← Chapters

အကျဉ်းသားများ

Vol. 122 Ch. 1824

အကျဉ်းသားများ

Vol. 122 Ch. 1824

အဲဒါက အတော်လေး ကြီးမားသည့် အစုအဖွဲ့တစ်ခုဖြစ်၏။

သွမ့်ထျန်လျန်၊ ငဝါကြီးနှင့် ယင်ကျောက်တို့က တိတ်တဆိတ် ထိတ်လန့်သွားကြလေသည်။

နှင်းလေတောင်ကြောရိုးတစ်ခုလုံးမှာပင် အဆင့်-၇ မဟူရာအင်မော်တယ် တစ်ယောက်တလေမှ မရှိပေ။ ဒါ့အပြင် ဦးဆောင်လာသည့် ဆံပင်တိုတို၊ ဗလတောင့်တောင့် အမျိုးသားက အဆင့်-၇ မဟူရာအင်မော်တယ် တစ်ယောက် ဖြစ်နေသည့်အပြင် အခြားသော ကျင့်ကြံသူများကလည်း အားမနည်းကြပေ။

“အဆင့်-၅ နဲ့ အဆင့်-၃ မဟူရာအင်မော်တယ်တွေက တောင်တစ်သိန်းရိုးမထဲကို ဝင်ရောက်လာရဲတယ်ပေါ့”

စကားပြောလိုက်သော လူက ဆံပင်တိုတို၊ ဗလတောင့်တောင့်လူ၏ ဘယ်ဘက်တွင် ရှိသော လူငယ်အမျိုးသားဖြစ်ပြီး သူက အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်လေသည်။

လူငယ်အမျိုးသားသည် အနက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ခါးမှာ ဓားရှည်တစ်လက်ကို ချိတ်ဆွဲထား၏။ သူ့မှာ ထက်ရှသည့်ပုံပေါ်သော မျက်ခုံး၊ မျက်လုံးများ ရှိပြီး သူ၏ လေသံက အထင်အမြင်သေးမှုကို ဖော်ပြနေ၏။

“နင်တို့တွေက ဘယ်သူတွေလဲ.. ဘယ်ကနေ လာကြတာလဲ”

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူ၏ ညာဘက်တွင် ရှိသော လူငယ်အမျိုးသမီးက မျက်မှောင် အနည်းငယ်ကြုတ်ပြီး မေးမြန်းလိုက်လေသည်။

ဤအမျိုးသမီးကလည်း အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်၏။ သူမက အနီရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်ရှည်ကို စည်းနှောင်ထားလေသည်။ သူမ၏ ပုံစံက အလွန်တရာ သေသပ်မှု ရှိပြီး သူရဲကောင်းဆန်သော အော်ရာတစ်ခုကို ထုတ်ဖော်ပေးနေ၏။

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်း မရှိပေ။ သို့သော်လည်း သူ၏ မျက်လုံးများထဲမှာ အလွန်တရာ ဖိနှိမ်နိုင်သော စွမ်းပကားတစ်ခု ပါဝင်နေပြီး ဆူဇီမိုနှင့် သွမ့်ထျန်လျန်ကို စိုက်ကြည့်နေလေသည်။

ဆူဇီမိုက သူ၏ လက်သီးနှစ်ဖက်ကို ညင်သာစွာ ယှက်ပြလိုက်၏။

“ကျုပ်ရဲ့ မျိုးရိုးနာမည်က ဆူ.. ကျုပ်က နဂါးအသူရာချောက်နက်ကြယ်ပေါ်ကို တက်လှမ်းရောက်ရှိလာတာ မကြာသေးဘူး.. ကျုပ်က ဘယ်အဖွဲ့အစည်းကိုမှလည်း မဝင်ရောက်ရသေးဘူး.. ကျုပ်က ဒီနေ့ နဂါးအသူရာချောက်နက်မြို့ကို တစ်ချက်လောက် သွားကြည့်ချင်ရုံပဲ.. ကျေးဇူးပြုပြီး ညှာတာပေးပါ”

ဆူဇီမိုသည် အားနည်းမှုကို ပြသခြင်း မရှိသလို တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းလည်း မရှိပေ။

