ဖုန့်ချန်းအနိုင်ရပြီ
Vol. 11 Ch. 153
ထျန်းလုံစံအိမ်ထဲမှ ကြည့်ရှုသူများသည်လည်း အံ့မခန်းလောက်သောအမြန်နှုန်းဖြင့် ဖုန့်ချန်းတစ်ယောက် အဆုံးသတ်ပန်းတိုင်မျဥ်းသို့ ဖြတ်သန်းသွားသည်အား ရင်သပ်ရှုမောစောင့်ကြည့်နေကြသည်။ သူတို့အားလုံး၏မျက်လုံးများမှာ တည်တည်ငြိမ်ငြိမ်မျက်နှာထားနှင့်ပင် ပြေးလွှားနေသည့်ဖုန့်ချန်းထက် တစ်စိုက်မတ်မတ်စွဲငြိလို့နေကြတော့သည်။
သူ့မျက်နှာအမူအရာသည် အစမှအဆုံးအထိ တစ်ချက်ကလေးမှမပြောင်းလဲ။ ထျန်းလုံချီ၏တိုက်ခိုက်မှုကြောင့် ထိခိုက်သွားဟန်လည်းမပေါ်၊ အပြေးပြိုင်ပွဲတွင်ပထမနေရာရလို့လည်း မြူးထူးပျော်ပါးခြင်းမရှိ၊ ပြိုင်ပွဲတစ်ခုလုံးတွင် ပထမနေရာကို သေချာပေါက်ဆွတ်ခူးပြီးလိုက်သော်ငြား ဂုဏ်ယူဝင့်ကြွားဟန်လည်းမပေါ်။ စိတ်ခံစားချက်အတက်အကျမရှိသည့်နှယ်။
ဒီကမ္ဘာပေါ်တွင် ဒီလူကိုကိုင်လှုပ်နိုင်မည့်အရာ မပေါ်ပေါက်သေးဟန်တူ၏။
"ဟားဟား မိသားစုခေါင်းဆောင်လုပ်နိုင်ခဲ့ပြီ ငါတို့နိုင်ပြီဟေ့" ဖုန့်ကျန်းရှန်က စိတ်လှုပ်ရှားစွာဟစ်ကြွေးလိုက်သည်။
ပြိုင်ပွဲစဥ်တစ်လျှောက်လုံး ဖုန့်ချန်းမှာ ခေါင်းဆောင်အုပ်စုဖြင့်အဝိုင်းခံလိုက်ရ၊ ထျန်းလုံချီဆီကတိုက်ခိုက်ခံလိုက်ရဖြင့် ဘေးကင်းသည်ကိုမရှိခဲ့သောကြောင့် သူသည်လည်း တစ်ချိန်လုံးစိုးရိမ်စိတ်ဖြင့် ရင်တမမကြည့်ခဲ့ရတာပင်။
သို့သော် ထိုသို့အခက်အခဲများကြားမှာပင် သူတို့မိသားစုခေါင်းဆောင်ကား အမူအရာတစ်ချက်ကလေးမျှမပျက်၊ မိသားစုကိုသိက္ခာကျစေမည့်တုံ့ပြန်မှုမျိုး တစ်ခုလေးသော်မျှမလုပ်၊ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့လေသည်။ ဖုန့်ကျန်းရှန်သည်လည်း တစ်လျှောက်လုံးတင်းခံထားသောခံစားချက်များကို ပေါက်ထွက်ခွင့်ပေးလိုက်ပြီး အော်ဟစ်ကြွေးကြော်မိလေသည်။
ဖုန့်ကျန်းရှန်ထံမှ အောင်ပွဲခံကြွေးကြော်သံထွက်လာသည်နှင့် ထျန်းလုံအကြီးအကဲ၏မျက်နှာမှာ မည်းမှောင်လို့သွားပြီး အချို့ထျန်းလုံမိသားစုဝင်များက ဖုန့်မိသားစုဝင်များကို မကျေမချမ်းစိုက်ကြည့်လာကြသည်။
"မိသားစုခေါင်းဆောင်အနိုင်ယူလိုက်ပြီ ငါတို့သေချာပေါက်ပထမနေရာရပြီဟေး" ဖုန့်ကျန်းဟောင်သည်လည်း မနေနိုင်တော့ဘဲ ပျော်ရွှင်မြူးထူးစွာဖြင့် ထအော်လေတော့သည်။
