စနစ်ကရက်ရောနေတယ်
Vol. 11 Ch. 154
ဖုန့်ချန်းသည် ပြုံးယောာင်ယောင်မျက်နှာထားဖြင့် သူ့မိသားစုဝင်များနှင့်အတူထိုင်လိုက်သည်။ အကြည်များကတော့ တည်ငြိမ်အေးဆေးလျက်သာပင်။ စုဝေးနေကြသော လူအုပ်ကြီးထံ သူတစ်ချက်ဝေ့ကြည့်လိုက်သည်။ ဒီပြိုင်ပွဲက ဖုန့်မိသားစုအပေါ် လူအများ၏အမြင်ကို ထာဝရပြောင်းလဲပေးနိုင်လိမ့်မည်။ ဖုန့်ချန်းအကြောင်း ချီးမွမ်းသံများ၊ အံ့သြဘနန်းဆွေးနွေးသံများမှာ လူအများကြားတွင်ပျံ့နှံ့လို့နေပြီး ဖုန့်ချန်းအားဝိုင်းတိုက်ခိုက်ခဲ့သည့် ခေါင်းဆောင်များ၏ မိသားစုများမှာမူ မလိုတမာဟန်ဖြင့် လှမ်းကြည့်လို့နေကြ၏။
သူတို့ခေါင်းဆောင်များ၏ လုပ်ရပ်များကြောင့် ဒီတစ်သက်တော့ ဖုန့်မိသားစုနှင့်မဟာမိတ်ဖွဲ့နိုင်စရာ အခွင့်အရေးမရှိတော့သည်မှန်း သူတို့သိကြပါသည်။
ရန်ဘက်များပွားများမည့်အရေးကို ရှောင်ရှားချင်သော်ငြား တကယ်တမ်းနှစ်ဖက်ရင်ဆိုင်တွေ့မည်ဆိုလျှင်လည်း ဖုန့်မိသားစုကိုသူတို့မယှဥ်နိုင်ပါချေ။
မိသားစုခေါင်းဆောင်ဆယ်ယောက်လောက်ကိုတောင် ဖုန့်ချန်းကအေးအေးဆေးဆေးကိုင်တွယ်နိုင်ခဲ့ပြီး ထျန်းလုံချီပင် ထိုသူကိုသေအောင်မသတ်နိုင်ခဲ့ပေ။
ထိုသို့ဖုန့်မိသားစုနှင့် တိုက်ခိုက်ရပါလျှင် အသက်ရှင်ဖို့လမ်းကို မည်သူကမျှော်လင့်နေပါဦးမည်နည်း?
မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲမပြီးဆုံးသေးသည်ဖြစ်၍ မိသားစုများမှာ ဖုန့်ချန်းအားစိတ်ကျေနပ်စေရန် သူတို့တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားကြပါသေးသည်။
ထျန်းလုံချီကိုတော့ အရိပ်အယောင်ပင်မတွေ့ရပေ။ ပြိုင်ပွဲအပြီးတွင် တစ်နေရာရာကိုထွက်သွားဟန်ရှိပြီး လူကြားထဲကိုယ်ထင်ပြလာဖို့ အစီအစဥ်မရှိသည့်ဟန်ပင်။
အခြားထျန်းလုံမိသားစုဝင်များမှာလည်း ဖုန့်ချန်းအား ကပ်ဖားရပ်ဖားလုပ်နေကြသော မိသားစုများကို မမြင်လိုလှ၍ နေရမှထွက်သွားရန်ဖင်တကြွကြွဖြစ်နေကြတော့၏။
သို့သော်ငြား အရှေ့ပိုင်းစီရင်စု စုဝေးပွဲအား ဦးဆောင်ကျင်းပရသည့်မိသားစုတစ်ခုအနေဖြင့် သူတို့ထွက်သွားလို့မရပေ။ အထူးသဖြင့် ပြိုင်ပွဲရလဒ်များကို ကြေညာပေးရန်ရှိသေးသော ထျန်းလုံကျန်းပင်။
ဖုန့်ချန်းမှာ မရပ်မနားကြားနေရသော ချီးမွမ်းမြှောက်ပင့်စကားများကို နားထောင်အသိအမှတ်ပြုပေးနေသော်ငြား သိပ်တော့စိတ်ထဲမထည့်ဖြစ်ပါပေ။
