← Chapters

ဆက်တိုက်သတ်ဖြတ်ခြင်း

Vol. 122 Ch. 1827

ဆက်တိုက်သတ်ဖြတ်ခြင်း

Vol. 122 Ch. 1827

မသိလိုက်မသိဘာသာနှင့်ပင် အစိမ်းရောင်ဝတ်ကျင့်ကြံသူက တိုက်ပွဲမြေပြင်သို့ ရောက်ရှိသွားခဲ့လေပြီ။ ဒါ့အပြင် သူသည် အရိပ်မဲ့လုပ်ကြံသူ၏ နောက်ဘက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

တိုက်ပွဲ၏ ရုတ်ရုတ်သဲသဲ အခြေအနေကြောင့်လား သို့မဟုတ် အရိပ်မဲ့လုပ်ကြံသူသည် ဆံပင်တိုတို ဗလတောင့်တောင့်လူအပေါ် အာရုံလုံးလုံးစိုက်ထားသောကြောင့်လား မပြောတတ်ပေ။ သူသည် ချဥ်းကပ်လာသော အန္တရာယ်ကို သတိမထားမိသေးပေ။ မည်သို့ပင်ဆိုစေ အနီရောင်ဝတ်အမျိုးသမီးလှမ်းကြည့်လိုက်ချိန်မှာ ဆူဇီမိုက အရိပ်မဲ့လုပ်ကြံသူ၏ နောက်ဘက်သို့ ရောက်ရှိနေခဲ့လေပြီ။

သူတို့နှစ်ယောက်က အလွန်တရာနီးကပ်နေကြ၏။

အဲ့ဒီနောက် သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အရိပ်မဲ့လုပ်ကြံသူက လှည့်ကြည့်ခြင်းမရှိဘဲ ဘေးဘက်သို့ ရုတ်တရက်ရှောင်တိမ်းလိုက်၏။

ဆူဇီမိုက တိုက်ခိုက်လိုက်ပြီဖြစ်၏။

အဲ့ဒီမှာ ကမ္ဘာတုန်လောက်စရာနည်းလမ်းများ သို့မဟုတ် နတ်ဘုရားစွမ်းအားများ သို့မဟုတ် အင်မော်တယ်ပညာရပ်များ မပါဝင်ပေ။ သူသည် သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး အရိပ်မဲ့လုပ်ကြံသူ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်ရုံသာဖြစ်လေသည်။

အဲ့ဒါက အရမ်းကိုမြန်ဆန်ပြီး အရိပ်မဲ့လုပ်ကြံသူက လုံးဝမရှောင်တိမ်းနိုင်ပေ။

ဖြောင်း...

အဲ့ဒီမှာ ကြွပ်ဆတ်ဆတ်အသံတစ်သံ ထွက်ပေါ်လာ၏။

အနီရောင်ဝတ်အမျိုးသမီး၏ ရှေ့တည့်တည့်မှာပင် အရိပ်မဲ့လုပ်ကြံသူ၏ ဦးခေါင်းက ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ဖရဲသီးတစ်လုံးကဲ့သို့ ကွဲထွက်သွားပြီး သွေးများက ပြန့်ကျဲသွားလေသည်။

ထိုစွမ်းအားသည် အရိပ်မဲ့လုပ်ကြံသူ၏ အမြုတေစိတ်ဝိညာဥ်ကို ကြေမွသွားစေဖို့ လုံလောက်လေသည်။

အဆင့် ၇ မဟူရာအင်မော်တယ်တစ်ယောက်က သေဆုံးသွားပြီဖြစ်၏။

“အရိပ်မဲ့...”

