ ဖုန့်ချန်းကိုသတ်ဖို့မဆိုထားနှင့် တားပင်မတားလိုက်နိုင်ပါချေ။
"သူ-သူကဘယ်လိုလုပ်အရမ်းမြန်နေတာလဲ"
ဖုန့်ချန်းမှာ မှော်ရတနာအကူသုံးထားသည့်သူ့ထက်ပင် ပိုမြန်နေသယောင်ရှိလေသည်။ ဖုန့်ချန်းမှ သူ့ကိုကျော်တက်ရန်ပြင်လိုက်သည့်အခါ ထျန်းလုံချီမျက်နှာပျက်သွားတော့သည်။
လှောင်ပြောင်သရော်နေရမည့်အချိန်မဟုတ်တော့။ ခါးသီးသည့် အမှန်တရားသည်ကား သူသည် ထိပ်ဆုံးမှဦးဆောင်နေသူမဟုတ်တော့ပါ။
ဖုန့်ချန်းကတော့ သူ့ကိုတစ်ချက်ပင်စောင်းမကြည့်ဘဲ ကျော်တက်သွားတော့သည်။
"နေဦး"
ထျန်းလုံချီက လက်တစ်ဖက်ကိုဆန့်၍ ဖုန့်ချန်းကိုတားရန်ကြိုးစားသော်လည်း မတားနိုင်ခဲ့ပေ။
"နေဦးလို့ပြောနေတယ်လေ"
ထျန်းလုံချီက ဒေါသတကြီးဖြင့်အော်သည်။
သူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ တစ်ဖက်လူကိုအသေသတ်ပစ်ဖို့ အသင့်ပြင်နေသည့်အလား ချီစွမ်းအင်များပြင်းထန်စွာထုတ်လွှတ်လာသည်။
"မင်းကိုလွယ်လွယ်နဲ့လွှတ်ပေးလိမ့်မယ်မထင်နဲ့" ဖုန့်ချန်းကတော့ သူ့ကိုတစ်ချက်ပင်လှည့်မကြည့်ဘဲ ဆက်၍သာပြေးနေသည်။
"မင်းလုပ်ရဲတယ်ပေါ့" ယွမ်ဟောင်ကအော်လိုက်သည်။ ထျန်းလုံချီဘာလုပ်ဖို့ပြင်နေမှန်း သူခန့်မှန်းမိသွားလေပြီ။
"ဟမ့် ငါလုပ်ရဲတာပေါ့ ဒါကစည်းမျဥ်းစည်းကမ်းနဲ့များ သွေဖယ်နေသေးလို့လား"
ထျန်းလုံချီသည် တစ်ချက်မှတွ့န်ဆုတ်နေခြင်းမရှိဘဲ လက်ကျန်အင်အားများကို လက်ဝါးထဲသို့အကုန်ပို့လွှတ်၍ ဖုန့်ချန်းထံပစ်ခွင်းလိုက်သည်။ "ကြက်သွေးရောင်ကောင်းကင်ရိုက်ချက်"
သူ့ဘေးပတ်လည်မှလေထုသည် ရိုက်ချက်၏စွမ်းအင်ကြောင့်နှစ်ပိုင်းကွဲသွားဟန်ရှိပြီး သက်ရောက်မှုအားကြောင့် မြေပြင်ပါတုန်ခါသွားရတော့၏။
ယွမ်ဟောင်သည်လည်း ထျန်းလုံချီကိုတားဖို့ကြိုးစားသော်ငြား အရမ်းနောက်ကျသွားလေပြီ။