ထိုအချိန်တွင် မျက်လုံးထောင့်မှ ရေခဲနတ်သမီး ပင်းရွှယ်ကို ဖျတ်ခနဲမြင်လိုက်မိသည်။
သူမသည် သူ့ကိုတစ်ချိန်လုံးစေ့စေ့စပ်စပ်ကြည့်နေသည်အား သူသတိထားမိပါ၏။
ထို့အပြင် မတိုင်မီကအကြည့်နှင့် မတူကွဲပြားလို့နေသည်။
ပြိုင်ပွဲမတိုင်မီကလည်း သူမအကြည့်မှာ ယဥ်ကျေး၍လေးစားသမှုအပြည့်ရှိပါသည်။ သို့သော် အများအားဖြင့် ဖုန့်မေမျက်နှာကြောင့်သာပင်။ ယခုတော့ အရာအားလုံး ပြောင်းလဲသွားဟန်တူသည်။
ပင်းရွှယ်၏အကြည့်အရ ယခုမူ ဖုန့်ချန်းကိုလေးစားသမှုဖြင့်ထိုက်တန်သူဟု သတ်မှတ်လိုက်သကဲ့သို့ပင်။ ဖုန့်မေနှင့်ဆက်နွယ်မှုမရှိနေလျှင်တောင်မှ ဖုန့်ချန်းမှာ သူမလေးစားရမည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်နေဦးမည်ပင်။
ဖုန့်ချန်းမှာ မကြာခင်ပင် ဝိဉာဥ်သန္ဓေကျင့်ကြံသူများအဖွဲ့သို့ ဝင်လာတော့မည်ဟု သူမယုံကြည်ထားသည်။
မိုးပြာကောင်းကင်အင်ပါယာတွင် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်သို့တက်ရောက်နိုင်သူ ရှားပါးလှသည်ဖြစ်ရာ ထိုကျင့်ကြံသူများမှာ ရိုသေလေးစားရမည့်အဆင့်အတန်းတစ်ခုဟု သတ်မှတ်ခံထားရသည်ဖြစ်၏။
တစ်ဖက်တွင်မူ ဖုန့်ချန်းမှာ သူ့အားစေ့စေ့စပ်စပ်အကဲခတ်နေသူ ရေခဲနတ်သမီးအား တစ်ဖန်ပြန်သတိထားနေရသည်။ ဤထျန်းလုံစံအိမ်တွင် သူ့ကျင့်ကြံဆင့်ကို ထွင်းဖောင်မြင်နိုင်သူတစ်ဦးရှိပါက ထိုသူမှာ ရေခဲနတ်သမီးသာဖြစ်ချေမည်။
သို့သော် သူ့ဘက်မှလည်း ဟာကွက်မရှိအောင်သေချာလျှို့ဝှက်ထားသည်ဖြစ်ရာ သူမမသိနိုင်လောက်ပါဟုသာ တွက်လိုက်တော့သည်။
သူ့ဘက်မှ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ထုတ်မသုံးသေးသရွေ့ သို့မဟုတ် သူကိုယ်တိုင်ထုတ်မပြောသရွေ့ သူ့ကျင့်ကြံဆင့်ကို အခြားဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးပင် မြင်နိုင်မည်မဟုတ်ပါချေ။
ထူးကဲသည့်ပါရမီရှိသူဆိုလျှင်တော့ မြင်နိုင်မလားမပြောတတ်ပေ။ ဥပမာ တစ်ဖက်လူ၏ နတ်ဘုရားမျက်လုံးက သူ့အကာအကွယ်ကို ထွင်းဖောင်မြင်နိုင်သည်အထိ အစွမ်းထက်နေလျှင်ပေါ့။
[တာဝန်အခွဲ နံပါတ်၄ အောင်မြင် - အရှေ့ပိုင်းစီရင်စု စုဝေးပွဲ စတုတ္ထမြောက်ပြိုင်ပွဲစဥ်တွင် ပထမနေရာရအောင်ယူရန်]
[ဆုလာဘ် - စနစ်ရမှတ် တစ်သိန်း]
