← Chapters

ကြီးမားသော တိုက်ပွဲ

Vol. 122 Ch. 1825

ကြီးမားသော တိုက်ပွဲ

Vol. 122 Ch. 1825

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွား၏။

သွေးလမ်းကြောင်း၏ တစ်ဖက်တစ်ချက်စီက တိတ်ဆိတ်ငြိမ်သက်နေပြီး သတ်ဖြတ်ခြင်း စိတ်ဆန္ဒ ခပ်ဖျော့ဖျော့နှင့်အတူ ပြည့်နှက်နေ၏။

ညအချိန်သို့ ရောက်ရှိလာခဲ့လေသည်။

တောအုပ်ထဲမှာ ဓားပြများစွာက စောင့်ကြည့်နေကြပြီး ဆူဇီမိုသည် သွမ့်ထျန်လျန်ကဲ့သို့ စိုးရိမ်ထိတ်လန့်နေခြင်း မရှိချေ။

သူ၏ အမူအရာက တည်ငြိမ်နေ၏။ သူသည် မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး အနားယူနေလေသည်။

သွေးနီရောင်ဝတ် အမျိုးသမီးကပင် အံ့အားသင့်နေ၏။

“သူက တကယ်ပဲ သတ္တိကောင်းတာလား.. နှလုံးသား မရှိတာလား”

သွေးနီရောင်ဝတ် အမျိုးသမီးက စိတ်ထဲကနေ ရေရွတ်လိုက်လေသည်။

ရုတ်တရက်ဆိုသလို..

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်ပြီး ဂမ္ဘီရဆန်ဆန် အလင်းတစ်ခုက တောက်ပလာကာ ပြန်လည်ပျောက်ကွယ်သွားလေသည်။

“ဟမ်”

တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး အနီရောင်ဝတ် အမျိုးသမီးက ချက်ချင်းပက် သတိထားစောင့်ကြည့်လိုက်လေသည်။ သူမ၏ လက်ထဲရှိ ဆေဘာကို တင်းတင်းဆုပ်ကိုင်ပြီး ဆူဇီမိုကို စိုက်ကြည့်ကာ ခပ်တိုးတိုး ကပ်ပြောလိုက်၏။

“နင် ဘာလုပ်နေတာလဲ”

“လူတချို့က ဒီကိုလာနေကြပြီ”

ဆူဇီမိုက ညင်သာစွာ ပြောလိုက်၏။

အနီရောင်ဝတ် အမျိုးသမီးက မျက်မှောင် အနည်းငယ်ကြုတ်ပြီး စစ်ဆေးကြည့်ရှုဖို့အတွက် သူမ၏ စိတ်ဝိညာဉ်အသိစိတ်ကို အသုံးပြုရဲခြင်း မရှိပေ။ သူမက ရန်သူများ သတိထားမိသွားမှာကို စိုးရိမ်နေခြင်း ဖြစ်၏။

သူမသည် ခဏမျှ နားစွင့်ကြည့်လိုက်သော်လည်း မည်သည့်အသံကိုမှ မကြားရပေ။ သူမ၏ အမူအရာက ညိုမည်းသွားပြီး ခပ်တိုးတိုး ကပ်ပြောလိုက်လေသည်။

“နင် ဆင်ဆင်ခြင်ခြင်နေတာ ပိုကောင်းလိမ့်မယ်.. ငါကို လာပြီး လှည့်စားဖို့ မလုပ်နဲ့”

“နင် ပေါက်တတ်ကရစကားတွေ ဆက်ပြောနေမယ်ဆိုရင် နင့်ကို ဒီနေရာမှာပဲ သတ်ဖြတ်ရလိမ့်မယ်”

ဆူဇီမိုက ပြုံးရုံသာ ပြုံး၍ ငြင်းဆန်နေခြင်း မရှိပေ။

နောက်ထပ် ၁၅မိနစ် ကုန်ဆုံးသွား၏။

ရုတ်တရက် အနီရောင်ဝတ် အမျိုးသမီး၏ အမူအရာက ပြောင်းလဲသွားလေသည်။

သူမသည် အဝေးတစ်နေရာကနေ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ်ကို အာရုံခံမိလိုက်၏။