ဖုန့်မေ၊ ဖုန့်လျန်း၊ ဖုန့်ရှောင်ယုနှင့် ဖုန့်ယွင်တို့သည်လည်း စိတ်လှုပ်ရှားစွာ အတူအောင်ပွဲခံလာကြသည်။ လွယ်လွယ်နှင့်ရခဲ့သောအောင်ပွဲမဟုတ်ပေ။ ပြိုင်ပွဲစဥ်တိုင်းမှာ သူတို့အစွမ်းကုန်အားထုတ်ကြိုးစားခဲ့ကြသည်သာ။
အရှေ့ပိုင်းစီရင်စု စုဝေးပွဲတစ်ခုလုံးကို သူတို့ဖုန့်မိသားစုက ကောင်းကောင်းကြီးလွှမ်းမိုးနိုင်ခဲ့ပြီး မိသားစု၏အားအင်ကိုလည်း သက်သေပြနိုင်ခဲ့သည်ပင်။
အခြားကြည့်ရှုသူများမှာလည်း အနိုင်ရရှိသူဖုန့်ချန်းအား အံ့သြတကြီးဖြင့်ငေးကြည့်လို့နေကြ၏။ ဖုန့်မိသားစု၏ ခေါင်းဆောင်ငယ်လေးကို သူတို့အားလုံး အထင်သေးခဲ့မိကြလေပြီ။
ထိုခေါင်းဆောင်ငယ်လေးမှာ ပိုင်ကျန်းနှင့် အခြားမိသားစုခေါင်းဆောင်များစွာ ဖွဲ့စည်းထားသည့်အုပ်စုကို တည်တည်ငြိမ်ငြိမ်ကိုင်တွယ်လိုက်နိုင်ရုံသာမက ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်ဆင့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ပေါ့ပေါ့ပါးပါးရှောင်ထွက်လိုက်နိုင်သေးသည်။
အသက်၃၀အရွယ်သာရှိသေးသော ဖုန့်ချန်းတွင် ထိုမျှလျှို့ဝှက်နက်နဲသောစွမ်းအားများ ခိုအောင်းနေလိမ့်မည်ဟု မည်သူကတွေးထင်မိမည်နည်း?
ကျိုးညီနောင်အကြီးအကဲများ ဖုန့်ချန်းလက်ထဲတွင် အသက်ဆုံးခဲ့ရသည်မှာ အံ့သြစရာမရှိတော့ဟု သူတို့တွေးမိလိုက်ကြသည်။
ရေခဲနတ်သမီးသည်လည်း အတော်လေးအံ့အားသင့်နေဟန်ရှိလေ၏။ ယခုပြိုင်ပွဲစဥ်တစ်လျှောက်လုံး ဖုန့်ချန်းကိုသူစောင့်ကြည့်အကဲဖြတ်ခဲ့ရာ ထိုသူမှာ ပါရမီထူးသူတစ်ဦးဖြစ်ကြောင်း သူမသိလိုက်ရတော့သည်။
ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သော သူမကိုယ်တိုင်ပင် ဖုန့်ချန်းအား ဖောက်ထွင်းရှုမြင်နိုင်စွမ်းမရှိသလို ထျန်းလုံချီ၏တိုက်ကွက်မှ ဖုန့်ချန်းထိခိုက်ဒဏ်ရာပင်မရဘဲ မည်သို့လွတ်လာသနည်းဆိုတာကိုလည်း မမြင်နိုင်ခဲ့ပါချေ။
ကောင်းကင်သလင်းကျောက်မျက်နှာပြင်ကတစ်ဆင့် ကြည့်နေရသောကြောင့်သာ ဖုန့်ချန်းသုံးခဲ့သည့်လွတ်လမ်းကို သူမတပ်အပ်မပြောနိုင်ခြင်းဖြစ်သည်။
သူမသာထိုနေရာမှာရှိလျှင် အာရုံခံစားမှုဖြင့် သေချာပေါက်သိမြင်နိုင်ပေမည်။
(သူ့စွမ်းအားက ဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုတော့ ကျော်လွန်နေပြီ ဒါပေမယ့် ဝိဉာဥ်သန္ဓေအဆင့်ထိရောက်သေးတဲ့ပုံလည်းမပေါ်ပါဘူး)