[အဓိကတာဝန် - ၄ခုတွင် ၄ခုလုံးပြီးမြောက်အောင်မြင်ကြောင်း]
ရေခဲနတ်သမီးများ သူ့ကိုထွင်းဖောက်မြင်နိုင်လေမလားဟု စဥ်းစားခန်းဝင်နေချိန်တွင် တာဝန်အောင်မြင်ကြောင်း စနစ်သတိပေးချက်တစ်ခု တက်လို့လာလေသည်။
ဆုလာဘ်ကလည်း နည်းနည်းနောနောမဟုတ်ပါချေ။ ယခုဆိုလျှင် သူပိုင်ဆိုင်သောစနစ်ရမှတ်ပေါင်း ၃သိန်းအထိရှိသွားပြီဖြစ်ရာ ကောင်းကင်အဆင့်ကျင့်စဥ်သုံးခုကိုဝယ်နိုင်မည့်အနေအထားပင်။
သတိပေးချက်ကိုကြည့်ရင်း ဖုန့်ချန်းနှုတ်ခမ်းများ အနည်းငယ်ကွေးညွှတ်သွားသော်လည်း မျက်နှာထားကတော့မပြောင်းမလဲပင်။ ပထမသတိပေးချက်ပြီး နောက်ထပ်ဝင်လာသော စနစ်၏သတိပေးချက်ကို သူပိုလို့စိတ်ဝင်စားသွားရသည်။
[ဂုဏ်ပြုပါတယ် ပိုင်ရှင် အရှေ့စီရင်စု စုဝေးပွဲအတွက်ပေးတဲ့ တာဝန်လေးခုလုံးကို အောင်မြင်စွာထမ်းဆောင်ပြီးပါပြီ]
[ဒီအတွက် အပိုဆုတစ်ခုရရှိပါမယ်]
(ထင်တဲ့အတိုင်းပဲဟေ့)
ဖုန့်ချန်းလည်း ဤတော့မှအလွန်အမင်းစိတ်လှုပ်ရှားလာရသည်။ တာဝန်အခွဲအားလုံးအောင်မြင်သည့်အတွက် စနစ်မှသူ့အားအထူးဆုလာဘ်တစ်ခုခု ပေးလာလောက်မည်ဟု သူခန့်မှန်းထားပြီးသားပါပင်။
[အပိုဆု - သူတော်စင်အဆင့် အဆင့်မြင့်စိတ်ကျင့်စဥ် - ဝိဉာဥ်ခွဲဖြာခုတ်ချက်]
အပိုဆု၏ စွမ်းရည်အကြောင်း အတိုချုံးရှင်းပြထားသည့်စာပိုဒ်လေးလည်းပါဝင်သေး၏။
ဝိဉာဥ်ခွဲဖြာခုတ်ချက်ဆိုသည်မှာ ကျင့်ကြံသူအဖို့ ဝိဉာဥ်စွမ်းအင်ကိုအသုံးပြုပြီး တစ်ဖက်လူ၏ဝိဉာဥ်အထိ တိုက်ရိုက်ခွဲထုတ်ဖျက်ဆီးစေနိုင်သော ရှားပါး၍ သုံးခွင့်မရှိသည့်ကျင့်စဥ်တစ်မျိုးဖြစ်သည်။ ရက်စက်ကြမ်းတမ်းပြီး အဆုံးစွန်ထိပြင်းထန်သော စိတ်ကျင့်စဥ်တစ်မျိုးဖြစ်ကာ ကျင့်ကြံသူ၏ဝိဉာဥ်စွမ်းအင်ဖြင့် စိတ်ဝိဉာဥ်ဓားတစ်ချောင်းကိုဖန်တီးပြီး မည်သည့်ဝိဉာဥ်အကာအကွယ်ကိုမဆို ထိုးဖောက်ဝင်ရောက်စေနိုင်သော အင်အားရှိလေသည်။
ဖုန့်ချန်းပင်အံ့သြသွားရပြီး ပတ်ဝန်းကျင်သို့တစ်ချက်အကဲခတ်ကြည့်လိုက်သည်။ အပေါ်ယံကြည့်လျှင် ဘာမှမဟုတ်သလိုထင်ရသော ဤကျင့်စဥ်သည် အမှန်တော့ ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးအား အပြီးတိုင်အမြစ်ဖြတ်နိုင်သည့် တစ်ခုတည်းသောလက်နက်ပင်။