သူ့ရှေ့မှာ ရှိသော လူအုပ်စုက အားမနည်းပေ။ သူတို့က တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင်တောင် သူက သေချာပေါက် ကြောက်လန့်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သွမ့်ထျန်လျန်၊ ငဝါကြီးနှင့် ယင်ကျောက်တို့ကတော့ အသက်ရှင်နိုင်ချင်မှ ရှင်နိုင်ပေလိမ့်မည်။

ကိစ္စများက ချောချောမွေ့မွေ့ ပြီးမြောက်သွားလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ ဆူဇီမိုမှာ ခံစားချက်တစ်ခု ရရှိနေ၏။ သူတို့၏ လမ်းကို ပိတ်ဆို့ထားသည့် လူအုပ်စုက ဓားပြများနှင့် တူသော်လည်း သူတို့၏ အော်ရာများက နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ လူများနှင့် အလွန်သိသာစွာ ကွဲပြားနေလေသည်။

အတိအကျဆိုရလျှင် သူတို့ အုပ်စုထံမှ သိပ်သည်းပြင်းထန်သော သွေးရနံ့ကို သူ မရရှိပေ။

“ဟီးဟီး”

အနက်ရောင်ဝတ် လူငယ်အမျိုးသားက ရယ်မော၍ လှောင်ပြောင်လိုက်၏။

“မင်းတို့တွေက ဘယ်လိုတောင် ပြောရဲတာလဲ.. မင်းတို့တွေက ဒီကျင့်ကြံမှုအဆင့်နဲ့ နဂါးအသူရာချောက်နက်မြို့ကို အသက်ရှင်လျက် ရောက်ရှိနိုင်မယ် ထင်နေလို့လား”

အနီရောင်ဝတ် အမျိုးသမီးကလည်း ခေါင်းညိတ်ပြလိုက်၏။

“သွားဖို့ ခရီးက အရှည်ကြီးကျန်သေးတယ်.. ငါတို့က နင်တို့တွေကို လွှတ်ပေးလိုက်မယ်ဆိုရင်တောင် နင်တို့က နဂါးအသူရာချောက်နက်မြို့ကို အသက်ရှင်လျက် ရောက်နိုင်မှာ မဟုတ်ဘူး”

“နင်တို့တွေက နဂါးအသူရာချောက်နက်မြို့ကို အသက်ရှင်လျက် သွားရောက်ချင်တယ်ဆိုရင် အနည်းဆုံး အဆင့်-၇ မဟူရာအမြုတေအဆင့်ကို ရောက်ရှိနေရမယ်.. နင်တို့တွေက အဲ့အဆင့်ကို​ ရောက်ဖို့ အဝေးကြီးလိုသေးတယ်”

အနက်ရောင်ဝတ် လူငယ်အမျိုးသားက နှုတ်ခမ်းစူလိုက်၏။

“မင်းတို့တွေကို ငါ အကြံတစ်ခုပေးလိုက်မယ်.. မင်းတို့က လာရာလမ်းအတိုင်း ပြန်လှည့်သွားရင် အကောင်းဆုံးပဲ.. အနည်းဆုံးတော့ မင်းတို့ အသက်ရှင်နိုင်လိမ့်မယ်”

သွမ့်ထျန်လျန်နှင့် ငဝါကြီးက ထိုစကားကို ကြားသောအခါ ကျေနပ်သဘောကျသွား၏။

ကြည့်ရသည်မှာ တစ်ဖက်အဖွဲ့သည် သူတို့ထံမှ လုယက်လိုခြင်း သို့မဟုတ် သူတို့၏ အသက်များကို နှုတ်ယူလိုခြင်း မရှိပေ။

သွမ့်ထျန်လျန်က အသံတစ်ခုကို အလောတကြီး ပို့လွှတ်လိုက်၏။

“ဆရာ.. နောက်ပြန်ဆုတ်ကြရအောင်.. အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး.. ကျုပ်တို့ အရင်ဆုံး နောက်ဆုတ်ပြီးမှ နောက်ထပ်လမ်းကြောင်းတစ်ခုကို ရှာဖွေကြတာပေါ့”

ဆူဇီမို၏ မျက်လုံးထဲမှာ ထူးဆန်းသည့် အကြည့်တစ်ခုက ပေါ်ထွက်လာ၏။

အနက်ရောင်ဝတ် လူငယ်အမျိုးသားဖြစ်စေ.. အနီရောင်ဝတ် အမျိုးသမီးဖြစ်စေ.. သူတို့၏ သိုလှောင်အိတ်များကို လုယူဖို့ စိတ်ကူးမရှိကြပေ။