ရေခဲနတ်သမီး စဥ်းစားခန်းဝင်လို့နေသည်။
ဖုန့်ချန်းကို ဝိဉာဥ်သန္ဓေအဆင့်ထိတော့ မရောက်နိုင်လောက်သေးဟု သူမကောက်ချက်ချကာ အဆင့်ချိုးဖျက်ခါနီးဖြစ်မည်ဟုသာ ခန့်မှန်းထားလိုက်သည်။
ထိုသို့ခန့်မှန်းလိုက်မိခြင်းက သူမကိုပို၍ပင်အံ့အားသင့်သွားစေသည်။ အသက်၃၀အရွယ် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဆိုပါကလား။ မိုးပြာကောင်းကင်အင်ပါယာတစ်လွှားဝယ် အသက်အငယ်ဆုံး ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဖြစ်ပေမည်။
သူတို့ဂိုဏ်းမှ ဖုန့်မိသားစုအားအရေးပေးထားမှုကို ပြန်စဥ်းစားရတော့မည့်အချိန်ပင်။ ထိုမိသားစုက သူမတို့ထင်ထားသည်ထက် များစွာစွမ်းအားကြီးနေနိုင်သည်။
ပြိုင်ပွဲကွင်းဝယ် ဖုန့်ချန်းမှာ ပန်းတိုင်မျဥ်းကိုဖြတ်သန်းပြီးနောက် စက္ကန့်အနည်းငယ်မျှအမောဖြေနေလိုက်ပြီး နောက်မှအပြေးလိုက်လာသော ထျန်းလုံချီနှင့်ယွမ်ဟောင်တို့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထျန်းလုံချီနှင့်ယွမ်ဟောင်မှာ ပန်းတိုင်မျဥ်းသို့ ဟောဟဲလိုက်လျက် ရောက်လာခဲ့ကြလေပြီ။
ဒုတိယရောက်လာသူမှာ ယွမ်ဟောင်ဖြစ်ပြီး တတိယနေရာကတော့ ထျန်းလုံချီပင်။
အဘယ့်ကြောင့်ဆိုသော် ထျန်းလုံချီမှာ ဖုန့်ချန်းကိုတိုက်ခိုက်ရာတွင် ချီစွမ်းအင်များသုံးလိုက်ရသေးပြီး ထို့နောက် ဖုန့်ချန်းထိခိုက်ဒဏ်ရာတောင်မရပဲ ပထမနေရာကိုဦးလိုက်နိုင်သောအခါ ကြောင်အအဖြင့်ရပ်နေမိပြီး တုံ့ပြန်မှုနှေးကွေးခဲ့သောကြောင့်ဖြစ်လေသည်။
ထိုနှောင့်နှေးမှုကို ယွမ်ဟောင်ကအခွင့်ကောင်းယူဟာ ဒုတိယနေရာသို့အရောက်လာနိုင်ခဲ့သည်။
အဆုံးသတ်မျဥ်းကို ကျော်ပြီးသွားသည်နှင့် ထျန်းလုံချီက ဖုန့်ချန်းကိုဒိုင်းခနဲစိုက်ကြည့်လာသည်။ ဖုန့်ချန်းကလည်း သူ့ကိုမျက်ခုံးတစ်ဖက်ပြန်ပင့်ပြလိုက်သည်။ ထျန်းလုံချီမှာ ဖုန့်ချန်းဟိုဘက်လှည့်သွားသည်အထိ နောက်ကျောကို ထိုအတိုင်းပင်ဆက်စိုက်ကြည့်နေပြီး လက်ထဲမှချီစွမ်းအင်များကို တဖျောက်ဖျောက်မြည်သည်အထိ လှည့်ပတ်လို့နေသည်။ သူ့တိုက်ကွက်ကို အဲ့ကောင်ဘယ်လိုရှောင်သွားမှန်း သူယခုထိစဥ်းစားလို့မရပေ။ မြေကမ္ဘာအဆင့်မှော်ဖိနပ်မှာလည်း သူ၏တစ်ခုတည်းသောဝှက်ဖဲဖြစ်ပြီး သေချာပေါက်အနိုင်ရရှိစေရန် ကြိုတင်စီစဥ်ထားခြင်းဖြစ်၏။ ထိုဝှက်ဖဲမှာလည်း အခုတော့ အသုံးမဝင်သည့်အပိုပစ္စည်းသက်သက်တစ်ခုသာ ဖြစ်ခဲ့ရလေသည်။
