ဒူးထောက်သွားသော သားရဲများ
Vol. 122 Ch. 1821
ငွေဘီလူးသည် သူ၏ လက်ဖဝါးကိုဖြန့်ပြီး အပေါ်ကနေအုပ်မိုးချလိုက်၏။
ငွေဘီလူး၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး သူ၏ သွေးချီကို တလိပ်လိပ်တက်လာစေ၏။ သူက သူ၏ စွမ်းအားကုန်ဖြင့် တိုက်ခိုက်လိုက်ပြီး ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်လေသည်။
သူသည် မည်သည့်လှုပ်ရှားမှုနည်းစနစ်ကိုမှ ထုတ်ဖော်ခြင်းမရှိဘဲ ငွေဘီလူးကို ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
သူသည် အဆင့်-၄ မဟူရာအမြုတေနယ်ပယ်နှင့် အဆင့်-၉ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ သူကမည်သည့်အဆင့်ထိရောက်ရှိနိုင်မလဲ စမ်းသပ်လိုချင်ရုံမျှသာဖြစ်လေသည်။
ဘုန်း..
လေထဲမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်း ငွေဘီလူးသည် နောက်သို့ခြေတစ်လှမ်းဆုတ်ပြီး လဲကျလုမတတ်ဖြစ်သွားလေသည်။
သားရဲများအားလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။
များစွာသော ကြမ်းကြုတ်တောကောင်များနှင့် သက်ရှိများ၏ မျက်လုံးများထဲမှာ ဆူဇီမိုသည် ငွေဘီလူးနှင့်ယှဥ်လျှင် အစက်အပြောက်တစ်ခုကဲ့သို့ အရေးမပါအရာမရောက်ပေ။
သို့သော်လည်း ထိုအစက်အပြောက်သည် ငွေဘီလူးကို အမှန်တကယ်ပင် နောက်ဆုတ်အောင်လုပ်လိုက်လေသည်။
အဲ့ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်။
ငွေဘီလူး၏ မျက်လုံးထဲမှာလည်း တုန်လှုပ်မှုအရိပ်အယောင်တစ်ခုက ထင်ဟပ်လာ၏။
သူ့ရှေ့မှ ကမြောက်ကခြောက်လူသားသည် ဤကဲ့သို့ ကြမ်ကြုတ်ခက်ထန်သော စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူကပင်လျှင် ထင်မှတ်မထားပေ။
“ဆရာဆူက... သေမသွားဘူးလား”
သွမ့်ထျန်လန်က မယုံကြည်နိုင်စွာဖြင့် သူ၏ မျက်လုံးကို ဖွင့်လိုက်၏။
“ဝုတ်... ဝုတ်...”
ငဝါကြီးကလည်း ကျေနပ်သဘောကျသွားပြီး ဆူဇီမို၏ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့အတွက် အော်ဟစ်အားပေးလိုက်လေသည်။
သူ့အတွက် ကောင်းခြင်းဆိုးခြင်းက ဆူဇီမိုအပေါ် မှီခိုနေခဲ့သည်မှာ ကြာခဲ့လေပြီ။
ဆူဇီမိုက ဤတိုက်ပွဲမှာ အနိုင်ရနိုင်မည်ဆိုလျှင် သူကလည်း ရှင်သန်နိုင်ပေလိမ့်မည်။ ဆူဇီမိုရှုံးနိမ့်သွားမည်ဆိုလျှင် သူက ဤကြမ်းကြုတ်တောကောင်များ၏ အပိုင်းပိုင်းဆုတ်ဖြဲခြင်းကိုခံရပေလိမ့်မည်။
“မင်းမှာရှိတဲ့ခွန်အားက ဒါအကုန်ပဲလား”
လေထဲမှာမတ်တတ်ရပ်ရင်း ဆူဇီမိုက ပမာမခန့်အမူအရာတစ်ခုနှင့် ငွေဘီလူးကို ကြည့်လိုက်လေသည်။
“သေစမ်း”
ငွေဘီလူးက ဟိန်းဟောက်လိုက်ပြီး ရှေ့သို့တက်လှမ်းလိုက်လေသည်။ သူ၏ ဧရာမခြေဖဝါးက မြေပြင်ကို ဆောင့်နင်းပြီး သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဆူဇီမိုထံသို့ ပစ်ထိုးလိုက်၏။
ဆူဇီမိုကလည်း အကြောက်အလန့်ကင်းမဲ့ပြီး ရှေ့သို့နောက်တစ်ဖန်ဝင်ရောက်လာခဲ့၏။
ဘုန်း...