ထျန်းလုံချီ၏ရိုက်ချက်သည် လေထုကိုဖြတ်သန်းသွားပြီး ချီစွမ်းအင်အလုံးအရင်းလိုက်ကြီးသည် ဖုန့်ချန်းထံသို့တည့်တည့်ကြီးပြေးဝင်သွားတော့၏။ တစ်ခဏမျှတော့ သူ့ပစ်မှတ်ကိုကွက်တိမှန်လေပြီဟု ထျန်းလုံချီတွက်ဆလိုက်သည်။ ပေါက်ကွဲမှုသည် ဖုန်များအမှုန်များကို အလုံးလိုက်လွင့်စင်သွားစေပြီး သူ့မြင်ကွင်းကိုဝေဝါးသွားစေသည်။ ထျန်းလုံချီသည် မောဟိုက်နေသောရင်အစုံဖြင့်မတ်တပ်ရပ်ကာ အမှုန်များအနည်ထိုင်လာပြီး သူ့ရိုက်ချက်အောက်လဲပြိုနေသည့် ဖုန့်ချန်းပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။
သို့သော် ပတ်ဝန်းကျင်လေထု ရှင်းလင်းသွားသည်နှင့် သူ့မျက်နှာမှာ မယုံကြည်နိုင်ဟန်အမူအရာများပေါ်လာတော့သည်။
ဖုန့်ချန်းသည် ထိုပေါက်ကွဲမှုနေရာတွင်လည်းရှိမနေသလို အနီးအနားတွင်လည်းရှိမနေပါ။ ရိုက်ချက်မှာ သူ့ကိုနည်းနည်းမှမသက်ရောက်လိုက်သည့်အလား ဆက်လက်ပြေးလွှားသွားရင်း တစ်ချိန်ကထျန်းလုံချီ၏ရှေ့တစ်လှမ်းစာတွင်သာရှိခဲ့သောပုံရိပ်သည် အခုအတော်ဝေးဝေးရောက်လို့နေလေပြီ။
ထျန်းလုံချီမျက်လုံးများပြူးကျယ်သွားသည်။ "မဖြစ်နိုင်တာ" ပါးစပ်အဟောင်းသားဖြင့် သူရေရွတ်လိုက်သည်။ "ငါသူ့ကိုထိအောင်ပစ်ခဲ့တယ် အဲ့ရိုက်ချက်ကနေ အသက်ရှင်လျက်လွတ်သွားစရာအကြောင်းကိုမရှိဘူး"
သို့ပေမယ့် ဖုန့်ချန်းကတော့ အထိအခိုက်ကင်းရှင်းစွာ ရှေ့သို့တဟုန်ထိုးဆက်ပြေးနေပြီး အမြန်နှုန်းမှာလည်း တည်ငြိမ်လှသည်။ တစ်ဖက်လူ၏တိုက်ကွက်က သူ့အား ခြေတစ်လှမ်းပင်မနှောင့်နှေးလိုက်စေသကဲ့သို့။
ထျန်းလုံချီမှာတော့ နေရာတွင်ပင်တောင့်တောင့်ကြီးရပ်နေလျက် သူ့မျက်စိရှေ့တင် ဖြစ်ပျက်သွားသမျှကို နားလည်အောင်ကြိုးစားနေရသည်။
(ဖုန့်ချန်းက ငါ့ရိုက်ချက်ကိုဘယ်လိုရှောင်လိုက်တာလဲ ဘယ်လိုများရှောင်နိုင်တာလဲ)
ထျန်းလုံချီမှာ ဒေါသများ၊ ပင်ပန်းနွမ်းနယ်မှုများဖြင့် ရင်တစ်ခုလုံးတင်းကျပ်လှိုက်မောလို့နေပြီး ဖုန့်ချန်းတစ်ယောင် နောက်ဆုံးပန်းတိုင်အားဖြတ်သန်းသွားသည်ကို အကူအညီမဲ့စွာရပ်ကြည့်နေဖို့သာ တတ်နိုင်တော့လေ၏။ အခုတော့ အနိုင်ရရှိသူကို မေးခွန်းထုတ်နေရန်မလိုတော့ပါ။ ထိုသူမှာ ဖုန့်ချန်းပင်။