ထျန်းလုံချီ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ဒေါသများမှာ ရင်ထဲတွင် မီးတောင်ချော်ရည်များပမာ ပူလောင်ဆူပွက်နေလျက်။ ဒီအဖြစ်ကို သူလုံးဝလက်မခံနိုင်ပါချေ။
ဒီလောက်ထိ အစအဆုံးအကွက်စေ့စေ့နှင့် ပြင်ဆင်ခဲ့တာတောင်မှ ဖုန့်ချန်းလိုမလောက်လေးမလောက်စားကောင်က သူ့ကိုအနိုင်ယူနိုင်သေးသတဲ့လား? လုံးဝလက်ခံနိုင်စရာမရှိပါ။
"မင်း လိမ်ညာပြီး အနိုင်ယူတာပဲဖြစ်ရမယ်၊ မင်းမှာ အဲ့လောက်အစွမ်းမရှိရဘူး"
ထျန်းလုံချီသည် ဖုန့်ချန်းအနားသို့အမြန်တိုးကပ်သွားလိုက်ပြီး အာခေါင်ခြစ်အော်လိုက်သည်။
ထျန်းလုံချီ၏မျက်နှာမှာ ဒေါသအပြည့်ဖြင့်နီရဲနေလျက်။ ဖုန့်ချန်းကို နာကျည်းစွာစိုက်ကြည့်နေပြီး လက်ညှိုးငေါက်ငေါက်ထိုးလျက် ထပ်အော်လာသည်။
"မင်းလိုကောင်က လှည့်ကွက်မသုံးဘဲ နိုင်စရာအကြောင်းမရှိဘူး"
"ဝန်ခံလိုက်စမ်းပါ မင်း စည်းကမ်းနဲ့မညီတဲ့နည်းလမ်းတွေ သုံးထားသေးတယ်မဟုတ်လား"
ဖုန့်ချန်းကတော့ သက်ပြင်းအသာချလျက် ဘာမှပြန်ပြောမနေတော့။ ကိုယ်တိုင်က ကောက်ကျစ်စဥ်းလဲတဲ့နည်းမျိုးစုံသုံးထားပြီး အဆုံးထိအနိုင်မရသောအခါတွင်တော့ သူတစ်ပါးကို သွေးရူးသွေးတမ်းလှည့်စွပ်စွဲတတ်သည့် ဒီလိုလူ့ငနွားမျိုးကို နေရာတိုင်းတွင်တွေ့ရတတ်ပါ၏။
သူခိုးကလူပြန်ဟစ်ဆိုသည့် စကားပုံအတိုင်းပါပင်။
ဖုန့်ချန်းက ဘာမှမတုံ့ပြန်ဘဲ ထျန်းလုံစံအိမ်သို့ဦးတည်ကာ လှည့်ပြန်လိုက်တော့သည်။ စံအိမ်တွင် ဒီပြိုင်ပွဲစဥ်၏ရလဒ်ရော စုဝေးပွဲတစ်ခုလုံး၏ရလဒ်ကိုပါ ကြေညာတော့မည်မဟုတ်လော။
"မင်း"
ထျန်းလုံချီမှာ ဖုန့်ချန်းထံမှလျစ်လျူရှုခံလိုက်ရ၍ တုန်ရီနေအောင် ဒေါသထွက်လာတော့၏။
သို့ပေမယ့် ဖုန့်ချန်းကတော့သူ့ကို စက္ကန့်ပိုင်းမျှပင်အချိန်မပေးဘဲ နေရာမှထွက်ခွာသွားလေပြီ။
ယွမ်ဟောင်သည် ထျန်းလုံချီကို သနားသလိုကြည့်လိုက်မိသည်။ သို့သော် ဤသို့ကောက်ကျစ်စဥ်းလဲသောသူမျိုးသည် လျစ်လျူရှုခံရဖို့သာ ထိုက်တန်တော့သည်လေ။ ယွမ်ဟောင်သည်လည်း ဖုန့်ချန်းနောက်သို့သာ အပြေးလိုက်သွားတော့သည်။
"ဂုဏ်ပြုပါတယ် ဖုန့်ခေါင်းဆောင်ရေ စွမ်းအားတွေဒီလောက်လျှိုထားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူးဗျာ ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်ဆင့်ထိတော့ ရောက်နေလောက်ရောပေါ့ ဟုတ်တယ်မလား"