ကျင့်ကြံသူများစွာက ဤနေရာသို့ လာနေကြလေသည်။

ထိုစဉ်မှာပင် ဆံပင်တိုတို၊ ဗလတောင့်တောင့် အမျိုးသားနှင့် အနက်ရောင်ဝတ် လူငယ်အမျိုးသားက အနီရောင်ဝတ် အမျိုးသမီးကို လှည့်ကြည့်ပြီး မသိမသာ ခေါင်းညိတ်ပြလိုက်၏။

ဆံပင်တိုတို၊ ဗလတောင့်တောင့် အမျိုးသားနှင့် အနက်ရောင်ဝတ် လူငယ်အမျိုးသားသည်လည်း အဲဒါကို အာရုံခံမိသွားကြလေပြီ။

ရုတ်တရက်.. အနီရောင်ဝတ် အမျိုးသမီးက တစ်စုံတစ်ရာကို အမှတ်ရသွားပြီး အိုးတိုးအမ်းတမ်း အမူအရာတစ်ခုဖြင့် ဆူဇီမိုကို ကြည့်လိုက်လေသည်။

လွန်ခဲ့သည့် ၁၅မိနစ်က ဤနေရာကို လူတချို့ လာနေသည်ဟု ထိုလူက သူမကို ရုတ်တရက် သတိပေးခဲ့သောကြောင့် ဖြစ်၏။

သို့သော် အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပ့ါမလဲ။

ဤလူသည် အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက်သာ ဖြစ်လေသည်။ သူ့ရဲ့ အကြားအာရုံက အဲ့လောက်ထိ ကြောက်စရာကောင်းနေတာလား။

သို့သော်လည်း ထိုလူက အဲဒါကို ကြိုတင်အာရုံခံမိခဲ့ခြင်း မရှိလျှင် အဲဒါက တိုက်ဆိုင်မှုတစ်ခု ဟုတ်နိုင်ပါ့မလား။

ရုတ်တရက်.. အစိမ်းရောင်ဝတ် အမျိုးသားကို မြူခိုးတစ်လွှာက လွှမ်းခြုံထားပြီး သူက တကယ့် အံ့မခန်း ဖြစ်လာသည်ဟု အနီရောင်ဝတ် အမျိုးသမီးက ခံစားလိုက်ရလေသည်။

အနီရောင်ဝတ် အမျိုးသမီး၏ စေ့စေ့စပ်စပ် အကြည့်အောက်မှာ ဆူဇီမိုက မည်သည့်လှုပ်ရှားယိမ်းယိုင်မှုမှ မရှိဘဲ တည့်တည့် ပြန်ကြည့်လိုက်လေသည်။

သိပ်မကြာခင်…

ပုံမှန်မဟုတ်သော တုန်ခါမှုတစ်ခုက မလှမ်းမကမ်း မြေပြင်ကနေ ထွက်ပေါ်လာ၏။

ဤတစ်ခေါက်မှာတော့ သွမ့်ထျန်လျန်ပင်လျှင် အဲဒါကို သတိထားမိသွား၏။

“လူတစ်ထောင်လောက်ရှိမယ်”

အနီရောင်ဝတ် အမျိုးသမီးက ဂရုတစိုက် နားစွင့်ပြီးနောက် အကဲဖြတ်ကာ သူမ၏ အမူအရာက ပြေလျော့သွားလေသည်။

ဤအခြေအနေက ယခင် သူတို့ လက်ခံရရှိထားသည့် သတင်းအချက်အလက်နှင့် သိပ်မကွာပေ။ အမှားအယွင်း တစ်စုံတစ်ရာ မရှိလျှင် ယနေ့ကိစ္စက သေချာပေါက် အောင်မြင်ပေလိမ့်မည်။

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာ ခါပြီး တိုးတိတ်စွာ ပြောလိုက်လေသည်။

“အဲဒီထက်ပိုတယ်”

“ဘာဖြစ်တယ်”

အနီရောင်ဝတ် အမျိုးသမီးက မှင်တက်သွား၏။ ဆူဇီမို ပြောသည့် စကား၏ အဓိပ္ပာယ်ကို သူမ နားမလည်နိုင်ခင်မှာပင် မလှမ်းမကမ်းရှိ သွေးရောင်လမ်းကြောင်းပေါ်မှာ ပုံရိပ်များစွာက ပေါ်ထွက်လာ၏။

လူတစ်ထောင်ကျော် ပါဝင်သော စစ်တပ်တစ်တပ်သည် လူတိုင်း၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်၏။

