နှုတ်ဆက်ခြင်း
Vol. 122 Ch. 1817
သူ စကားပြောလိုက်သည့် အချိန်မှာပင် သူက ကြောင်အ,မှင်တက်သွား၏။
ခွေးဝါကြီး၏ မျက်လုံးနှစ်ဖက်က ပူဆွေးဝမ်းနည်းမှု မျက်ရည်များဖြင့် အရောင်လဲ့သွားလေသည်။
“သွားကြမယ်.. လေးကန်မနေနဲ့”
ဆူဇီမိုက သူ့အောက်ဘက်ရှိ ခွေး၏ ဦးခေါင်းကို ပုတ်လိုက်လေသည်။
“ငါ့မှာ အစီးအနင်းတောကောင်တစ်ကောင် လိုနေတာကြောင့်သာ မဟုတ်ရင် မင်းကလည်း ဟိုလူတွေလိုပဲ သေရလိမ့်မယ်”
ခွေးဝါကြီးသည် သူ၏ အပေါင်းအဖော်များ မသေဆုံးခင် ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ပြန်လည်အမှတ်ရသွားသောအခါ တုန်လှုပ်ချောက်ချားသွားလေသည်။
မည်သို့ပင်ဆိုစေ… သူက အသက်ရှင်နိုင်မည်ဆိုပါက သူသည် လွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိနိုင်လေသည်။
ထိုသို့အတွေးဖြင့် ခွေးဝါကြီးသည် ဆူဇီမိုထံမှာ အရင်ဆုံး အညံ့ခံပြီးမှ ထွက်ပြေးလွတ်မြောက်နိုင်မည့် နောက်ထပ် အခွင့်အလမ်းကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်လေသည်။
ထိုသို့ဖြင့် ခွေးဝါကြီးသည် နှင်းလေတောင်ကြောရိုးရှိရာသို့ ဦးတည်လိုက်လေသည်။
ဆူဇီမိုသည် ခွေးဝါကြီးပေါ်မှာ ထိုင်ပြီး အရိပ်နှင့် အခြားခြောက်ယောက်၏ သိုလှောင်အိတ်များကို ဖွင့်ကြည့်လိုက်၏။ သူက တစ်ချက်ကြည့်ပြီးနောက် ရယ်မိသွားလေသည်။
အဲဒီမှာ ပစ္စည်းများစွာ ရှိနေလေသည်။
ဓမ္မရတနာအချို့အပြင် ကျင့်ကြံရေးနည်းစနစ်များနှင့် အင်မော်တယ်ပညာရပ်အချို့လည်း ရှိလေသည်။ အဲဒီမှာ အမြုတေစုဖွဲ့ဆေးလုံးချည်းပဲ အရေအတွက် နှစ်သောင်းကျော် ရှိလေသည်။
ယခင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့ထံမှ ဆူဇီမို စုဆောင်းလာခဲ့သော အရေအတွက် တစ်ထောင်ကျော်ကျော် အပါအဝင် သူက အမြုတေစုဖွဲ့ဆေးလုံး လေးသောင်းနီးပါးကို ရရှိလာခဲ့လေပြီ။
ဒါ့အပြင် သူ၏ သိုလှောင်အိတ်ထဲမှာ အင်မော်တယ်ဆေးပင်များစွာ ရှိနေသေး၏။
ယခင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ သူစုဆောင်းလာခဲ့သော အင်မော်တယ်ဆေးပင်များနှင့် ထပ်ပေါင်းပါက အဲဒီမှာ စုစုပေါင်း အရေအတွက် သုံးသန်းရှိလေသည်။
သွေးသူရိယတောင်ကြားမှာပင်လျှင် သူသည် အမြုတေစုဖွဲ့ဆေးလုံး သုံးသောင်းကို ဖလှယ်ရယူနိုင်မည်ဖြစ်လေသည်။
သူသည် နဂါးအသူရာချောက်နယ်မြို့တော်သို့ သွားရောက်နိုင်မည်ဆိုလျှင် သူသည် အမြုတေစုဖွဲ့ဆေးလုံး သုံးသိန်းကိုပင် ဖလှယ်ရယူနိုင်လေသည်။