မီးခိုးရောင်ဝတ်အဖိုးအိုက ဒေါသချောင်းချောင်းထွက်နေသော အမူအရာဖြင့် အော်ဟစ်လိုက်လေသည်။

နတ်မိမယ်သစ်ခွပန်းကလည်း သူမ၏ မျက်လုံးနှစ်ဖက်ကို မှေးကျဥ်းလိုက်၏။

အရိပ်မဲ့လုပ်ကြံသူသာ မဟုတ်ပေ။ နတ်မိမယ်သစ်ခွပန်းနှင့် မီးခိုးရောင်ဝတ် အဖိုးအိုတို့ကလည်း အရိပ်မဲ့လုပ်ကြံသူ၏ နောက်ဘက်သို့ ဆူဇီမို မည်သို့မည်ပုံရောက်ရှိလာသလဲ သတိမထားမိခဲ့ကြပေ။

တစ်စုံတစ်ရာထူးခြားနေသည်ကို သူတို့သတိထားမိသည့်အချိန်မှာ အရိပ်မဲ့လုပ်ကြံသူက ဆူဇီမို၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်ကို တွေ့မြင်လိုက်ကြရ၏။

မီးခိုးရောင်ဝတ်အဖိုးအို၏ စိတ်ဝိညာဥ်အသိစိတ်က ဆူဇိမိုထံသို့ အလျင်အမြန်ဖြတ်သန်းသွားလေသည်။

“အဆင့် ၅ မဟူရာအမြုတေနယ်ပယ်”

မီးခိုးရောင်ဝတ်အဖိုးအိုက အနည်းငယ် စိတ်လက်ပေါ့ပါးသွား၏။

အဆင့် ၅ မဟူရာအင်မော်တယ်တစ်ယောက်လောက်က သူတို့ကို မခြိမ်းခြောက်နိုင်ပေ။

တစ်ချိန်တည်းမှာပင် သူက စိတ်ထဲကနေ ညည်းတွားလိုက်၏။

အရိပ်မဲ့လုပ်ကြံသူက တကယ့်ကို နမော်နမဲ့နိုင်လွန်းလေသည်။

ထိုသို့သာမဟုတ်ပါက သူသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ဘယ်လိုလုပ်ပြီး သတ်ဖြတ်ခံရပါ့မလဲ။

အဲ့ဒါကိုတွေ့မြင်သော လူတိုင်းနီးပါးက ထိုကဲ့သို့သာ အကဲဖြတ်မိပေလိမ့်မည်။

အကြောင်းမှာ အဆင့် ၅ မဟူရာအင်မော်တယ်တစ်ယောက်သည် အဆင့် ၇ မဟူရာအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်နိုင်ဖို့ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူကမှ ယုံကြည်လိမ့်မည် မဟုတ်သောကြောင့်ပင်။

တကယ်တော့... မီးခိုးရောင်ဝတ်အဖိုးအိုနှင့် အခြားသူများမသိရှိသော အချက်တစ်ချက်ရှိလေသည်။

အရိပ်မဲ့လုပ်ကြံသူကို တတ်နိုင်သမျှမြန်မြန် သတ်ဖြတ်ဖို့အတွက် ဆူဇီမိသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကိုပင် အသုံးပြုခဲ့ရလေသည်။

အဲ့ဒါသည် တည်နေရာရွှေ့ပြောင်းခြင်းနှင့်ဆင်တူသော လှုပ်ရှားမှုနည်းစနစ်တစ်ခုဖြစ်၏။

တစ်နည်းအားဖြင့်ဆိုလျှင် ဆူဇီမိုသည် စောစောက အရိပ်မဲ့လုပ်ကြံသူကို တိုက်ခိုက်ဖို့ရွေးချယ်ခဲ့ခြင်းဖြစ်၏။

သူက မီးခိုးရောင်ဝတ်အဖိုးအို သို့မဟုတ် နတ်မိမယ်သစ်ခွပန်းကို တိုက်ခိုက်ဖို့ ရွေးချယ်မည်ဆိုလျှင် သူတို့၏ ရလဒ်ကလည်း အရိပ်မဲ့လုပ်ကြံသူနှင့် အတူတူပင်ဖြစ်နေပေလိမ့်မည်။

ထိုကြောက်စရာကောင်းသော လှုပ်ရှားမှုနည်းစနစ်သည် အစကတည်းက သူ့ခွန်အား၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။

မလှမ်းမကမ်းတောအုပ်ထဲမှာ အနီရောင်ဝတ်အမျိုးသမီး၏ အမူအရာက ပြေလျော့သွားခြင်းမရှိပေ။

အရိပ်မဲ့လုပ်ကြံသူက သေဆုံးသွားသည်ဆိုလျှင်တောင် သွေးသူရိယတောင်ကြားဘက်မှာ အဆင့် ၇ မဟူရာအင်မော်တယ်နှစ်ယောက်နှင့် ကျင့်ကြံသူအယောက် ငါးထောင်ပါ စစ်တပ်တစ်တပ်က ကျန်ရှိနေသေးဆဲ ဖြစ်၏။