တောအုပ်ထဲကနေတစ်ဆင့် ထိုစစ်တပ်၏ အလံကို တွေ့မြင်သောအခါ သွမ့်ထျန်လျန်၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားလေသည်။

ငဝါကြီးကလည်း တုန်လှုပ်သွား၏။

အဲဒါသည် သွေးသူရိယတောင်ကြား၏ စစ်ချီအလံ ဖြစ်လေသည်။

ဆူဇီမိုပင်လျှင် အနည်းငယ် အံ့အားသင့်သွားရ၏။

အနီရောင်ဝတ် အမျိုးသမီးတို့ အုပ်စုသည် သွေးသူရိယတောင်ကြားကို မကောင်းကြံနေခြင်း ဖြစ်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

သွေးသူရိယတောင်ကြားသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အဖွဲ့အစည်းကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်လေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် မဟာဓားပြလေးဖွဲ့ပင်လျှင် အဖွဲ့အစည်းကြီး ရှစ်ခုနှင့် အလွယ်တကူ ထိပ်တိုက်ရင်ဆိုင်ကြလိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ အမြင်အာရုံက အလွန်တရာ အားကောင်းပြီး စစ်တပ်ထဲရှိ ကျင့်ကြံသူများ၏ ရုပ်ရည်သွင်ပြင်များကို သူက ရှင်းလင်းစွာ တွေ့မြင်နိုင်၏။

သူတို့၏ ခေါင်းဆောင်က သူနှင့် ရင်းနှီးခဲ့ဖူးသော တစ်စုံတစ်ယောက်.. သွေးသူရိယတောင်ကြား၏ သခင်လေး ချန်ရွှမ်ယန် ဖြစ်လေသည်။

ဆယ်နှစ်ကြာပြီးနောက် ချန်ရွှမ်ယန်က အဆင့်ခြောက် မဟူရာအင်မော်တယ်တစ်ယောက်သာ ဖြစ်နေဆဲပင်။

ချန်ရွှမ်ယန်သည် အဖြူရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လှံရှည်တစ်လက်ကို ကိုင်ဆွဲထား၏။ သူက မြင့်မားသော မြင်းတစ်စီးကို စီးထားပြီး အလွန်တရာ ခမ်းနားထည်ဝါသည့်ပုံပေါ်နေ၏။

ချန်ရွှမ်ယန်၏ ဘေးမှာ အသက်ကြီးကြီး အမျိုးသားတစ်ယောက် လိုက်ပါလာလေသည်။

ထိုလူအိုကြီးက လက်ဗလာဖြစ်ပြီး မည်သည့် ချပ်ဝတ်တန်ဆာကိုမှ ဝတ်ဆင်မထားပေ။ သူက မီးခိုးရောင် ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အမူအရာက တည်ငြိမ်နေကာ သူ၏ အနက်နှင့်အဖြူ ရောနေသော ဆံပင်များကို ဒီတိုင်းဖြန့်ချထား၏။

လူအိုကြီးက အဆင့် ၇ မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်လေသည်။

ကြည့်ရသည်မှာ ချန်ရွှမ်ယန် ဦးဆောင်လာသော စစ်တပ်သည် နဂါးအသူရာချောက်နက်မြို့တော်သို့ သွားရောက်မည့်ပုံပင်။

နှစ်ဖက်စလုံး၏ ခွန်အားက မတိမ်းမယိမ်းမှာ ရှိသည်ဟု ထင်ရလေသည်။

ချန်ရွှမ်ယန်သည် ဆံပင်တိုတို၊ ဗလတောင့်တောင့်လူနှင့် အခြားသူများ ခြုံခိုချောင်းမြောင်းနေသော နေရာသို့ ချဉ်းကပ်လာစဉ် အနီရောင်ဝတ် အမျိုးသမီးက အလွန်တရာ စိုးရိမ်ပူပန်သည့်ပုံပေါ်နေ၏။ သူမက ချန်ရွှမ်ယန်၏ ဘေးကို ကြည့်​ပြီး ဆူဇီမိုကို ပြန်လည်စိုက်ကြည့်လိုက်၏။

ဆူဇီမိုကို မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ဖို့ သို့မဟုတ် အသံတစ်ချက်မှ မထွက်ဖို့ သူမက တင်းမာခက်ထန်သော အကြည့်ဖြင့် သတိပေးနေခြင်းဖြစ်၏။

ရုတ်တရက်ဆိုသလို…

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက သူ၏ လက်ကို မြှောက်ပြီး အမိန့်ပေးလိုက်လေသည်။

“သတ်”

ရွှစ်.. ရွှစ်.. ရွှစ်..