လက်သီးများက ထိတွေ့ရိုက်ခတ်သွားပြီး လောကက တသိမ့်သိမ့်လှုပ်ခါသွားလေသည်။
ငွေဘီလူးက တစ်ဖန်နောက်သို့ ဆုတ်သွားရ၏။
ဆူဇီမိုသည် ငွေဘီလူးကို အသက်ရှုခွင့်ပင် မပေးလိုဘဲ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ကြောက်စရာကောင်းသော ပြန်လည်အားဖြည့်နိုင်စွမ်းနှင့်အတူ အဆက်မပြတ်တိုက်ခိုက်လိုက်လေသည်။
ဘန်း... ဘန်း... ဘန်း...
ငွေဘီလူးက အဆက်မပြတ်နောက်သို့ဆုတ်ပေးနေရပြီး တုန်လှုပ်ချောက်ချားလာခဲ့၏။
သားရဲများကလည်း ကြောင်အ,မှင်တက်နေကြ၏။
ငွေဘီလူးသည် ဤနေရာ၏ အရှင်သခင်ဖြစ်ပြီး ခေါင်းကိုးလုံးငှက် ၊ ယင်ကျောက်နှင့် ဧရာမပျားတို့ကပင်လျှင် သူ၏ အုပ်ချုပ်မှုအောက်မှာရှိလေသည်။
အဆင့် ၆ မဟူရာအမြုတေအဆင့် ငွေဘီလူးသည် ယခုအခါအရေးနိမ့်၍ အပြတ်အသတ်ဖိနှိမ်ခံလာရ၏။
သို့သော်လည်း သားရဲများအားလုံးက အချက်တစ်ချက်ကို ပြောနိုင်လေသည်။
ဆူဇီမိုသည် အသာစီးရရှိနေသော်လည်း သူ့အနေဖြင့် ငွေဘီလူးကို သတ်ဖြတ်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
ငွေဘီလူးက ထပ်တလဲလဲ နောက်ဆုတ်ပေးနေရသော်လည်း သူ၏ ခန္ဓာကိုယ်က ဖျက်ဆီး၍မရနိုင်ဘဲ ငွေရောင်အလင်းဖြင့်တောက်ပနေ၏။ သူက လုံးဝကို ထိခိုက်ဒဏ်ရာ မရရှိသလောက်နီးပါးပင်။
“မင်းဆီမှာ လှည့်ကွက်တချို့ရှိနေတာပဲ”
ငွေဘီလူးက တိုက်ခိုက်နေရင်း စကားပြောဆိုနိုင်ဆဲ ဖြစ်ပြီး သွားဖြဲပြလိုက်လေသည်။
“ဒါပေမဲ့... မင်းမှာရှိတဲ့ခွန်အား ဒါအကုန်ပဲဆိုရင် မင်းကငါ့ကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး”
တိုက်ပွဲ၏ ဤနေရာအရောက်တွင် ဆူဇီမိုက သူ၏ ခွန်အားကို အကဲစမ်းလို့ ပြီးသွားခဲ့လေပြီ။
အဆင့်-၄ မဟူရာအမြုတေနယ်ပယ်မှာ အဆင့်-၉ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ သွေးချီကို လှည့်ပတ်ထားပါက သူ၏ခွန်အားသည် အဆင့်-၆ မဟူရာအမြုတေနယ်ပယ်မှာရှိသော တစ်စုံတစ်ယောက်နှင့် သေချာပေါက်ယှဥ်နိုင်လေသည်။
ယခုအချိန်မှာ ငွေဘီလူးသည် ထူးခြားသော သတ္တဝါဖြစ်လေသည်။ အခြားသော ကျင့်ကြံသူတစ်ယောက်ယောက်ဆိုပါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အပြည့်အဝစွမ်းအားသည် အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်ကိုပင် ဖိနှိမ်နိုင်လောက်လေသည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုက ငွေဘီလူးနှင့် ဆက်လက်၍ အချိန်ဖြုန်းလိုခြင်း မရှိတော့ပေ။
ငွေဘီလူးက နောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီး ဆူဇီမိုထံသို့ ပစ်ထိုးလိုက်လေသည်။
ရွှစ်...
