နဂါးအသူရာချောက်နက်မြို့တော်ဆီသို့
Vol. 122 Ch. 1823
ဆူဇီမိုသည် ဤတစ်ခေါက် တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာခဲ့သည့် အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူက အဆင့်ချိုးဖျက်တက်လှမ်းခဲ့သောကြောင့်ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူ့မှာ အမြုတေစုဖွဲ့ဆေးလုံးများ ကုန်ဆုံးသွားသောကြောင့်လည်းဖြစ်၏။
မဟူရာအမြုတေအဆင့်မှာ အမြုတေစုဖွဲ့ဆေးလုံးများသည် ကျင့်ကြံသူများအတွက် အလွန်တရာအသုံးဝင်လေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက်တော့ အမြုတေစုဖွဲ့ဆေးလုံးများ၏ လိုအပ်ချက်က သာမန်ကျင့်ကြံသူများထက် အဆများစွာပင် ပို၍များပြားလေသည်။
ဆူဇီမို၏ သိုလှောင်အိတ်ထဲမှာ အမြုတေစုဖွဲ့ဆေးလုံးများ ကုန်ဆုံးသွားပြီဖြစ်သော်လည်း သူ့မှာ အမြုတေအားဖြည့်မြက်နှင့် မိုးနှင်းပန်းပင် သုံးသန်းကျော်စီရှိလေသည်။
သူသည် အဲ့ဒါကို လွန်ခဲ့သည့်ဆယ်နှစ်က နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သွေးသူရိယတောင်ကြား၏ အရိပ်နှင့် အခြားသူများထံမှာ စုဆောင်းရရှိလာခဲ့ခြင်းဖြစ်၏။
သူသည် ထိုအင်မော်တယ်ဆေးပင်များကို သွေးသူရိယတောင်ကြားမှာ လဲလှယ်မည်ဆိုလျှင် သူသည် အမြုတေစုဖွဲ့ဆေးလုံး သုံးသောင်းကျော်ကို ပြန်လည်ရရှိနိုင်မည်ဖြစ်၏။
တကယ်တော့... သူက သွေးသူရိယတောင်ကြားနှင့် ရန်ငြိုးရန်စမရှိလျှင်ပင် ဆူဇီမိုက အဲ့ဒီနေရာကို သေချာပေါက်သွားလိမ့်မည် မဟုတ်ပေ။
သူက နဂါးအသူရာချောက်မြို့တော်သို့ သွားရောက်နိုင်မည်ဆိုလျှင် သူက အမြုတေစုဖွဲ့ဆေးလုံးတစ်လုံးကို ဖလှယ်ရယူဖို့အတွက် အမြုတေအားဖြည့်မြက်နှင့် မိုးနှင်းပန်းပင်ဆယ်ပင်စီကိုသာ ပေးချေရမည်ဖြစ်ကြောင်း ရှချင်းယင်ထံမှ သူကြားခဲ့ဖူးလေသည်။
အင်မော်တယ်ဆေးပင် သုံးသန်းကျော်စီက အမြုတေစုဖွဲ့ဆေးလုံး သုံးသိန်းကျော်ကိုရရှိမည်ဟု အဓိပ္ပါယ်ရလေသည်။
ပြီးခဲ့သည့်ဆယ်နှစ်မှာ သွမ့်ထျန်လန်သည် အနီးနားဝန်းကျင်မှာ စိတ်ဝိညာဥ်စိုက်ခင်း မူတစ်ရာကို စိုက်ပျိုးခဲ့ပြီး အင်မော််တယ်ဆေးပင်တစ်သိန်းကို စုဆောင်းနိုင်ခဲ့လေသည်။
ယခု ဆူဇီမိုက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာလာပြီး သူက နဂါးအသူရာချောက်နက်မြို့သို့ သွားရောက်ကြည့်ရှုဖို့ ပြင်ဆင်ထားလေသည်။
“ဘာဖြစ်တယ်”
သွမ့်ထျန်လန်သည် ဆူဇီမို၏ ဆုံးဖြတ်ချက်ကို ကြားရသောအခါ တုန်လှုပ်သွားလေသည်။
နဂါးအသူရာချောက်နက်မြို့သည် နဂါးအသူရာချောက်နက်ကြယ်တစ်ခုလုံးမှာ အကြီးမားဆုံးဖြစ်ပြီး ဒေသခံအင်မော််တယ်များနေထိုင်ရာ တစ်ခုတည်းသော နေရာလည်းဖြစ်လေသည်။
“ဆရာ... နဂါးအသူရာချောက်နက်မြို့ကိုသွားမယ့်ခရီးက အရှည်ကြီးပဲ... အဲ့ဒီမှာ အန္တရာယ်များတဲ့နေရာတွေအပြင် ကြောက်စရာအကောင်းဆုံးက ဓားပြတွေရဲ့ရန်ပဲ... အခုချိန်မှာ ကျုပ်တို့က...”