တောအုပ်ထဲမှာ ခြုံခိုဝပ်တွားနေသော ကျင့်ကြံသူများစွာသည် ရုတ်တရက် သူတို့၏ လက်ထဲရှိ လှံများကို သူတို့၏ အစွမ်းကုန်ဖြင့် ပစ်ထုတ်လိုက်ကြ၏။

ထိုလှံများက ချောက်ချားစရာကောင်းသော အသံများနှင့်အတူ လေထုကို ဆုတ်ဖြဲသွားလေသည်။

လှံများက တစ်ချိန်တည်းမှာ ရောက်ရှိလာပြီး သွေးလမ်းကြောင်း၏ အလယ်ရှိ သွေးသူရိယတောင်ကြား စစ်တပ်ထံသို့ ပစ်ဝင်လာကာ မြားမိုးတစ်ခု ရွာသွန်းလာသကဲ့သို့ ဖြစ်လေသည်။

ချန်ရွှမ်ယန်သည် သူ့မျက်လုံးထဲရှိ လှောင်ပြောင်သရော်လိုသော အကြည့်တစ်ခုနှင့်အတူ သူ၏ နှုတ်ခမ်းကို အနည်းငယ် ကွေးညွှတ်လိုက်လေသည်။

သူ့ဘေးမှာ ရှိသော လူအိုကြီးက ရုတ်တရက် အမိန့်ပေးလိုက်၏။

သွေးသူရိယတောင်ကြားမှ လူတစ်ထောင်ကျော် ပါဝင်သော စစ်တပ်သည် အဲဒါကို ကြိုတင်ပြင်ဆင်ထားပုံရပြီး သူတို့၏ ဖွဲ့စည်းပုံကို အလျင်အမြန်ပြောင်းလဲကာ ဧရာမ စက်ဝိုင်းတစ်ခုပုံစံ စုဖွဲ့လိုက်ကြ၏။

အပြင်ဘက် အစပ်မှာရှိသော သွေးသူရိယတောင်ကြား ကျင့်ကြံသူများသည် သူတို့၏ သိုလှောင်အိတ်ထဲကနေ ဧရာမ ဒိုင်းကာများကို ဆွဲထုတ်ကာ သူတို့၏ ရှေ့မှာ ပိတ်ကာလိုက်ကြ၏။

အလယ်မှာ ရှိသော သွေးသူရိယတောင်ကြား ကျင့်ကြံသူအချို့သည် သူတို့၏ ဒိုင်းကာများကို သူတို့၏ ဦးခေါင်းထက်သို့ ပင့်မြှောက်လိုက်ကြ၏။

ထိုသို့ဖြင့် သွေးသူရိယတောင်ကြား စစ်တပ်သည် ထိုးဖောက်၍ မရနိုင်သော ခံစစ်ဝင်္ကပါတစ်ခုကို စုဖွဲ့လိုက်လေသည်။

တချွင်ချွင်အသံများနှင့်အတူ သွေးသူရိယတောင်ကြား စစ်တပ်က လှံများ အားလုံးကို ပိတ်ဆို့တားဆီးလိုက်လေသည်။

လှံအချို့သည် ချန်ရွှမ်ယန်ကို ချိန်ရွယ်လာသော်လည်း သူက ပေါ့ပေါ့ပါးပါးနှင့်ပင် သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်း၍ ခတ်ထုတ်ပစ်လိုက်လေသည်။

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

လက်ရှိအခြေအနေကို သွေးသူရိယတောင်ကြားက ကြိုတင်ပြင်ဆင်ထားသည်မှာ သိသာလေသည်။

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူနှင့် အခြားသူများက ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် သူတို့သည် သွေးသူရိယတောင်ကြား၏ ပိတ်ဆို့ခြင်း ခံရဖို့ ဖြစ်နိုင်လေသည်။

ယခုအချိန်တွင် ဉာဏ်ရှိရာကျသော ရွေးချယ်မှုမှာ လူတိုင်းကို ဦးဆောင်ပြီး ပြန်လည်ဆုတ်ခွာဖို့ ဖြစ်လေသည်။