ကျင့်ကြံသူတစ်ဦး ဝိဉာဥ်သန္ဓေကျင့်စဥ်သို့ရောက်ရှိသွားလျှင် သူတို့၏ခန္ဓာကိုယ်မှာ ဝိဉာဥ်လောက်အရေးမကြီးတော့ပေ။ ထိုကျင့်ကြံသူ၏ခန္ဓာကိုယ် အပိုင်းပိုင်းခွဲထုတ်ဖြတ်တောက်ခံရလျှင်တောင်မှ ဝိဉာဥ်ကျန်ရှိနေသေးသ၍ နည်းလမ်းအမျိုးမျိုးကိုအသုံးပြုပြီး ပြန်လည်ရှင်သန်လာနိုင်ပေသည်။
တစ်ပါးသူ၏ခန္ဓာကိုယ်ကိုယူပြီး အသက်ရှင်လို့လည်းရသလို အဆင့်မြင့်ရုပ်သေးမှော်ရတနာကိုလည်း အသုံးပြုရှင်သန်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးကိုသတ်လိုလျှင် သူတို့ခန္ဓာကိုယ်ကိုအသက်မဲ့စေပြီး မီးရှို့ပြာချလျှင်တောင် အောင်မြင်မည်မဟုတ်ပါ။
ဒီအတွက် ပြန်လည်ပေးဆပ်ရခြင်းကလည်း နည်းနည်းနောနောတော့ဟုတ်မနေပါ။ မသေမျိုးတစ်ယောင်ဖြစ်လာဖို့လမ်းက အရမ်းတော့ချောမွေ့နေမှာမဟုတ်ပေ။
ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦး ပြန်လည်ရှင်သန်လာနိုင်လျှင်တောင် သူတို့၏ကျင့်ကြံဆင့်က အဆင့်တော်တော်များများထိုးကျသွားမှာဖြစ်ပြီး နောက်တစ်ဖန်ပြန်လည်အဆင့်တက်ဖို့ကိုလည်း အတော်လေးကြိုးစားယူရမည့်အနေအထားဖြစ်ချေသည်။ မည်သို့ပင်ဖြစ်စေ ချက်ချင်းသေသွားရသည်ထက်တော့ ပိုကောင်းပေဦးမည်မဟုတ်လော။
ထို့ကြောင့် ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးအတွက်ပင် အခြားဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးကို အသေသတ်လိုက်နိုင်ဖို့ အင်မတန်မှ ခက်ခဲရပေသည်။
သို့သော် ယခုဖုန့်ချန်းရထားသောကျင့်စဥ်ကို အသုံးပြုမည်ဆိုပါက တစ်ဖက်ကျင့်ကြံသူ၏ဝိဉာဥ်ကိုပါ အမြစ်ဖြုတ်ဖျက်ဆီးနိုင်မှာဖြစ်ပြီး ပြန်လည်ရှင်သန်ဖို့အခွင့်အရေးကို ထပ်မရနိုင်တော့ပါ။
ကျင့်စဥ်အဆင့်ကိုကြည့်ရသလောက် ဤကျင့်စဥ်မှာ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများအတွက်သာ အလုပ်ဖြစ်နိုင်ကြောင်း သိလိုက်ရသည်။
ထို့အပြင် ခန္ဓာကိုယ်ပိုင် အင်အားကြီးထွားပြီး ဝိဉာဥ်စွမ်းအင်ကင်းမဲ့သည့်သားရဲများလည်းရှိတတ်ပေရာ သူ့တို့နှင့်ယှဥ်တိုက်သည့်အခါတွင်လည်း အသုံးဝင်မည့်ပုံပေါ်သည်။
(ကြည့်ရတာ ဒီကျင့်စဥ်ကိုတတ်ကျွမ်းပြီးသွားရင်တော့ မိုးပြာကောင်းကင်အင်ပါယာမှာ ငါနဲ့ယှဥ်နိုင်တဲ့သူ ရှိလာမှာကိုမဟုတ်တော့ဘူး)
ဖုန့်ချန်းတွေးမိသည်။ သို့သော် သူဖတ်ဖူးသမျှကျင့်ကြံရေးဝတ္ထုများထဲတွင်တော့ ပုန်းကွယ်နေသောအင်အားကြီးကျင့်ကြံသူများလည်း နေရာအနှံ့တွင်ရှိနေတတ်ပေရာ သူ့အနေဖြင့် ထောင်ထောင်လွှားလွှားတော့မနေဝံ့ပါချေ။