ရုတ်တရက် ဆူဇီမို၏ နှာရောင်ထဲကနေ အစိမ်းရောင်အလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
ငါးပေ မြင့်မားသော စတုရန်းကြေးမီးဖိုတစ်လုံးက ပေါ်ထွက်လာခဲ့လေသည်။ အနားသုံးဖက်က ကြေနေပြီး တစ်ဖက်ကသာလျှင် အကောင်းတိုင်းရှိကာ ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
“ငါတို့က ဓမ္မရတနာတွေကို သုံးကြတော့မှာလား”
ငွေဘီလူးက ရယ်မောလိုက်လေသည်။
“ငါတို့ဘီလူးမျိုးနွယ်ရဲ့လက်သီးက အသန်မာဆုံးလက်နက်ပဲ”
ငွေဘီလူးပြောသည်မှာ မမှားပေ။ သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေသော ငွေရောင်အလင်းသည် ဓမ္မရတနာအများစု၏ စွမ်းအားနှင့် ထက်ရှမှုကို ခုခံနိုင်လေသည်။
ဘီလူးမျိုးနွယ်ထဲမှာ ရွှေဘီလူးများသည် ပို၍ပင်ကြောက်စရာကောင်းသောမျိုးဆက်သွေးကို ပိုင်ဆိုင်ထားလေသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းသည် သူတို့ရန်သူများကိုသတ်ဖြတ်မည့် လက်နက်များအဖြစ်သို့ပင် စုဖွဲ့နိုင်လေသည်။
ဆူဇီမို၏ အမူအရာက အေးစက်နေပြီး ငြင်းခုန်နေခြင်း မရှိပေ။
မည်သည့်စကားမှ မဆိုတော့ဘဲ သူက စတုရန်းကြေးမီးဖိုကို ကိုင်မြှောက်ကာ ငွေဘီလူး၏ လက်သီးကို ပစ်ရိုက်ချလိုက်၏။
ဖြောက်...
စူးရှသောအရိုးကျိုးသံက ထွက်ပေါ်လာ၏။
“အား...”
ထို့နောက် ချက်ချင်း ငွေဘီလူး၏ အမူအရာကပြောင်းလဲသွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
သူ၏ လက်ကောက်ဝတ်ကို အခြားတစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး နောက်သို့ ဒယီးဒယိုင်ဆုတ်ခွာသွားလေသည်။
စတုရန်းကြေးမီးဖိုနှင့် ထိခတ်မိသော ငွေဘီလူး၏ လက်သီးက ချိုင့်ဝင်၍ စုတ်ပြတ်သတ်သွားသည်ကို သားရဲများက ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
“မင်း... မင်းရဲ့ ချေးတက်နေတဲ့ မီးဖိုက...”
ငွေဘီလူးသည် ချုံးချုံးကျနေသော ဆူဇီမို၏ လက်ထဲရှိ စတုရန်းကြေးမီးဖိုကိုစိုက်ကြည့်ပြီး ခေါင်းလောင်းနှင့်တူသော သူ၏ မျက်လုံးများက ကြောက်ရွံမှုဖြင့် ပြည့်နှက်လာခဲ့၏။
“ဖိနှိမ်စမ်း”
ဆူဇီမိုက ဟိန်းဟောက်လိုက်ပြီး စတုရန်းကြေးမီးဖိုကို ကိုင်မြှောက်ကာ ငွေဘီလူးထံသို့ နောက်တစ်ဖန်ပစ်ရိုက်ချလိုက်၏။
ငွေဘီလူးသည် နောက်သို့လှန်ကာ ရှောင်တိမ်းချင်လေသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်က အလွန်ကြီးမားပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်က ပေါ့ပါးဖျတ်လတ်မှု မရှိပေ။ သူက အဲ့ဒါကို ဘယ်လိုလုပ် ရှောင်နိုင်ပါ့မလဲ။
ငွေဘီလူးသည် မည်သို့မှ မတတ်နိုင်ဘဲ ခုခံဖို့အတွက် သူ၏ လက်ကိုသာ မြှောက်လိုက်ရလေသည်။
ဖြောက်...
အရိုးများကျိုးသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။
ငွေဘီလူး၏ လက်ဖျံက စတုရန်းကြေးမီးဖို၏ ရိုက်ချက်ဖြင့် ကျိုးသွားလေသည်။
ကျိုးသွားသောအရိုးက ငွေရောင်အသွေးအသားတို့ဖြင့် စွန်းထင်းနေပြီး တုန်လှုပ်စရာကောင်းသောမြင်ကွင်းတစ်ခုက ထွက်ပေါ်လာ၏။
“အား...”
ငွေဘီလူးက နာကျင်စွာဖြင့် ဟိန်းဟောက်လိုက်လေသည်။
ဆူဇီမိုက စတုရန်းကြေးမီးဖိုကို ကိုင်မြှောက်ပြီး ငွေဘီလူး၏ ဦးခေါင်းပေါ်သို့ ခုန်တက်သွားလေသည်။
သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စေညွှန်လိုက်သည်နှင့်အမျှ စတုရန်းကြေးမီးဖိုက ပြင်းထန်စွာ ကျဆင်းလာပေလိမ့်မည်။
ထိုအချိန်ကျလျှင် ငွေဘီလူး၏ ဦးခေါင်းပေါ်မှာ သွေးသံရဲရဲ အပေါက်တစ်ပေါက် ပေါ်ထွက်လာပေလိမ့်မည်။
“အညံ့ခံမလား... အသေခံမလား”
ဆူဇီမို၏ လေသံက အေးစက်နေပြီး ငွေဘီလူးကို တခြားမည်သည့်ရွေးချယ်စရာမှမပေးဘဲ စီးပိုးခြယ်လှယ်လွန်းနေလေသည်။
“ငါက... ဘီလူးမျိုးနွယ်ကပဲ... ငါက ဘီလူးမျိုးနွယ်...”