ယွမ်ဟောင်က ဂုဏ်ပြုစကားဆိုရင်းမေးလာသည်။ အစောကသူပြေးသည့်နှုန်းနှင့် ထျန်းလုံချီ၏တိုက်ကွက်ကို လုံးလုံးလျားလျားရှောင်လိုက်နိုင်သည်အားကြည့်ပါက ဖုန့်ချန်းမှာ သေချာပေါက် ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်ဆင့်တွင်ရောက်နေလောက်ပြီဟု သူကောက်ချက်ချမိသည်။
"အင်း အဲ့လိုမျိုးပေါ့" ဖုန့်ချန်းက ခပ်တည်တည်ပင် ညာလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးလုံး တောင်ပေါ်ကနေ အေးအေးလူလူသာပြန်ဆင်းလာလိုက်ကြတော့သည်။
"ရှင်တို့နှစ်ယောက်က အပြီးသတ်ပြီးကြပြီပေါ့လေ"
အပြန်လမ်းတွင် အခုထိပြေးနေဆဲဖြစ်သော ယွင်ဟိုင်လျန်ရင်းနှင့် တွေ့လိုက်ကြသည်။
ဖုန့်ချန်းနှင့်ယွမ်ဟောင်လည်း ပြိုင်တူသာခေါင်းညိတ်ပြလိုက်ကြသည်။
" ဘယ်သူနိုင်သွားလဲ"
ယွင်ဟိုင်လျန်ရင်းက သိချင်ဇောဖြင့်မေးလာသည်။ ထျန်းလုံချီနှင့်ယွမ်ဟောင် နှစ်ယောက်ထဲမှတစ်ယောင်ပင်ဖြစ်လောက်မည်ဟု သူမခန့်မှန်းထားသော်လည်း ဖုန့်ချန်းကိုလည်း ဖြစ်နိုင်ချေထဲသို့ထည့်တွက်ထားပါသေး၏။
"ဖုန့်ခေါင်းဆောင်နိုင်သွားတာ" ယွမ်ဟောင်ကဖြေပေးလာသည်။
ယွင်ဟိုင်လျန်ရင်းမှာ တအံ့တသြဖြစ်သွားရသည်။ ဖြစ်နိုင်ချေအနည်းဆုံးဟု သူမတွက်ထားသောသူက နိုင်သွားသည်တဲ့လေ။ အထင်ကြီးချီးမွမ်းဟန်နှင့်အတူ စူးစမ်းလိုစိတ်များလည်း သူမအကြည့်မှာ ကပ်ပါလာကြသည်။
"ဖုန့်ခေါင်းဆောင်နိုင်သွားတယ်တဲ့လား" သူမကထပ်မေးလာသည်။ မယုံကြည်နိုင်သေးသကဲ့သို့ပင်။
"ဂုဏ်ပြုပါတယ် ဖုန့်ခေါင်းဆောင်"
"ကျေးဇူးပါဗျာ"
တိုတိုတုတ်တုတ် စကားစမြည်ပြောပြီးနောက် ယွင်ဟိုလျန်ရင်းလည်း ဆက်ပြေးရတော့သည်။ သူမမှာ အဆုံးသတ်မျဥ်းသို့မရောက်သေးသဖြင့် ထိုနှစ်ယောက်လိုအေးအေးလူလူဖြစ်မနေနိုင်ပေ။ အခြားသူများသူမကိုကျော်တက်သွားမည်အား စိုးရသေး၏။
ဖုန့်ချန်းဘယ်လိုနိုင်သွားခဲ့သနည်း ဆိုတာကို သူမစပ်စုချင်လှသော်ငြား နောက်မှမိသားစုဝင်များကိုမေးကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ယွင်ဟိုင်လျန်ရင်း အပြေးပြိုင်ပွဲကိုအပြီးသတ်နေသခိုက် ဖုန့်ချန်းနှင့်ယွမ်ဟောင်မှာလည်း တောင်အောက်သို့ဆက်ဆင်းသွားကြတော့သည်။ လမ်းတစ်လျှောက်တွင် အပြီးမသတ်ရသေးသောမိသားစုခေါင်းဆောင်များကိုတွေ့ရသလို ပိုင်ကျန်းနှင့်သူ့အုပ်စုကိုလည်း တွေ့လိုက်ရပါသေး၏။