သွမ့်ထျန်လန်က ဆက်လက်၍ မပြောဆိုတော့ပေ။
သူပြောချင်သည့်အဓိပ္ပါယ်က ရှင်းလင်းလေသည်။ ဆူဇီမိုက သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ခွန်အားနှင့် အဆင့်ကျော်၍ပင် တိုက်ခိုက်နိုင်သော အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူတို့၏ ပျမ်းမျှခွန်အားက အားနည်းနေဆဲ ဖြစ်၏။
ငွေဘီလူး ၊ ခေါင်းကိုးလုံးငှက်နှင့် အခြားသော ကြမ်းကြုတ်တောကောင်များသည် အစီးအနင်းတောကောင်များအနေဖြင့်သာ ကျင့်ကြံသူများ နေထိုင်ရာဒေသတစ်ခုသို့ ခြေချနိုင်ပေလိမ့်မည်။
သူတို့က မဆင်မခြင်ပေါ်ထွက်လာမည်ဆိုလျှင် ကျင့်ကြံသူများအားလုံးက မည်သည့်အကြောင်းရင်းမှပင် မရှိဘဲ သူတို့ကို သတ်ဖြတ်နိုင်လေသည်။ နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ငွေဘီလူးနှင့် ခေါင်းကိုးလုံးငှက်တို့ထက် များစွာပိုမိုသန်မာသော မဟူရာအင်မော်တယ်များ များပြားစွာရှိလေသည်။
သွမ့်ထျန်လန်က ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက နှင်းလေတောင်ကြောရိုးရဲ့ ပိုင်နက်အရှင်က အဆင့်-၆ မဟူရာအင်မော်တယ်အဖြစ် ချိုးဖျက်တက်လှမ်းပြီး သူက နဂါးအသူရာချောက်နက်မြို့တော်ကို သွားရောက်ချင်ခဲ့တယ်... ဒါပေမဲ့... သူက လမ်းမှာ ဓားပြတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်”
“နှင်းလေတောင်ကြောရိုးက တကယ့်ကို ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရတယ်... နှင်းလေတောင်ကြောရိုးရဲ့ ပိုင်နက်အရှင်တစ်ယောက်ပဲ ရှင်သန်နိုင်ခဲ့တာ....ဒါတောင်မှ သွေးသူရိယတောင်ကြားက အချိန်မီရောက်လာခဲ့လို့”
ခဏမျှစဥ်းစားပြီးနောက် ဆူဇီမိုက ပြောလိုက်၏။
“ဒီတစ်ခေါက် နဂါးအသူရာချောက်နက်မြို့တော်ကို သွားမှာက ငါတို့သုံးယောက်ထဲပဲ... ငါတို့ရဲ့အစုအဖွဲ့က အရမ်းကိုသေးငယ်တော့ ဘယ်သူကမှသိပ်ပြီး အာရုံစိုက်မှာမဟုတ်ဘူး... ငါတို့ကြုံတွေ့ရမယ့် အန္တရာယ်တွေကလည်း လျော့နည်းသွားလိမ့်မယ်”
ဆူဇီမိုက ငဝါကြီးကို ကြည့်လိုက်လေသည်။
“နဂါးအသူအရာချောက်နက်မြို့ကိုသွားတဲ့လမ်းကို မင်းသိမှာပေါ့.... ဟုတ်တယ်မလား”
ငဝါကြီးက အလောတကြီး ခေါင်းညိတ်ပြလိုက်၏။
လွန်ခဲ့သည့်နှစ်များမှာ သူသည် သွေးသူရိယတောင်ကြားစစ်တပ်နှင့်အတူ နဂါးအသူရာချောက်နက်မြို့သို့ လိုက်ပါခဲ့ဖူးလေသည်။
ထိုစဥ်တုန်းက လမ်းကြောင်းက အတော်လေးဘေးကင်းလုံခြုံခဲ့လေသည်။
သွေးသူရိယတောင်ကြားသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အဖွဲ့အစည်းကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်ပြီး သူတို့၏ စစ်တပ်ကို ရန်စရဲသည့်ဓားပြများက မရှိသလောက်နီးပါးပင်။