ငွေဘီလူးက ရုန်းကန်၍ ခုခံနေချင်သေးသည့်အလား မကျေမချမ်းအမူအရာတစ်ခုရှိနေ၏။
သို့သော်လည်း ဆူဇီမို၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ သူကဆက်လက်၍ မပြောဆိုနိုင်တော့ဘဲ သူ၏ အော်ရာက အားပျော့သွားလေသည်။
“ငါ... အညံ့ခံမယ်”
ခဏနေပြီးနောက် ငွေဘီလူးသည် သူ၏ ခေါင်းကိုငုံ့ပြီး မြေပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်လိုက်လေသည်။
ထိုသည်ကိုတွေ့မြင်သောအခါ သားရဲများက တုန်လှုပ်သွားကြ၏။
ငွေဘီလူးသည် အလွယ်တကူ ဒူးထောက်အညံ့ခံလိမ့်မည် မဟုတ်ပေ။
သူတို့သည် သူတို့၏ ခေါင်းဆောင် သို့မဟုတ် ပိုမိုမြင့်မြတ်သော မျိုးဆက်သွေးရှိသည့် ရွှေဘီလူးများထံမှာသာ ဒူးထောက်ပေလိမ့်မည်။
ယခု... ငွေဘီလူးက သားရဲများအားလုံးရှေ့မှာ ဒူးထောက်အညံ့ခံလိုက်ပြီဖြစ်ပြီး သူက ဆူဇီမိုကို သစ္စာဖောက်နိုင်တော့မည် မဟုတ်ပေ။
“ဂါး...”
ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဥ်ကိုလှည့်ပတ်ပြီး ရုတ်တရက် ဟိန်းဟောက်လိုက်လေသည်။
သူက နောက်ထပ်နဂါးဖီးနစ်ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး သူ၏ အော်ရာက သိပ်သည်းပြင်းထန်နေ၏။
ယခင်က... ငွေဘီလူးသည် သူနှင့်အလွန်ဝေးကွာနေခဲ့ပြီး ထိုဟိန်းဟောက်သံ၏ အော်ရာကို အမှန်တကယ်မခံစားမိနိုင်ခဲ့ပေ။
ထိုအခါမှသာ ငွေဘီလူးသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ မျက်လုံးထဲရှိ ကြောက်ရွံမှုနှင့်အတူ ခေါင်းမော့ကြည့်လိုက်လေသည်။
အလွန်တရာသေးငယ်ပုံရသော ဤလူသား၏ အော်ရာနှင့်မျိုးဆက်သွေးသည် သူ့ထက်ပင် ပို၍မြင့်မြတ်ထည်ဝါနေပုံရ၏။
နဂါးဖီးနစ် ဟိန်းဟောက်သံနှင့်ရင်ဆိုင်ရချိန်မှာ သားရဲများက သူတို့၏ ခေါင်းများကိုငုံ့ကာ ဦးညွှတ်လိုက်ကြ၏။
ခေါင်းကိုးလုံးမြွေ ၊ ယင်ကျောက်နှင့် ဧရာမပျားတို့က ဦးဆောင်၍ ရာချီထောင်ချီသော ကြမ်းကြုတ်တောကောင်များနှင့်သားရဲများသည် သူတို့၏ ခေါင်းများကိုငုံ့ကာ ဆူဇီမိုထံ ဒူးထောက်ချလိုက်လေသည်။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် သားရဲများအားလုံး၏ သခင်ဖြစ်လာပုံရ၏။
အဲ့ဒါက အလွန်တရာတုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။
သွမ့်ထျန်လန်နှင့် ငဝါကြီးကလည်း ကြောင်အ,မှင်တက်နေကြ၏။
ဤကဲ့သို့သောအခြေအနေအောက်မှာ ဘာ့ကြောင့်ရယ်မသိ သွမ့်ထျန်လန်သည် သူ၏ ခြေထောက်များကို မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွားလေသည်။
ငဝါကြီးကလည်း မြေပြင်ပေါ်မှာ နာခံစွာဝပ်တွားနေခဲ့ပြီဖြစ်ပြီး သူ၏ အမြီးကို ယမ်းကာ ဆူဇီမိုကို ငေးကြည့်နေလေသည်။