"ဖုန့်ချန်း"
ပိုင်ကျန်းက ဒေါသတကြီးဖြင့်အော်ခေါ်လာသည်။ ဖုန့်ချန်း သူတို့အုပ်စုကိုတစ်ချက်ဝေ့ကြည့်လိုက်သော် တစ်အုပ်စုလုံး ဒဏ်ရာအနာတရများဖြင့် စုတ်ပြတ်သတ်နေကြပြီး အချို့ဆို အတော်ဆိုးဆိုးပင်။ အဆင့်၅သားရဲကို တစ်အုပ်လုံးဝိုင်းဝန်းနှိမ်နင်းခဲ့ကြသော်ငြား အတော်လေးတော့ လွယ်ကူခဲ့ဟန်မတူပေ။
ပိုင်ကျန်းသည် အရှေ့သို့တဟုန်ထိုးပြေးသွားပြီး ဖုန့်ချန်းအားရိုက်ပစ်ချင်လှသည်။ အဆင့်၅သားရဲလက်ထဲတွင် သူကိုယ်တိုင်လည်းဒဏ်ရာရခဲ့ပြီး တရားခံမှာ ဖုန့်ချန်းပင်ဖြစ်ရမည်ဟု သူယုံကြည်သည်။ သူထင်တာလည်း မှားသည်တော့မဟုတ်ပါလေ။
သို့သော်ငြား မိသားစုခေါင်းဆောင်တစ်ဦးက သူ့ကိုဆွဲထားလိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။
ဖုန့်ချန်းနှင့်ယွမ်ဟောင်၏အမူအရာကိုကြည့်ခြင်းအားဖြင့် ပြိုင်ပွဲကိုအပြီးသတ်ခဲ့ပြီး နောက်ကြောင်းပြန်လှည့်နေသည်မှန်း ခန့်မှန်းလို့ရပေသည်။ သူတို့လို အနောက်မှာတစ်ကျန်ခဲ့သောသူများ သွားပြီးရန်စနေစရာမဟုတ်တော့ပါ။
သူတို့လုပ်ရန်ရှိသောတာဝန်ကိုလည်း မအောင်မြင်ခဲ့ပါပေ။ ထို့ကြောင့် ဖုန့်ခေါင်းဆောင်ကို အသားလွတ်သွားစော်ကားနေဖို့ရာ မသင့်တော်တော့ပါ။
ပိုင်ကျန်း အံတင်းတင်းကြိတ်ပြီး နောက်သို့အသာပြန်ဆုတ်လိုက်ရသည်။
ဖုန့်ချန်းကတော့ သူတို့ကိုခေါင်းထဲရှိဟန်ပင်မတူဘဲ အေးအေးဆေးဆေးခရီးဆက်သွားရာ ခပ်ဖြည်းဖြည်းဖြင့် ထျန်းလုံစံအိမ်သို့ပြန်ရောက်သွားတော့သည်။
ဖုန့်ချန်းနှင့်ယွမ်ဟောင် စံအိမ်သို့ပြန်ရောက်သည်နှင့် ခန်းမတစ်ခုလုံးမှထွက်ပေါ်လာသော လက်ခုပ်အားပေးသံများဖြင့် ဆူညံသိုက်မြိုက်စွာစောင့်ကြိုနေကြတော့၏။ အများစုကတော့ ဖုန့်ချန်းကိုဦးတည်ထားကြသည်ပေါ့။
"ဖုန့်မိသားစုခေါင်းဆောင်ကို အနိုင်ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်ခင်ဗျာ"
"ဖုန့်မိသားစုခေါင်းဆောင်က ဟိုခေါင်းဆောင်အုပ်စုကိုရှင်းတဲ့နေရာမှာ အတော်ဆရာကျတာပဲဗျာ"
"ဆရာသခင်ဖုန့်ကတော့ စွမ်းအားကြီးမားပါပေ့"
"ပါရမီရှင်တွေအများကြီးရှိနေရုံတင်မကဘူး မိသားစုခေါင်းဆောင်ကပါ စွမ်းအားကြီးနေပါရောလား မနာလိုချက်ပဲဗျာ"
......