သူတို့သည် အဝေးကနေ သွေးသူရိယတောင်ကြား၏ အလံကို တွေ့မြင်မည်ဆိုလျှင် ဓားပြများစွာက သူတို့ကို ရှောင်ကွင်းသွားပေလိမ့်မည်။
“သွားကြရအောင်”
ဆူဇီမိုက ပြောလိုက်၏။
“အခုပဲ သွားကြမယ်”
သူသည် ဤနေရာမှာအချိန်ဆွဲနေဖို့ထက် နဂါးအသူရာချောက်နက်မြို့တော်သို့ တတ်နိုင်သမျှမြန်မြန် သွားရောက်ပြီး သူ၏ အမြင်ကို ချဲ့ထွင်ချင်လေသည်။
နဂါးအသူရာချောက်နက်မြို့တော်သည် နဂါးအသူရာချောက်နက်ကြယ်၏ ဗဟိုချက်ဖြစ်သည်ဟု ဆိုနိုင်လေသည်။
ထိုနေရာကသာလျှင် ဤနှစ်များအတွင်း ဆူဇီမို၏ သံသယများစွာကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
ဆူဇီမိုက စိတ်ပိုင်းဖြတ်ပြီးသွားပြီကို သွမ့်ထျန်လန်တွေ့မြင်သောအခါ သူက ထပ်မံ၍ မဖျောင်းဖျရဲတော့ဘဲ အံကိုတင်းတင်းကြိတ်ကာ ဆူဇီမို၏ နောက်သို့ လိုက်ပါလာခဲ့၏။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် သွမ့်ထျန်လန်ကို ယင်ကျောက်ပေါ်သို့ တက်စီးစေပြီး သူ၏ သိုလှောင်အိတ်ထဲကနေ နိမ့်ကျမဟူရာအဆင့် ဓမ္မရတနာတစ်ခုကိုပင် ထုတ်ပေးလိုက်လေသည်။
သွမ့်ထျန်လန်က ချက်ချင်းပင်ပြုံးဖြီးသွားပြီး သူ့ရင်ထဲရှိ သံသယများကို ရှင်းလင်းပစ်လိုက်လေသည်။
“ဆရာ... နဂါးအသူရာချောက်နက်မြို့တော်လောက်ကို မပြောနဲ့... ကျုပ်တို့ရဲ့ ရှေ့မှာ ဓားတောင်ပဲရှိရှိ.. မီးပင်လယ်ပဲရှိရှိ ကျုပ်က ခင်ဗျားနောက်ကို လိုက်မှာပဲ”
သွမ့်ထျန်လန်က သူ၏ရင်ဘတ်ကို စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပုတ်ပြလိုက်၏။
လူနှစ်ယောက်နှင့် တောကောင်နှစ်ကောင်သည် လူသူကင်းမဲ့ကုန်းမြေများမှာ ဆက်လက်၍ ကြန့်ကြာမနေတော့ဘဲ နဂါးအသူရာချောက်နက်မြို့သို့ ထွက်ခွာလာကြ၏။
ငဝါကြီးက ဆူဇီမိုကို တင်ဆောင်ပြီး ရှေ့ကနေဦးဆောင်လာခဲ့၏။
ရက်အနည်းငယ်ကြာပြီးနောက် ဆူဇီမိုတို့လေးယောက်အုပ်စုသည် နှင်းလေတောင်ကြောရိုးဘေးကနေ ဖြတ်လာကြပြီး အဝေးကနေ လှမ်းကြည့်လိုက်လေသည်။
ပြီးခဲ့သည့်ဆယ်နှစ်အတွင်း နှင်းလေတောင်ကြောရိုးက များစွာပြောင်းလဲသွားခြင်း မရှိပေ။ အဝေးကနေ မတ်တတ်ရပ်ကြည့်လျှင် စိတ်ဝိညာဥ်စိုက်ပျိုးရေးသမားများနှင့် ကင်းလှည့်နေသော အစောင့်တပ်သားများကို တွေ့မြင်နေရဆဲ ဖြစ်၏။
ဆူဇီမိုက ဆက်လက်၍ ကြန့်ကြာမနေလဲ ငဝါကြီးကိုစီးနင်းကာ နှင်းလေတောင်ကြောရိုးကို ပတ်၍ ဆက်လက်ခရီးဆက်လိုက်လေသည်။
သူတို့လေးယောက်သည် နေ့နေ့ညည ခရီးဆက်ခဲ့ကြပြီး ရံဖန်ရံခါမှသာ အနားယူကြလေသည်။ သူတို့သည် လမ်းတစ်လျှောက်မှာ မည်သည့်အန္တရာယ်ကိုမှ မကြုံတွေ့ရသေးပေ။