သို့ပေမယ့် အနည်းဆုံးတော့ မိုးပြာကောင်းကင်အင်ပါယာ၏ လက်ရှိအင်အားအကြီးဆုံးဆိုပါသော ကျင့်ကြံသူကိုတော့ သူရင်ဆိုင်တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိသွားပြီပင်။
ဖုန့်ချန်းအတွေးထဲနစ်မြုပ်နေခိုက် နူးညံ့သောအသံလေးတစ်သံက ဝင်ရောက်နှောင့်ယှက်လို့လာသည်။
"ဖုန့်မိသားစုခေါင်းဆောင်ရှင့်" အသံမှာ သူ့နောက်ကျောဘက်ကလာခြင်းပင်။
သူနှင့် ခြေလှမ်းအနည်းငယ်အကွာမှာရပ်နေသော ပင်းရွှယ်ထံသို့ ဖုန့်ချန်းလှည့်လိုက်သည်။ "အောင်ပွဲအတွက်ဂုဏ်ပြုပါတယ်" ပင်းရွှယ်က စိတ်ရင်းအမှန်ဖြင့်ဂုဏ်ပြုလာသည်။ "ဖုန့်မိသားစုကတော့ ဒီနေ့မှာ အထင်ကြီးစရာဂုဏ်သရေကို ဆောင်နိုင်ခဲ့တာပါပဲ"
ဖုန့်ချန်းမှာ ယဥ်ကျေးသမှုဖြင့်ခေါင်းတစ်ချက်ဆတ်ပြလိုက်သော်ငြား သူ့စိတ်ကတစ်ခြားရောက်နေတာပင်။ သူမ၏အသိအမှတ်ပြုမှုမှာ လေးစားသမှုအပြည့်ရှိသော်ငြား သူ့ကိုမသိမသာစမ်းသပ်နေသကဲ့သို့ ခံစားရပေသည်။ ထိုရေခဲနတ်သမီးမှာ အမြဲတစေထက်မြက်လှသူပင်။ သူမ၏ မျက်ဝန်းအပြာရောင်တောက်တောက်လေးမှာ လင်းလက်နေသည့်တိုင် ယခုလည်း သူ့အင်အားအစစ်အမှန်ကို စူးစမ်းနေမည်မလွဲပေ။ သူဒီ့ထက်ပိုသတိထားသင့်သည်။
"ကျေးဇူးတင်ပါတယ် ရေခဲနတ်သမီး" ဖုန့်ချန်းက ပုံမှန်သာတုံ့ပြန်သည်။ ရေခဲနတ်သမီးမှာ ဖုန့်ချန်းသူမအားဆက်ဆံပုံကို ယခုထိကျင့်သားမရနိုင်သေးပါပေ။ ယဥ်ကျေးမှုအရ ဝတ်ကျေတန်းကျေပြန်လည်တုံ့ပြန်ခြင်းကလွဲလို့ အခြားခံစားချက် တစ်ခုတလေပင်ပါဝင်မလာတတ်ပါ။
ဤသည်မှာ သူမ၏မာနကို အနည်းငယ်ထိခိုက်စေသော်ငြား သူမစိတ်ကိုအမြန်ထိန်းလိုက်သည်။ တစ်စုံတစ်ယောက်ထံမှ သာမန်ကာလျှံကာမျှသာဆက်ဆံခံရခြင်းကို သူမဘဝမှာ ပထမဆုံးအကြိမ်ကြုံတွေ့ဖူးခြင်းဖြစ်သဖြင့် ဘာလုပ်လို့လုပ်ရမှန်းလည်း တကယ်မသိပါချေ။
ချီးမွမ်းစကားများ၊ မနာလိုဝန်တိုစကားများ တီးတိုးပျံ့လွင့်လျက်ရှိသော ခန်းမထဲရှိလေထုမှာ တစ်ဖန်ပြန်လည်သက်ဝင်တက်ကြွလာသည်။ ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ပြီး ကျန်ရှိသောပြိုင်ပွဲဝင်များလည်း ထျန်းလုံစံအိမ်တွင်းသို့ အစုံပြန်လည်ရောက်ရှိနေကြလေပြီ။ သူတို့မျက်နှာထားများမှာ အံ့အားသင့်မှုများ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေပြီး အချို့မှာတော့ နာကျည်းချက်များကို ဇွတ်အတင်းဖုံးဖိမျိုသိပ်ထားရဟန်ပင်။ ပိုင်ကျန်းမှာတော့ မျက်နှာအမူအရာပင်မထိန်းနိုင်တော့ဘဲ ဖုန့်ချန်းထံသို့သာ မုန်းတီးစွာဖြင့် မျက်စောင်းတခဲခဲလုပ်လို့နေသည်။