သူတို့ဘက်မှာတော့ ဆံပင်တိုတိုဗလတောင့်တောင့်လူနှင့် အနက်ရောင်ဝတ်လူငယ်က ဒဏ်ရာရရှိသွားခဲ့ပြီဖြစ်၏။

ကျန်ရှိနေသော လူပေါင်းရာချီထဲမှာ ထက်ဝက်နီးပါးသည် အချိန်တိုအတွင်းမှာ သေသူသေ ထိခိုက်ဒဏ်ရာ ရသူရနှင့် သူတို့သည် ပျက်စီးဆုံးရှုံးမှုများစွာကို ကြုံတွေ့ထားရ၏။

သူတို့က ဤတိုက်ပွဲမှာ ရှုံးနိမ့်ရဦးမည်ဖြစ်၏။

အနီရောင်ဝတ်အမျိုးသမီးက တိုက်ပွဲမြေပြင်သို့ ဝင်ရောက်တော့မည့်ဆဲဆဲမှာပင် အဆင့် ၅ မဟူရာအမြုတေနယ်ပယ်မှာရှိသော အစိမ်းရောင်ဝတ်အမျိုးသားက မီးခိုးရောင်ဝတ်အဖိုးအိုထံသို့ ပြေးဝင်သွားသည်ကို သူမက တွေ့မြင်လိုက်ရ၏။

“အဆင့် ၅ မဟူရာအင်မော်တယ်တစ်ယောက်က အဆင့် ၇ မဟူရာအင်မော်တယ်တစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ချင်တာလား... သူက သေချင်နေတာလား”

ထိုအတွေးက အနီရောင်ဝတ်အမျိုးသမီး၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။

“မင်းကတော့ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ”

မီးခိုးရောင်ဝတ်အဖိုးအိုက ဝင်ရောက်လာသောဆူဇီမိုကို အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါကလည်း... မင်းဆီကိုလာမလို့... သိပ်ကောင်းတယ် မင်းက မင်းကိုယ်တိုင် ငါ့ဆီကို ရောက်လာတာပဲ”

သူက ရှေ့သို့တက်လှမ်းပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ သူ၏ လက်သီးနှစ်ဖက်က ငွေရောင်အလင်းဖြင့် တောက်ပလာပြီး ဆူဇီမိုကို ပစ်ထိုးလိုက်လေသည်။

“ငြိမ်သက်စမ်း”

တည်ငြိမ်နေသော အမူအရာတစ်ခုဖြင့် ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး ရုတ်တရက် အော်ပြောလိုက်လေသည်။

သာမန်နတ်ဘုရားစွမ်းအား... ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်။

မီးခိုးရောင်ဝတ်အဖိုးအိုက ဆတ်ခနဲတုန်ယင်သွား၏။

ဘာပဲပြောပြော သူတို့ကြားမှာ ကျင့်ကြံမှုအဆင့်သေးနှစ်ဆင့်ကွာဟနေ၏။ ချက်ချင်းနီးပါးပင် မီးခိုးရောင်ဝတ်အဖိုးအိုသည် ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်ကနေ ရုန်းထွက်လာနိုင်ပြီး သက်ရောက်မှုများစွာမရှိခဲ့ပေ။

“ဟမ့်...”

မီးခိုးရောင်ဝတ်အဖိုးအိုက လှောင်ရယ်လိုက်၏။

“ကလေးကလားလှည့်ကွက်တွေပါကွာ”

“အဲ့လိုလား..”