ဓားပြအချို့သည် ကြမ်းကြုတ်ခက်ထန်သော အဆင့်-၅ မဟူရာအမြုတေနယ်ပယ်မှာရှိသည့် ယင်ကျောက်ကို တွေ့မြင်သောအခါ တိတ်တဆိတ်ဖြင့် ရှောင်ကွင်းသွားကြလေသည်။
ဤနေ့မှာ ဆူဇီမိုတို့လေးယောက်အုပ်စုသည် ရိုးမတစ်ခုရှေ့သို့ ရောက်ရှိလာကြ၏။
ရှေ့မလှမ်းမကမ်းမှာ တောင်တန်းများက စိမ်းစိုမြင့်မား၍ အစိမ်းရောင်သမုဒ္ဒရာတစ်စင်းကဲ့သို့ ဖြန့်ကျက်နေ၏။
“အဲ့ဒါက တောင်တစ်သိန်းရိုးမပဲ”
ပြီးခဲ့သည့်နှစ်များအတွင်း ငဝါကြီးသည် သူ၏ လက်ရှိခန္ဓာကိုယ်နှင့် နေသားတစ်ကျဖြစ်လာပြီး လူသားဘာသာစကားကို ပြောဆိုလာနိုင်ခဲ့ပြီဖြစ်၏။
“တောင်တစ်သိန်းရိုးမကို ဖြတ်ကျော်ဖို့အတွက် ကျုပ်တို့က ဆယ်ရက်လောက်အချိန်ယူရလိမ့်မယ်”
“တောင်တစ်သိန်းရိုးမထဲမှာ ကျင့်ကြံသူတွေကို ချောင်းမြောင်းတိုက်ခိုက်တတ်တဲ့ ဓားပြတွေ အများကြီးရှိတယ်”
သွမ့်ထျန်လန်က ပြောလိုက်လေသည်။
“အဲ့ဒီမှာ ကြမ်းကြုတ်တောကောင်တွေနဲ့ တခြားသက်ရှိတွေလည်း အများကြီးရှိတယ်လို့ ကျုပ်ကြားဖူးတယ်”
ငဝါကြီးက ပြောလေသည်။
“ဟုတ်တယ်... အဲ့ဒီမှာ အများကြီးရှိတယ်... ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်များစွာတုန်းက သွေးသူရိယတောင်ကြားရဲ့ တောင်ကြားသခင်က သူတို့ရဲ့စစ်တပ်ကို ဦးဆောင်ပြီး တောင်တစ်သိန်းရိုးမမှာရှိတဲ့ ကြမ်းကြုတ်တောကောင်တွေနဲ့ သက်ရှိတွေကို သတ်ဖြတ်ခဲ့ပြီး သွေးလမ်းကြောင်းတစ်ခုကို ဖောက်လုပ်ခဲ့တယ်”
“ပုံမှန်အားဖြင့်ဆိုရင် အဲ့ဒီသွေးလမ်းကြောင်းပေါ်ကို ကြမ်းကြုတ်တောကောင်တွေနဲ့ တခြားသက်ရှိတွေက ခြေချရဲမှာမဟုတ်ဘူး... အဲ့ဒီလမ်းကြောင်းက အတော်လေးဘေးကင်းလုံခြုံတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး ငဝါကြီး၏ ခေါင်းကို ပုတ်လိုက်လေသည်။
“အဲ့ဒါဆိုလည်း သွားကြရအောင်”
အနီးနားဝန်းကျင်မှာ ခဏမျှရှာဖွေပြီးနောက် ငဝါကြီးသည် နောက်ဆုံးမှာ အမှတ်အသားတစ်ခုကို ရှာတွေ့သွားပြီး တောအုပ်ထဲသို့ တိုးဝင်သွားလေသည်။
အချိုးအကွေ့တချို့ကို ပြုလုပ်ပြီးနောက် သူတို့၏ ရှေ့မှာ လမ်းကြောင်းတစ်ခုက ပေါ်ထွက်လာ၏။
သွေးချီဖြင့် စွန်းထင်းနေသော လမ်းတစ်ခုက တောင်တန်းများ၏ အနက်ပိုင်းထဲသို့ ဦးတည်သွားပြီး လမ်းတစ်လျှောက်မှာ အလောင်းများက ပြန့်ကျဲနေ၏။ အရင်တုန်းက ထိုတိုက်ပွဲမှာ ကြမ်းကြုတ်တောကောင်များနှင့် တခြားသောသက်ရှိများ ဘယ်လောက်များများ သေဆုံးခဲ့ရသလဲ မသိရပေ။
သွေးလမ်းကြောင်း၏ တစ်ဖက်တစ်ချက်ဆီမှာ ရှေးဟောင်းသစ်ပင်များက ငွားငွားစွင့်စွင့် ရှိနေပြီး နေရာက မှောင်မည်းတိတ်ဆိတ်နေလေသည်။