အနက်ရောင်ဝတ် လူငယ်အမျိုးသား၏ အမူအရာက အထင်အမြင်သေးသည့်ပုံပေါ်ပြီး သူ၏ စကားလုံးများက ကြမ်းတမ်းသော်လည်း သူက သူတို့ကို ထွက်ခွာဖို့အတွက် စေတနာကောင်းဖြင့် အကြံပေးနေခြင်း ဖြစ်လေသည်။

သူတို့က ဓားပြတွေ မဟုတ်ဘူးလား..။

သို့သော်လည်း သူတို့က ဓားပြများ မဟုတ်ဘူးဆိုလျှင် သူတို့က ဤကဲ့သို့ ကြီးမားသော အစုအဖွဲ့အင်အားတစ်ရပ်ဖြင့် ဘာအတွက် စောင့်ဆိုင်းနေကြတာလဲ။

“ညီကို.. မင်းက သွေးသူရိယတောင်ကြားကို ကြားဖူးလား”

ထိုစဉ်မှာပင် ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက ဆူဇီမိုကို စိုက်ကြည့်ပြီး ရုတ်တရက် မေးလိုက်၏။

ဆူဇီမိုက အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

“သွေးသူရိယတောင်ကြားက နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အဖွဲ့အစည်းကြီး ရှစ်ခုထဲက တစ်ခုပဲ.. ကျုပ်ကြားဖူးတာပေါ့”

ဘာကြောင့်ရယ်မသိ.. အနက်ရောင်ဝတ် လူငယ်အမျိုးသားနှင့် အနီရောင်ဝတ် အမျိုးသမီးက ရုတ်တရက် ထိတ်လန့်သွားပုံရပြီး ဆူဇီမိုကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်ကြ၏။

“အစ်ကိုကြီး.. ခင်ဗျားက တော်တော်စေ့စပ်တာပဲ.. အဲဒီ အစိမ်းရောင်ဝတ် ကျင့်ကြံသူရဲ့ ထူးဆန်းပုံနဲ့ဆို.. သူက သွေးသူရိယတောင်ကြားကလူ ဖြစ်ဖို့များတယ်”

အနက်ရောင်ဝတ် လူငယ်အမျိုးသားက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်ခြင်း ဖြစ်၏။

အနီရောင်ဝတ် အမျိုးသမီးကလည်း ဆံပင်တိုတို၊ ဗလတောင့်တောင့်လူကို ကြည့်ပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“အဲဒီလူတွေက သွေးသူရိယတောင်ကြားက လွှတ်လိုက်တဲ့ သူလျှိုတွေ ဖြစ်နေမလား.. အဲ့လိုသာဆိုရင်တော့ ကျွန်မတို့က သူတို့ကို ထွက်သွားခွင့်ပေးလို့ မဖြစ်တော့ဘူး”

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက မသိမသာ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် အော်ပြောလိုက်လေသည်။

“ငါတို့က ဒီနေရာမှာ ကြီးကြီးမားမား ကိစ္စတစ်ခုကို ပြုလုပ်မလို့.. ဒါပေမဲ့ မင်းတို့ရဲ့ သရုပ်သကန်နဲ့ နောက်ခံတွေက တကယ့်ကို သံသယဝင်စရာကောင်းတယ်”

“လုံခြုံစိတ်ချရဖို့အတွက် ငါက မင်းတို့တွေကို ဒီနေရာမှာ အရင်ဆုံး ထိန်းထားရလိမ့်မယ်”

သွမ့်ထျန်လျန်က ရင်တစ်ချက်ထိတ်သွားပြီး အလောတကြီး ပြောလိုက်လေသည်။

“အစ်ကိုကြီး.. ခင်ဗျား အဲ့လိုလုပ်လို့ မရဘူးလေ.. ခင်ဗျားတို့တွေက ကျုပ်တို့ကို ထွက်ခွာခွင့်ပေးမယ်လို့ အခုတင် သဘောတူခဲ့ပြီးပြီ.. ခင်ဗျားက ဘာလို့ ကိုယ့်စကားကိုယ် မတည်ရတာလဲ”

အနက်ရောင်ဝတ် လူငယ်အမျိုးသားသည် သွမ့်ထျန်လျန်၏ ကြောက်ရွံ့နေပုံကို ကြည့်ပြီး ပို၍ပင် သတိထားလာကာ လှောင်ရယ်လိုက်လေသည်။