ဆူဇီမိုက မထီတရီပြုံးပြလိုက်၏။

“အဲ့ဒီကလေးကလားလှည့်ကွက်နဲ့ မင်းအသက်ကို ငါယူပြမယ်”

ခဏမျှရပ်တန့်သွားခြင်းက သူ့အတွက် လုံလောက်လေသည်။

ရုတ်တရက် ဆူဇီမို၏ နှာရောင်ထဲကနေ ယိုယွင်းပျက်စီးနေသော ကြေးမီးဖိုတစ်လုံးက ပစ်လွင့်ထွက်ပေါ်လာပြီး မီးခိုးရောင်ဝတ်အဖိုးအိုထံသို့ ပစ်ဝင်လာခဲ့လေသည်။

မီးခိုးရောင်ဝတ်အဖိုးအိုက ယခုတင် ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်ကနေ ရုန်းထွက်လာခါစဖြစ်ပြီး အဲ့ဒါကို အချိန်မီမရှောင်တိမ်းနိုင်တော့ပေ။ သူက ဝင်ရောက်လာသော ကြေးမီးဖိုထံသို့ သူ၏ လက်သီးနှစ်ဖက်ကိုသာမြှောက်ပြီး ပစ်ထိုးလိုက်ရ၏။

ဖျောက်... ဖျောက်.... ဖျောက်...

နောက်ခဏ၌ အလွန်တရာကြောက်စရာကောင်းသောပုံစံဖြင့် အရိုးများကျိုးသံက ထွက်ပေါ်လာ၏။

အနီရောင်ဝတ်အမျိုးသမီး၏ ရှေ့မှာပင် မီးခိုးရောင်ဝတ်အဖိုးအို၏ လက်အိတ်နှစ်ဖက်က ကြေမွသွားပြီး သူ၏ လက်တံထဲရှိ အရိုးများက အပိုင်းပိုင်းကျိုးသွားလေသည်။

“အား...”

မီးခိုးရောင်ဝတ်အဖိုးအို၏ မျက်နှာက သွေးဆုတ်သွားပြီး ခပ်စူးစူးအော်ဟစ်လိုက်၏။

သူ၏ လက်နှစ်ဖက်က တွဲလျောင်းကျဆင်းသွားပြီး အထဲမှာရှိသောအရိုးများက ကျိုးကြေသွားလေသည်။

မဟူရာအင်မော်တယ်တစ်ယောက်အတွက် ဤကဲ့သို့သောထိခိုက်ဒဏ်ရာသည် မသေစေနိုင်သော်လည်း သူက ဒုက္ခိတတစ်ယောက် ဖြစ်သွားခဲ့လေပြီ။

သည့်နောက် မီးခိုးရောင်ဝတ်အဖိုးအို၏ အော်သံက ယတိပြတ် ရပ်တန့်သွားလေသည်။

ဆူဇီမိုက ရှေ့သို့ ခုန်တက်ပြီး စတုရန်းကြေးမီးဖိုကို ကိုင်မြှောက်ကာ မီးခိုးရောင်ဝတ်အဖိုးအို၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်ခြင်းဖြစ်၏။

ဘန်း...

မီးခိုးရောင်ဝတ်အဖိုးအို၏ ဦးခေါင်းက ကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာပင် ဖျက်ဆီးခံလိုက်ရ၏။

ချက်ချင်းပင် တိုက်ပွဲနယ်မြေမှာ အပြောင်းအလဲများ ပေါ်ထွက်လာခဲ့လေပြီ။

တစ်ခဏချင်းမှာပဲ အခြေအနေက ဤကဲ့သို့ပြောင်းလဲသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။

သွေးသူရိယတောင်ကြားဘက်မှာ အဆင့် ၇ မဟူရာအင်မော်တယ်နှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွား၏။

ဒါ့အပြင် သူတို့နှစ်ယောက်သည် အရမ်းကိုမြန်မြန်ဆန်ဆန် သေဆုံးသွားခြင်းဖြစ်ပြီး လူများစွာက အဲ့ဒါကို အချိန်မီမတုံ့ပြန်နိုင်ခဲ့ကြပေ။

ဆူဇီမိုအတွက်တော့ ဤတိုက်ပွဲ၏ အဓိကအချက်မှာ ရုန်းကန်ပေါက်ကွဲအားမြင့်မားသော နည်းလမ်းများဖြင့် အဆင့် ၇ မဟူရာအင်မော်တယ်သုံးယောက်ကို တတ်နိုင်သမျှမြန်မြန်သတ်ဖြတ်ဖို့ဖြစ်လေသည်။