ထျန်းလုံမိသားစုမှာ အရှေ့ပိုင်းစီရင်စု စုဝေးပွဲ၏ တာဝန်ခံကျင်းပသူများဖြစ်ကြပါသည်။ ပွဲအပြီးတွင်တော့ ဖုန့်မိသားစု၏အင်အားကြီးစွာလွှမ်းမိုးနိုင်မှုကြောင့် သူတို့မှာ ပွဲတာဝန်ခံသက်သက်အနေအထားသာရှိတော့လေ၏။
ထျန်းလုံကျန်းသည် ခန်းမထွက်ပေါက်ထံသို့ တစ်ချက်လှမ်းကြည့်လိုက်မိသည်။ သူမည်သို့ပင်မခံချိမခံသာဖြစ်ရပြီး ချက်ချင်းထွက်သွားလိုလှသော်ငြား တာဝန်ဝတ္တရားရှိနေသေးပေသည်။ သူသည် ဤပွဲ၏အစီအစဥ်ကြေညာသူဖြစ်ပြီး သူတို့မိသားစု၏ဂုဏ်သရေကိုမြှင့်တင်ပေးနိုင်မည့် တာဝန်တစ်ခုလည်းဖြစ်၏။ ယခုတော့ သူ့တာဝန်မှာ ဖုန့်မိသားစု၏ဂုဏ်သရေကြီးမားမှုကို အသားပေးကြေညာရမည့် အရံဇာတ်ကောင်သက်သက်သာဖြစ်သွားရတော့သည်။ ဒေါသကြောင့် သူ့လက်ချောင်းများပင် အကြောကပ်ချင်သလိုလိုဖြစ်နေခဲ့သော်လည်း ပုဂ္ဂိုလ်ရေးခံစားချက်များကို လွှတ်ထုတ်လို့ရမည့်အချိန်မဟုတ်ပါပေ။ အရှိကိုအရှိအတိုင်း ဆုံးဖြတ်ကြေညာပေးရမည်ပင်။
"အင်းလေ ကြေညာပေးရမယ့်သူကလည်း ငါပဲရှိတော့တာထင်ပါရဲ့" ထျန်းလုံကျန်းမှာ ခပ်လေးလေးဖြင့်ညည်းညူလိုက်မိတော့သည်။
သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်ပြီး အရှေ့သို့လှမ်းတက်လိုက်သည်။ လူတိုင်း၏အာရုံမှာ သူ့ဆီသို့ဆိုက်ရောက်လာလျက်။ "လူကြီးမင်းတို့ခင်ဗျာ" ထျန်းလုံကျန်းစတင်ကြေညာလိုက်သည်။ "စတုတ္ထပြိုင်ပွဲစဥ်ကတော့ ပြီးဆုံးသွားပြီဖြစ်ပြီး ရလဒ်များကိုလည်း ရရှိလို့ထားပါပြီ"
သူစကားခဏရပ်လိုက်ပြီး ဖုန့်ချန်းထံသို့တစ်ချက်ဝေ့ကြည့်လိုက်သည်။ တစ်ဖက်လူမှာတော့ ဤအောင်ပွဲမှာ သူ့ခရီးရှည်ကြီးတစ်ခုလုံးထဲမှ လှေကားတစ်ထစ်မျှကဲ့သို့ တည်တည်ငြိမ်ငြိမ်သာရပ်နေလျက်ရှိသည်။ ထိုသို့မထုံတက်သေးအမူအရာက ထျန်းလုံကျန်း၏ဒေါသကို ပိုလို့တောင်လောင်မြိုက်လာစေတော့သည်။ "ဒီပြိုင်ပွဲစဥ်ရဲ့ အနိုင်ရရှိသူကတော့" ထျန်းလုံကျန်းလုပ်ပြုံးတစ်ခုကို ကြိုးစားညှစ်ထုတ်လိုက်သည်။ "ပြိုင်ပွဲကြီးတစ်ခုလုံးရဲ့ နောက်ဆုံးအနိုင်ရရှိသူပဲဖြစ်တဲ့ ဖုန့်ချန်းပဲဖြစ်ပါတယ်ခင်ဗျာ"