အမြုတေစုဖွဲ့ဆေးလုံး လေးသောင်းသည် အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံဖို့ သူ့အတွက် လုံလောက်လေသည်။
အရုဏ်တက်ချိန် ရောက်ရှိလာသောအခါ ဆူဇီမိုသည် ခွေးဝါကြီးနှင့်အတူ နှင်းလေတောင်ကြောရိုးသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ဤတစ်ခေါက်မှာတော့ ဆူဇီမိုသည် မည်သူ့ကိုမှ သတိပေးခြင်း မရှိဘဲ နှင်းလေတောင်ကြောရိုးထဲသို့ ခိုးဝင်ကာ သူ၏ ကောက်ရိုးတဲ ရှိရာသို့ ရောက်ရှိလာခဲ့၏။
ထိုအခိုက်အတန့်မှာ ဝင်ပေါက်ဝ၌ လူဝကြီးတစ်ယောက်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ၏။ အဲဒါက သွမ့်ထျန်လန် ဖြစ်လေသည်။
ဆူဇီမိုသည် သွမ့်ထျန်လန်ကို ခေါ်ဆောင်သွားဖို့အတွက် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်၏။
ဤလူသည် သူ၏ လျှို့ဝှက်ချက်ကို သိရှိထားပြီး သူ့ကို နှင်းလေတောင်ကြောရိုးမှာ မထားခဲ့နိုင်ပေ။
သူက ဤလူကို သတ်လျှင်သတ်.. မဟုတ်လျှင် သူ့ဘေးနားမှာ ထားရမည်ဖြစ်၏။
ဒါ့အပြင် ဆူဇီမိုသည် နှင်းလေတောင်ကြောရိုးကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပြီး စိတ်ဝိညာဉ်စိုက်ခင်းများကို ဂရုစိုက်ဖို့နှင့် အခြားသော ဝေယျာဝိစ္စများအတွက် တစ်စုံတစ်ယောက်ကို လိုအပ်နေ၏။ သွမ့်ထျန်လန်က အဲဒါအတွက် သင့်လျော်သော လူတစ်ယောက် ဖြစ်လေသည်။
သွမ့်ထျန်လန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် စိုစွတ်နူးညံ့သော အရာတစ်ခုက သူ၏မျက်နှာကို ပွတ်တိုက်နေသည့်အလား နွေးထွေးသော ခံစားချက်တစ်ခုကို ရရှိလာခဲ့၏။ သူက အလိုလို မျက်လုံးကို ဖွင့်ကြည့်လိုက်ပြီး ၎င်း၏ စိုရွှဲနေသော လျှာဖြင့် သူ၏ မျက်နှာကို အငမ်းမရ လျက်နေသည့် ခွေးဝါကြီးတစ်ကောင်ကို တွေ့မြင်လိုက်ရ၏။
“မင်းမေကြီးတဲ့မှ.. ဒီခွေးရူးက ဘယ်က ရောက်လာတာလဲ”
သွမ့်ထျန်လန်က ကျိန်ဆဲလိုက်ပြီး မြေပြင်ပေါ်ကနေ ချက်ချင်း ကျုံးထလိုက်၏။
မတ်တတ်ထရပ်ပြီးနောက် သွမ့်ထျန်လန်သည် တုံ့ဆိုင်းခြင်းမရှိ သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ နက်မှောင်နေသော သံလုံးတစ်လုံးကို ဆွဲထုတ်လိုက်လေသည်။ သူက ၎င်းကို ကိုင်မြှောက်ပြီး ဟန်ပါပါဖြင့် အော်ပြောလိုက်လေသည်။
“ခွေးရူး.. ငါ့ရဲ့ တန်တစ်ထောင်သံလုံးကို မြည်းကြည့်လိုက်ဦး”
ရုတ်တရက်ဆိုသလို..