အဆင့် ၇ မဟူရာအင်မော်တယ်သုံးယောက် သေဆုံးသွားမည်ဆိုလျှင် ကျန်သူများက ခြိမ်းခြောက်မှုတစ်ရပ် မဖြစ်နိုင်တော့ပေ။

“အဲ့ဒါမင်းပဲ”

ချန်ရွှမ်ယန်က နောက်ဆုံးမှာ သတိထားမိသွားပြီး သူ၏ အကြည့်က ဆူဇီမိုပေါ်သို့ ဆင်းသက်လာခဲ့၏။ သူက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က အဆုံးမဲ့အမုန်းတရားများဖြင့် ပြည့်နှက်လာခဲ့၏။

အရင်တုန်းက ဆူဇီမိုကို အမဲလိုက်ဖို့အတွက် သူ၏ ကိုယ်ရံတော် ၇ယောက်ကို ဆုံးရှုံးခဲ့ရလေသည်။

ပြီးခဲ့သည့်ဆယ်နှစ်အတွင်း နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ဆုကြေးထုတ်ပြန်မှုနှင့်ပင် ဆူဇီမိုကို သူက ရှာမတွေ့နိုင်ခဲ့ပေ။ ယခု... ဤနေရာမှာ သူတို့က ပက်ပင်းလာတိုးကြလေသည်။

ဒါ့အပြင် ဤလူသည် ပေါ်ထွက်လာသည့်ခဏမှာပင် သူ၏ အကြံအစည်များကို ဖျက်ဆီးနေပြန်၏။

ချန်ရွှမ်ယန်၏ မျက်လုံးက နီရဲလာပြီး အတွင်းမှာ အမုန်းတရားများဖြင့် ပြည့်နှက်လာ၏။ သူက ဆူဇီမိုကို သူ့လက်ထဲရှိလှံဖြင့် ထိုးညွှန်ပြီး ခြိမ်းခြောက်လိုက်လေသည်။

“သတ်... အဲ့ဒီလူကို သတ်ကြ”

ချက်ချင်းပင် သွေးသူရိယတောင်ကြားမှ အနည်းဆုံး လူတစ်ထောင်လောက်က ဆူဇီမိုထံသို့ ပြေးဝင်လာပြီး တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် နတ်မိမယ်သစ်ခွပန်းက သုန်မှုန်သော အမူအရာတစ်ခု ရှိနေပြီး မဆင်မခြင်ပြုမူရဲခြင်း မရှိပေ။ သူမ၏ အင်္ကျီလက်စနှစ်ဖက်ကို ဝေ့ယမ်းပြီး ငွေရောင်သစ်ခွပန်းဆယ်ပွင့်ကို ဆူဇီမိုထံသို့ ပစ်ထုတ်လိုက်လေသည်။

သစ်ခွပန်းဆယ်ပွင့်သည် ဆူဇီမို၏ ဘေးပတ်လည်ကနေ ဝင်ရောက်လာခဲ့၏။

သစ်ခွပန်းတစ်ပွင့်ချင်းစီကို ငွေအပ်တစ်ရာကျော်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။

သစ်ခွပန်းဆယ်ပွင့်သည် ငွေအပ်တစ်ထောင်ကျော်နှင့်ညီမျှလေသည်။

သူတို့က ဆူဇီမိုဘေးသို့ ဆင်းသက်လာပြီး ရုတ်တရက်ပေါက်ကွဲထွက်သွားမည်ဆိုလျှင် ထွက်ပေါ်လာမည့် သေစေနိုင်စွမ်းအားက အလွန်တရာကြောက်စရာကောင်းနေပေလိမ့်မည်။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။ သူ့ရှေ့မှာ သူ၏ လက်နှစ်ဖက်ကို လွှဲယမ်းပြီး လျှို့ဝှက်ဆန်းကြယ်သောအင်းကွက်များ ခတ်နှိပ်ထားပုံရသည့် ဧရာမဒိုင်းကာတစ်ခုကို အလျင်အမြန်ဆင့်ခေါ်လိုက်လေသည်။ အဲ့ဒါက တဖျတ်ဖျတ်တလက်လက် အလင်းရောင်ဖြင့် တောက်ပနေ၏။

ပင်ကိုနတ်ဘုရားစွမ်းအား... စိတ်ဝိညာဥ်လိပ်ဒိုင်းကာ။

All Chapters