ဖုန့်ချန်းမှာ ချီးကျူးစကားများစွာကို ခေါင်းညိတ်၍သာတုံ့ပြန်ပြီး သူ့မိသားစုတည်ရှိရာနေရာသို့ ဦးတည်သွားလိုက်တော့၏။
"မိသားစုခေါင်းဆောင် လုပ်နိုင်ခဲ့ပြီကွ" ဖုန့်ကျန်းဟောင်က စိတ်လှုပ်ရှားစွာဟစ်ကြွေးလျက် ဝင့်ကြွားမြူးထူးလို့နေသည်။ "ပြိုင်ပွဲစဥ်တိုင်းမှာ ပထမနေရာပဲ ကျွန်တော်တို့မိသားစုရဲ့အင်အားကို သက်သေပြနိုင်ခဲ့ပြီ"
ဖုန့်မေ၊ ဖုန့်လျန်းနှင့် ဖုန့်ရှောင်ယုတို့သည်လည်း ပျော်ရွှင်မြူးထူးလို့နေကြပြီး ဖုန့်ယွင်ပင် အောင်ပွဲခံရာသို့ ဝင်ရောက်ဆင်နွှဲလာသည်။ သူတို့လည်း သူတို့တတ်နိုင်သောနေရာအသီးသီးမှ မိသားစုနှင့်ခေါင်းဆောင်ကို ကူညီပံ့ပိုးပေးခဲ့သော်ငြား သူတို့ကို အောင်ပွဲအစစ်အမှန်ဆီသို့ ခေါ်ဆောင်သွားနိုင်သူကတော့ ခေါင်းဆောင်ပင်ဖြစ်၏။
"ခေါင်းဆောင်ကတော့ လုံးဝအံ့မခန်းပဲ" ဖုန့်ရှောင်ယုက တမေ့တမောချီးကျူးလာသည်။ "အကုန်လုံးကိုအနိုင်ပိုင်းခဲ့ရုံတင်မကဘူး ဘာမှတောင်ခက်ခက်ခဲခဲအားမထုတ်လိုက်ရဘူး ခေါင်းဆောင်ဒီလောက်ထိလျှိုထားတာ မသိခဲ့ဘူးပဲ"
ဖုန့်ချန်းကတော့ ပြုံး၍သာနေတော့သည်။
ဖုန့်မိသားစုဝင်များမှာ ဖုန့်ချန်းအနားတွင်ပတ်ပတ်လည်ဝိုင်းလို့နေကြပြီး ခေါင်းဆောင်အပေါ် သူတို့၏အထင်ကြီးလေးစားမှုများ ပိုလို့သာတိုးလာကြတော့သည်။ ဖုန့်ချန်းလုပ်နိုင်မည်ဖြစ်ကြောင်း သူတို့ယုံကြည်ခဲ့ကြပါသော်ငြား ယနေ့တွင် ခေါင်းဆောင်၏လက်တွေ့စွမ်းဆောင်မှုများမှာ သူတို့မြင်ဖူးသည်ထက် များစွာသာလွန်နေပေသည်။ သို့သော် သူတို့ခေါင်းဆောင်မှာ ယခုအချိန်ထိ အင်အားကုန်ကိုပင်ထုတ်မပြရသေးသည်မှန်း တစ်ယောက်မှမတွေးမိခဲ့ကြသေးပါချေ။