“ငါက မင်းတို့ အရူးလုပ်တာကို ခံရတော့မလို့… စောစောက မင်းတို့တွေကို ထွက်သွားဖို့ ပြောခဲ့တာက ငါပဲ.. ဒါပေမဲ့ ငါ့ရဲ့ အစ်ကိုကြီးနဲ့ ငါတို့ရဲ့ ညီအစ်ကိုက အဲဒါကို သဘောမတူရသေးဘူး”

ထိုသို့ပြောပြီးနောက် သွေးလမ်းကြောင်း၏ တစ်ဖက်တစ်ချက်စီရှိ တောအုပ်ထဲမှ ကျင့်ကြံသူများစွာမှ ဆူဇီမိုနှင့် အခြားသူများထံသို့ ချဉ်းကပ်လာပြီး စိမ်းသက်သော အမူအရာများနှင့်အတူ သူတို့ကို ဝိုင်းပတ်လိုက်ကြ၏။

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက ပြုံးပြလိုက်လေသည်။

“ညီကိုဆူ.. မင်း ဘာမှ စိုးရိမ်မနေနဲ့.. ငါက မင်းတို့တွေကို ခဏလောက် ထိန်းထားရုံပဲ.. ငါက မင်းတို့တွေကို သတ်မှာ မဟုတ်သလို မင်းတို့တွေရဲ့ ပစ္စည်းတွေကိုလည်း လုယက်မှာ မဟုတ်ဘူး”

“ဒီနေ့ကိစ္စ ပြီးသွားတာနဲ့ ငါ မင်းတို့တွေကို ထွက်ခွာခွင့်ပေးမယ်.. လောလောဆယ်တော့ မင်းတို့တွေကို ထိန်းသိမ်းထားရလိမ့်မယ်”

ထိုစကားကို ကြားသောအခါ သွမ့်ထျန်လျန်၏ အမူအရာက ပျော့ပြောင်းသွားပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

မည်သို့ပင်ဆိုစေ.. သူက အသက်ရှင်နိုင်တော့မည်ဖြစ်၏။

အစကနေ ယခုအချိန်ထိ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။ သို့သော်လည်း သူ၏ စိတ်ထဲမှာ ပို၍ ရှုပ်ထွေးလာခဲ့လေသည်။

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက ခဏမျှ တွေးတောပြီးနောက် အနီရောင်ဝတ် အမျိုးသမီးကို ပြောလိုက်လေသည်။

“ညီမလေး.. သူတို့ကို ဖိနှိမ်ပြီး ကိုယ်တိုင်စောင့်ကြည့်ထား”

ခဏမျှ ရပ်တန့်ပြီးနောက် ဆံပင်တိုတို၊ ဗလတောင့်တောင့် အမျိုးသား၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းတမ်းသည့် အကြည့်တစ်ခု ပေါ်ထွက်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“အဲဒီလူနှစ်ယောက်နဲ့ တောကောင်တွေက ထူးထူးဆန်းဆန်း ပြုမူလှုပ်ရှားလာမယ်ဆိုရင် လုံးဝ မညှာနဲ့.. သူတို့ကို တစ်ခါတည်း သတ်ပစ်လိုက်”

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူ၏ ထင်မြင်ချက်အရ ဆူဇီမိုတို့ အုပ်စုကို အဆင့်ခြောက် မဟူရာအင်မော်တယ်တစ်ယောက်က စောင့်ကြည့်နေမည်ဆိုပါက အမှားအယွင်း တစ်စုံတစ်ရာ ရှိလာတော့မည် မဟုတ်ပေ။

“အစ်ကိုကြီး ဘာမှမပူနဲ့”

အနီရောင်ဝတ် အမျိုးသမီးက ပြတ်သားသော အကြည့်တစ်ခုနှင့်အတူ ခေါင်းညိတ်ပြလိုက်၏။

သွမ့်ထျန်လျန်က ဆူဇီမိုကို တစ်ချက်ခိုးကြည့်လိုက်လေသည်။

စိတ်အေးလက်အေး အမူအရာနှင့်ပင် ဆူဇီမိုက ပြုံးပြလိုက်လေသည်။

“သွားကြရအောင်.. ငါတို့တွေက ဒီလောက်ထိမြန်မြန် အကျဉ်းသားတွေ ဖြစ်သွားကြပြီလား”