သွမ့်ထျန်လန်သည် ခွေးဝါကြီးပေါ်မှာ ဆူဇီမိုကို တွေ့မြင်သွားပြီး ကြောင်အ,မှင်တက်သွားလေသည်။
“ဆရာလား”
သွမ့်ထျန်လန်က မျက်လုံးကို ပုတ်ခတ်ပြီး တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရ၏။ သူက ညင်သာစွာ ချောင်းဟန့်လိုက်ပြီး ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးလိုက်လေသည်။
“ဆရာ.. ခင်ဗျား ဘာလို့ မနက်ဘက် အစောကြီး ပြန်ရောက်လာတာလဲ.. ဟီးဟီး.. အဲဒါ ခင်ဗျားဆိုတာ ကျုပ်က မသိလိုက်ဘူး”
သူက သူ၏ တန်တစ်ထောင်သံလုံးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ရှေ့သို့ တက်လှမ်းကာ ချီးကျူးလိုက်လေသည်။
“ဆရာ.. ဒီအစီးအနင်းတောကောင်ကို ဘယ်ကနေ ရလာတာလဲ.. အဲဒါက တကယ့်ကို ထူးခြားတာပဲ”
သွမ့်ထျန်လန်သည် ခွေးဝါကြီး၏ ခေါင်းကို လှမ်း၍ ထိချင်လေသည်။
“ဝုတ်”
ခွေးဝါကြီးက သွမ့်ထျန်လန်ကို စိမ်းသက်သော အမူအရာဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး ဟောင်လိုက်လေသည်။
“ဝိုး.. မင်းက တော်တော်စိတ်ကြီးတဲ့ကောင်ပဲ”
သွမ့်ထျန်လန်က ရယ်မောလိုက်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ခွေးဝါကြီးကို စစ်ဆေးကြည့်လိုက်၏။
“အဆင့်ငါး မဟူရာအမြုတေနယ်ပယ်ပါလား”
သွမ့်ထျန်လန်က တုန်လှုပ်သွားလေသည်။
ဆူဇီမိုက အဆင့်လေး မဟူရာအမြုတေနယ်ပယ်မှာသာ ရှိလေသည်။
အစီးအနင်းတောကောင်တစ်ကောင်၏ ကျင့်ကြံမှုအဆင့်က သူ့သခင်ထက်ပင် ပိုမိုမြင့်မားနေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
သွမ့်ထျန်လန်သည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး မျက်နှာလို မျက်နှာရ ပုံစံဖြင့် ပြုံးပြလိုက်လေသည်။
“ဆရာ.. ခင်ဗျားက တကယ့်ကို အဖိုးတန်တာ ရထားတာပဲ.. တစ်ချက်ကြည့်ရုံနဲ့ ဒီအစီးအနင်းတောကောင်က တစ်မူထူးခြားတယ်ဆိုတာ ကျုပ်ပြောနိုင်တယ်.. သူ့မှာ မြင့်မြတ်တဲ့ မျိုးဆက်သွေးတစ်ခု ရှိရမယ်.. သူက ခွေးမျိုးနွယ်မှာ အကောင်းဆုံးမျိုးတွေထဲက တစ်ကောင်ဖြစ်လိမ့်မယ်”
သွမ့်ထျန်လန်က ကျေနပ်သဘောကျနေ၏။
သူ၏ စကားများက အတော်လေး ပြောင်မြောက်သည်ဟု ထင်မိလေသည်။ သူသည် ဆူဇီမိုကို ချီးကျူးလိုက်ရုံသာမက သူသည် ခွေးဝါကြီးကိုပါ ချီးကျူးလိုက်လေသည်။
“ဝုတ်.. ဝုတ်.. ဝုတ်..”