ဆူဇီမိုတို့လေးယောက်အုပ်စုသည် သွေးလမ်းကြောင်းပေါ်ကနေ ရှေ့သို့တက်လှမ်းလာကြ၏။ တစ်ရက်မျှလျှောက်လှမ်းလာပြီးနောက် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားလေသည်။ သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ ခြေနှစ်ဖက်ဆီသို့ ခွန်အားကိုပို့လွှတ်ပြီး ငဝါကြီး၏ ဗိုက်ကို ကန်လိုက်လေသည်။
ငဝါကြီးက ချက်ချင်းပင်နားလည်သွားပြီး သူ၏ ခြေလှမ်းကို အလောတကြီးရပ်တန့်လိုက်၏။
ယင်ကျောက်သည် ဆူဇီမို၏ နောက်သို့နှစ်များစွာ လိုက်ပါလာခဲ့ပြီး သူကလည်း တစ်စုံတစ်ရာကို နားလည်သွားပုံရ၏။ သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ဘေးပတ်ဝန်းကျင်ကို စိုးရိမ်ပူပန်စွာ ထောက်လှမ်းကြည့်ရှုလိုက်လေသည်။
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး သွေးလမ်းကြောင်း၏ တစ်ဖက်တစ်ချက်စီရှိ နက်ရှိုင်းသော တောအုပ်ကို တိတ်တဆိတ်ဖြင့် ကြည့်နေ၏။
သိပ်မကြာခင် တောအုပ်ထဲကနေ တရှပ်ရှပ်အသံများထွက်ပေါ်လာ၏။
အဲ့ဒီနောက် ပုံရိပ်များစွာက ပေါ်ထွက်လာခဲ့လေသည်။
တစ်ခဏချင်းမှာပင် သွေးလမ်းကြောင်း၏ တစ်ဖက်တစ်ချက်စီရှိ တောအုပ်ထဲကနေ အနည်းဆုံး လူနှစ်ရာသုံးရာက ပေါ်ထွက်လာပြီး ရန်လိုခက်ထန်သော အမူအရာများနှင့်အတူ ဆူဇီမိုတို့အုပ်စုကို ကြည့်နေကြ၏။
သွေးလမ်းကြောင်း၏ ရှေ့ကနေ လူသုံးယောက်က ကြောက်စရာကောင်းသော ကြမ်းကြုတ်တောကောင်များကိုစီးနင်းပြီး မှောင်မဲနေသောတောအုပ်ထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာကြ၏။
ထိုကြမ်းကြုတ်တောကောင်သည် ဧရာမခြေထောက်များနှင့် ထက်ရှသော လက်သည်းချွန်များရှိပြီး ကြမ်းကြုတ်ကျားတစ်ကောင်နှင့်တူလေသည်။ သို့သော်လည်း ၎င်းက မြေပြင်ပေါ်မှာလျှောက်လှမ်းလာသောအခါ အသံမထွက်ပေ။
အဲ့ဒါက အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်၏။ အလယ်မှာရှိသောလူက ဆံပင်တိုတိုနှင့် မုတ်ဆိတ်မွေးရှိသော ဗလတောင့်တောင့်အမျိုးသားတစ်ယောက်ဖြစ်လေသည်။ သူက အဆင့်-၇ မဟူရာအမြုတေနယ်ပယ်မှာရှိပြီး ဧရာမပုဆိန်တစ်လက်ကို ကိုင်ဆွဲထား၏။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို တစ်ပိုင်းတစ်ဝက်ဗလာကျင်းထားပြီး သူ၏ ကြွက်သားများက ဖုထစ်ကာ အလွန်တရာသန်မာသည့်ပုံ ပေါ်လေသည်။
ဆံပင်တိုတို ဗလတောင့်တောင့်အမျိုးသား၏ ဘေးမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ရှိပြီး သူတို့က ငယ်ရွယ်သည့်ပုံပေါ်လေသည်။
ထိုသို့ဆိုလျှင်တောင် အမျိုးသားနှင့်အမျိုးသမီးနှစ်ယောက်စလုံးသည် အဆင့်-၆ မဟူရာအမြုတေနယ်ပယ်မှာ ရှိကြလေသည်။
တောအုပ်ထဲမှ ထွက်ပေါ်လာသော လူပေါင်းရာချီထဲမှာ အများစုကလည်း အဆင့်-၄ သို့မဟုတ် အဆင့်-၅ မဟူရာအင်မော်တယ်များဖြစ်ကြ၏။