ဆူဇီမိုသည် လောလောဆယ်မှာ ခုခံဖို့အတွက် စိတ်ကူးမရှိပေ။

ဤလူအုပ်စု၏ နောက်ခံနှင့် သူတို့ ဘာလိုချင်သည်ကို သူက တွေ့မြင်ချင်လေသည်။

ဆူဇီမိုက ပူးပေါင်းဆောင်ရွက်ပေးနေသည်ကို တွေ့မြင်သောအခါ အနီရောင်ဝတ် အမျိုးသမီးက သူတို့ကို အခက်တွေ့အောင် မလုပ်တော့ဘဲ မလှမ်းမကမ်းရှိ တောအုပ်တစ်ခုထဲသို့သာ သူတို့ကို ခေါ်ဆောင်သွားလေသည်။ သူမက ဘေးကနေ စောင့်ကြည့်နေ၏။

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက ဆူဇီမို၏ နောက်ကျောကို ကြည့်ပြီး အတွေးနက်စွာဖြင့် မျက်မှောင် အနည်းငယ်ကြုတ်ထား၏။

“အစ်ကိုကြီး.. ခင်ဗျား တစ်ခုခုသတိထားမိလို့လား”

အနက်ရောင်ဝတ် လူငယ်အမျိုးသားက မေးလိုက်လေသည်။

ဆံပင်တိုတို၊ ဗလတောင့်တောင့် အမျိုးသားက ခေါင်းခါပြလိုက်၏။

“မရှိဘူး.. အဲဒီလူကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ငါက ခံစားနေရရုံပဲ.. သူ့ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ”

“ထူးဆန်းတယ်”

အနက်ရောင်ဝတ် လူငယ်အမျိုးသားကလည်း အလောတကြီး ခေါင်းညိတ်ပြလိုက်၏။

“စောစောက ကျုပ်မှာလည်း အဲ့လိုခံစားချက် ရှိနေခဲ့တယ်.. ဒါပေမဲ့ သူ့ကို ဘယ်နေရာမှာ မြင်ဖူးလဲ ကျုပ် စဉ်းစားလို့ မရဘူး”

“ထားလိုက်ပါ.. ငါတို့ ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့.. လောလောဆယ် အရင်ဆုံး ပုန်းကွယ်ပြီး ငါတို့ရဲ့ ခြေရာလက်ရာကို ဖျောက်ထားရအောင်”

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး လက်ပြလိုက်လေသည်။

“ဆုတ်ကြမယ်ဟေ့”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ရာနှင့်ချီသော ပုံရိပ်များက သွေးလမ်းကြောင်း၏ တစ်ဖက်တစ်ချက်စီရှိ တောအုပ်ထဲသို့ အလျင်အမြန် တိုးဝင်ပျောက်ကွယ်သွားကြ၏။ သူတို့က အလွန်တရာ မြန်ဆန်ပြီး စနစ်တကျ ရှိကြလေသည်။

အသက်ရှူချိန် အနည်းငယ်မှာပင် သွေးလမ်းကြောင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

အနီရောင်ဝတ် အမျိုးသမီးက ဆူဇီမိုနှင့် သွမ့်ထျန်လျန်ကို စိုက်ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်လေသည်။

“နောက်ပိုင်း နင်တို့တွေက ဘာကိုပဲမြင်မြင်.. အသံတစ်ချက်မှ မထွက်နဲ့.. မဟုတ်ရင်တော့…ဟင်း”

သွေးနီရောင်ဝတ် အမျိုးသမီးက သူမ၏ သိုလှောင်အိတ်ကို ပုတ်ပြီး အေးစက်နေသော ဆေဘာတစ်လက်ကို ဆွဲထုတ်ကာ ဆူဇီမိုနှင့် သွမ့်ထျန်လျန်ကို ချိန်ရွယ်လိုက်လေသည်။

သူမ ပြောချင်သည့် အဓိပ္ပာယ်က ရှင်းလင်းလေသည်။

သွမ့်ထျန်လျန်က အစာကောက်နေသော ကြက်တစ်ကောင်ကဲ့သို့ သူ၏ ခေါင်းကို ထပ်တလဲလဲ ညိတ်ပြလိုက်၏။

ဆူဇီမိုက မည်သည့်စကားမှ မဆိုဘဲ ပြုံးရုံသာ ပြုံးပြလိုက်လေသည်။

All Chapters