မထင်မှတ်ထားစွာပင်.. သွမ့်ထျန်လန် ထိုသို့ပြောလိုက်သည့် ခဏမှာပင် ခွေးဝါကြီးက သူ့ကို ကိုက်ခဲတော့မည်မတတ် အတင်းထိုးဟောင်လာခဲ့လေသည်။
အစက ခွေးဝါကြီးသည် သွေးသူရိယတောင်ကြားမှာ အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်လေသည်။ သူက ဘယ်လိုလုပ် ခွေးတစ်ကောင် ဖြစ်ပါ့မလဲ။
သွမ့်ထျန်လန်က ထိုသို့ပြောလိုက်သောအခါ သူက ဒေါသထွက်သွားပေလိမ့်မည်။
“တော်တော့”
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်ပြီး ခွေးဝါကြီး၏ ခေါင်းကို ပုတ်လိုက်လေသည်။
ခွေးဝါကြီးက တအီအီအော်မြည်၍ ထပ်မံ၍ ဟောင်ရဲခြင်း မရှိတော့ပေ။ ၎င်းက ကြမ်းကြုတ်ခက်ထန်သော အမူအရာနှင့်အတူ သွမ့်ထျန်လန်ကို သူ၏ သွားစွယ်များကိုသာ ဖြဲပြနိုင်၏။
သွမ့်ထျန်လန်သည် သူ၏ စကား ဘယ်နေရာမှာ မှားသွားသည်ကို မသိတော့ဘဲ ပို၍ပင် တွေဝေရှုပ်ထွေးသွားလေသည်။
ဆူဇီမိုက ပြောလိုက်၏။
“ငါက သခင်မလေးကို နှုတ်ဆက်ခဲ့ပြီးပြီ.. ငါ နှင်းလေတောင်ကြောရိုးကနေ အခု ထွက်သွားတော့မှာ”
“အာ…”
သွမ့်ထျန်လန်က ခဏမျှ မှင်တက်သွား၏။ သူ၏ မျက်လုံးကို ပုတ်ခတ်ပြီး အကဲစမ်းလိုသော ပုံစံဖြင့် မေးလိုက်၏။
“ဆရာ.. ခင်ဗျားမှာ လူအင်အားနည်းနေလို့ ကျုပ်ကိုပါ ခေါ်သွားမလို့လား”
“ဒါပေါ့”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ငါ ဒီတစ်ခေါက် ပြန်လာတယ်ဆိုတာ မင်းကို လာခေါ်တာပဲ”
သွမ့်ထျန်လန်သည် စိတ်ထဲကနေ ညည်းတွားလိုက်သော်လည်း အပေါ်ယံမှာ ဝမ်းသာပျော်ရွှင်ပြလိုက်လေသည်။
“ဆရာ.. ကျုပ်က ခင်ဗျားဆီက ဒီလိုယုံကြည်မှုမျိုး ရရှိအောင် ဘယ်လိုအကျိုးဆောင်မှုတွေ လုပ်ခဲ့လို့ပါလိမ့်.. ကျုပ်က..”
“ကဲ.. တော်ပြီ”
ဆူဇီမိုက ဖြတ်ပြောလိုက်၏။
“ထုပ်ပိုးစရာရှိတာ ထုပ်ပိုးပြီး ထွက်ခွာဖို့ ပြင်ဆင်တော့”
“အာ.. ကောင်းပါပြီ”
သွမ့်ထျန်လန်က သဘောတူလိုက်ပြီး အပြေးအလွှားထွက်သွားလေသည်။
ဆူဇီမိုက ခွေးဝါကြီးကို လက်ဖြင့်ပုတ်ပြီး နောက်ထပ် စိတ်ဝိညာဉ်စိုက်ခင်းတစ်ခု ရှိရာသို့ ဦးတည်လိုက်လေသည်။ သိပ်မကြာခင် သူက နောက်ထပ် ကောက်ရိုးတဲတစ်တဲရှေ့သို့ ရောက်ရှိလာခဲ့၏။
ထိုအခိုက်အတန့်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က တံခါးကို ဂရုတစိုက် တွန်းဖွင့်လိုက်၏။ အဲဒါက လူအိုကြီးယန် ဖြစ်လေသည်။
နှင်းလေတောင်ကြောရိုးသို့ ရောက်ရှိလာပြီးနောက်.. ဆူဇီမို ပထမဆုံး သိခဲ့သည့်လူက လူအိုကြီးယန် ဖြစ်လေသည်။
သူတို့နှစ်ယောက်က များစွာ ထိတွေ့ဆက်ဆံမှု မရှိခဲ့သော်လည်း လူအိုကြီးယန်သည် သူ့ကို အချက်အလက်များစွာ ပြောပြခဲ့ပြီး အရင်တုန်းက သူ့ကို ကောင်းကောင်းဂရုစိုက်ခဲ့လေသည်။ ဆူဇီမိုက အဲဒါကို စိတ်ထဲမှာ မှတ်ထား၏။