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူသည် အလျင်အမြန် တုံ့ပြန်လာသော သွေးသူရိယတောင်ကြား စစ်တပ်ကို ကြည့်ပြီး သူ၏ မျက်လုံးထဲမှာ တွေဝေရှုပ်ထွေးသည့် အကြည့်တစ်ခု ပေါ်ထွက်လာ၏။

သူ၏ ဆင်ခြင်တုံတရားက သူ၏ အစီအစဉ် မအောင်မြင်တော့ဘူးဟု သူ့ကို ပြောနေ၏။

သို့သော်လည်း မြားက လေးကြိုးပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဲဒါကို လွှတ်ပေးရပေတော့မည်။

သူသည် ဤကဲ့သို့သော ပုံစံဖြင့် ဆုတ်ခွာသွားရမည်ကို မချင့်မရဲဖြစ်နေ၏။

သူက တွေဝေတုံ့ဆိုင်းနေစဉ်မှာပင် သူ့ဘေးမှာ ရှိသော အနက်ရောင်ဝတ် လူငယ်အမျိုးသားက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့ကနေ ဦးဆောင်ကာ ပြေးဝင်သွားလေသည်။

“ညီအစ်ကိုတို့.. သတ်ကြ.. သေသွားတဲ့ လူတွေအတွက် လက်စားချေကြမယ်… ငါတို့က သွေးသူရိယတောင်ကြားကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းမယ်”

“သွေးသူရိယတောင်ကြားက သူတို့ရဲ့ သွေးနဲ့ ပြန်ပေးဆပ်ရမယ်”

ကျင့်ကြံသူများစွာ၏ သွေးများက ဆူပွက်လာပြီး သူတို့က မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ သွေးသူရိယတောင်ကြား စစ်တပ်ရှိရာသို့ တောအုပ်ထဲကနေ ပြေးထွက်လာကြ၏။

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူသည် ထိုသည်ကို တွေ့မြင်သောအခါ သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘဲ မာန်သွင်းအော်ဟစ်ကာ သူ၏ ဧရာမ ပုဆိန်နှင့်အတူ သူ၏ ကြမ်းကြုတ်တောကောင်ကို စီးနင်း၍ ရှေ့သို့ ချီတက်သွားလေသည်။

တစ်ဖက်အဖွဲ့မှာ အဆင့် ၇ မဟူရာအင်မော်တယ်တစ်ယောက်ပါလေသည်။

သူက ထိုအဆင့် ၇ မဟူရာအင်မော်တယ်ကို ရှင်းထုတ်ပစ်ရပေမည်။

“ဟားဟားဟားဟား”

ချန်ရွှမ်ယန်က မည်သည့်ကြောက်ရွံ့မှုမှ မရှိဘဲ ကျင့်ကြံသူများစွာကို ကြည့်လိုက်လေသည်။ မကြောက်ရွံ့သည့်အပြင် သူက သူ၏ ခေါင်းကို မော့၍ ရယ်မောလိုက်၏။

“အချိန်ကိုက်ပဲ”

“ကောင်းကင်ထောက်တိုင် ရဲတိုက်၊ လေတိမ်ဂိုဏ်း၊ ဂုဏ်သိက္ခာစံအိမ်.. မင်းတို့ ရှင်သန်ကျန်ရစ်သူတွေကို ငါက ရှာမတွေ့နိုင်မှာကို စိုးရိမ်နေတာ.. အခုတော့ မင်းတို့ကိုယ်တိုင် ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာပဲ”

“ဒီနေ့ မင်းတို့ အဖွဲ့သုံးဖွဲ့က ရှင်သန်ကျန်ရစ်သူတွေကို ငါက နဂါးအသူရာချောက်နက်ကြယ်ပေါ်ကနေ အပြီးတိုင်ဖယ်ရှားပေးမယ်”

“သတ်”

ချန်ရွှမ်ယန်က သူ၏ လှံကို ကိုင်မြှောက်ပြီး အော်ဟစ်လိုက်၏။

သူ့ဘေးမှာ ရှိသော အဘိုးအိုက ရှေ့သို့ ခုန်ထွက်လိုက်ပြီး ဆံပင်တိုတို၊ ဗလတောင့်တောင့်လူ ရှိရာသို့ ပြေးဝင်သွားလေသည်။

All Chapters