“ညီအစ်ကိုဆူလား”
လူအိုကြီးယန်က သူ၏ ခေါင်းကို မော့ပြီး မလှမ်းမကမ်းမှာ ဆူဇီမိုကို တွေ့မြင်သောအခါ အနည်းငယ် မှင်တက်သွား၏။
ခွေးဟောင်သံကြောင့် သူက နိုးလာခဲ့ခြင်းဖြစ်၏။ သူက အိပ်ရာထပြီး တစ်ချက်စစ်ဆေးကြည့်မည် ပြုစဉ်မှာပင် ဆူဇီမိုကို တွေ့လိုက်ရလေသည်။
“ညီအစ်ကိုဆူ.. ခင်ဗျားက သွေးသူရိယတောင်ကြားကို သခင်မနဲ့ လိုက်သွားတာ မဟုတ်ဘူးလား.. ခင်ဗျား ဘာလို့ ဒီလောက်အစောကြီး ပြန်လာတာလဲ”
လူအိုကြီးယန်က ရှေ့သို့ လျှောက်လာပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်တစ်ယောက်တည်း ပြန်လာတာ.. ဒီတစ်ခေါက် ကျုပ်ပြန်လာတာက ခင်ဗျားကို နှုတ်ဆက်ဖို့လည်း ပါတယ်”
“ဘာလို့လဲ.. ညီအစ်ကိုဆူ.. ခင်ဗျားက ထွက်သွားတော့မလို့လား”
လူအိုကြီးယန်က အနည်းငယ် စိုးရိမ်ပူပန်နေ၏။
“ခင်ဗျားက သခင်မရဲ့ သက်တော်စောင့်အဖြစ် တိုးမြှင့်ခံထားရတာ မကြာသေးဘူး.. ခင်ဗျားက ဒီလောက်မြန်မြန် ဘာလို့ထွက်သွားမှာလဲ.. ခင်ဗျားက ခေါင်းဆောင်တပ်မှူးလျန့်နဲ့ ကတောက်ကဆ ဖြစ်ခဲ့တာလား”
အရင်တုန်းက လျန့်ချိုးနှင့် ဆူဇီမိုအကြား ရန်ငြိုးရန်စ ရှိခဲ့သည်ကို လူတိုင်းက တွေ့မြင်ထားလေသည်။
“မဟုတ်ပါဘူး”
ဆူဇီမိုက ညင်သာစွာ ခေါင်းခါပြပြီး ထိုအကြောင်းနှင့် ပတ်သက်၍ ထပ်မံပြောပြလိုစိတ် မရှိပေ။ ရှချင်းယင် ပြန်ရောက်လာသည့်အခါ လူတိုင်းက အဲဒါကို သိရှိသွားပေလိမ့်မည်။
ဆူဇီမိုက ပြောလိုက်၏။
“လူအိုကြီးယန်.. ဒါက စိတ်အာရုံစူးစိုက်ဖို့အတွက် ကျင့်ကြံရေး နည်းစနစ်တစ်ခုပဲ.. အဲဒါ ခင်ဗျားသားအတွက် ခင်ဗျားကို ကျုပ်ပေးလိုက်မယ်”
သူက သိုလှောင်အိတ်ထဲကနေ ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ထုတ်ယူပြီး လူအိုကြီးယန်ကို ကမ်းပေးလိုက်၏။
ဤကျင့်ကြံရေး နည်းစနစ်ကို သွေးသူရိယတောင်ကြား၏ အရိပ်ထံမှ သူက ရရှိလာခဲ့ခြင်းဖြစ်၏။
ဆူဇီမိုသည် ကျေးဇူးတရားနှင့် အမုန်းတရားကို အမြဲတမ်း ရှင်းလင်းစွာ ခွဲခြားထားလေသည်။
အဲဒါက အခြားသူများ၏ မျက်လုံးထဲမှာ သေးငယ်သော အကူအညီတစ်ခုသာ ဖြစ်ခဲ့သည်ဆိုလျှင်တောင် သူက အဲဒါကို စိတ်ထဲမှာ မှတ်သားထားပေလိမ့်မည်။
“ဒါက..”
လူအိုကြီးယန်၏ လက်ဖဝါးက အနည်းငယ် တုန်ယင်နေ၏။
သူသည် ဤကဲ့သို့သော ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ရယူချင်သည်ဆိုလျှင် သူသည် အဲဒါကို ဖလှယ်ရယူဖို့အတွက် သူ၏ နှစ်ပေါင်းသောင်းချီ စုဆောင်းထားရသမျှကို သုံးစွဲရပေလိမ့်မည်။
သို့သော် ယခု ဆူဇီမိုသည် ဤကဲ့သို့ အဖိုးတန်သော ကျင့်ကြံရေး နည်းစနစ်တစ်ခုကို သူ့အား ပေးလာခဲ့လေသည်။