သစ်ခွပန်း သေဆုံးခြင်း
Vol. 122 Ch. 1828
သစ်ခွပန်းဆယ်ပွင့်သည် စူးစူးရှရှအနံ့တစ်ခုကို ဖြာထုတ်ပေးပြီး စိတ်ဝိညာဥ်လိပ်ဒိုင်းကာကနေ ထုတ်လွှတ်လိုက်သည့် ဂမ္ဘီရအလင်းနှင့် ထိတွေ့မိသည့် ခဏမှာပင် သူတို့က ပေါက်ကွဲထွက်သွား၏။
သစ်ခွပန်းတစ်ပွင့်ချင်းစီကနေ နွားမွေးတစ်မှင်လောက် ပါးလွှာသော အပ်ပေါင်းတစ်ရာကျော်ကို ထုတ်လွှတ်လိုက်ပြီး စိတ်ဝိညာဥ်လိပ်ဒိုင်းကာနှင့် ချက်ချင်းပင်ရိုက်ခတ်သွား၏။
စိတ်ဝိညာဥ်လိပ်ဒိုင်းကာသည် ဆူဇီမိုအား တျဲယွဲ့သင်ကြားပေးခဲ့သော ပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။ ၎င်းသည် အလွန်တရာကြောက်စရာကောင်းသော ခံစစ်အားကို ပိုင်ဆိုင်ထားရုံသာမက စွမ်းအားကြီးမားသော တန်ပြန်ကန်အားတစ်ခုကိုပါ ထုတ်ဖော်ပေးနိုင်လေသည်။
ဆူဇီမိုနှင့် နတ်မိမယ်သစ်ခွပန်းကြား အဆင့်သေးနှစ်ဆင့်ကွာဟချက်ရှိနေ၏။
သူမက စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအား သို့မဟုတ် အင်မော််တယ်ပညာရပ်တစ်ခုခုကို ထုတ်ဖော်လိုက်မည်ဆိုလျှင် စိတ်ဝိညာဥ်လိပ်ဒိုင်းကာသည် အဲ့ဒါကို ခုခံရုံသာ တတ်နိုင်ပေလိမ့်မည်။
သို့သော်လည်း သစ်ခွပန်းဆယ်ပွင့်၏ ကြောက်မက်ဖွယ်ရာက သူတို့၏ ခွန်အားမှာ မဟုတ်ဘဲ ငွေအပ်ကလေးများက အဘက်ဘက်သို့ဖြန့်ကြက်ပြီး အမွေးအမှင်များကဲ့သို့ ပါးလွှာနေခြင်းဖြစ်လေသည်။
ထိုငွေအပ်ကလေးများက လေထဲမှာပြန့်ကျဲသွားမည်ဆိုလျှင် သူတို့က အလွန်တရာကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားတစ်ခုကို ထုတ်ဖော်ပေးပေလိမ့်မည်။ သို့သော်လည်း သူတို့သည် စိတ်ဝိညာဥ်လိပ်ဒိုင်းကာကို လုံးဝထိုးဖောက်နိုင်ခြင်းမရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ငွေအပ်တစ်ထောင်ကျော်သည် စိတ်ဝိညာဥ်လိပ်ဒိုင်းကာ၏ တန်ပြန်ကန်အားကို လက်ခံရရှိပြီးနောက် အဘက်ဘက်သို့ လျင်မြန်စွာပြန့်ကျဲထွက်သွား၏။
ထိုအခိုက်အတန့်မှာ သွေးသူရိယတောင်ကြားဘက်မှ ကျင့်ကြံသူတစ်ထောင်ကျော်က ရှေ့သို့ ပြေးဝင်လာခါစဖြစ်ပြီး သူတို့ထဲမှအချို့သည် အနားသို့ မချဥ်းကပ်နိုင်ခင်မှာပင် ဤကဲ့သို့သော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့လိုက်ရလေသည်။
ငွေအပ်ကလေးများက သွေးသူရိယတောင်ကြားကျင့်ကြံသူများ၏ ခန္ဓာကိုယ်များထဲသို့ တစ်ခုပြီးတစ်ခုဝင်ရောက်သွားလေသည်။
ငွေအပ်များက ပါးလွှာပြီး အသားကို အလွယ်တကူထိုးဖောက်သွားသောကြောင့် လူတိုင်းသည် နာကျင်မှုတစ်စုံတစ်ရာကို မခံစားရဘဲ အနည်းငယ်ယားယံသွားရုံသာဖြစ်လေသည်။
သို့သော်လည်း ငွေအပ်မှာပါဝင်သောအဆိပ်က သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဖြန့်ကြက်သွားပြီး အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူတို့၏ အသိစိတ်ထဲသို့ တိုးဝင်လာခဲ့ပြီဖြစ်၏။
ထိုကျင့်ကြံသူများက တစ်စုဲတစ်ရာလွဲမှားနေသည်ကို သတိထားမိချိန်မှာ အဲ့ဒါက နောက်ကျသွားခဲ့လေပြီ။
သူတို့၏ မျက်နှာများက ငွေနှင်းတစ်လွှာဖြင့် ဖုံးအုပ်ခံလိုက်ရသည့်အလား ငွေဖြူရောင်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ သူတို့က ပြူးကျယ်သောမျက်လုံးများနှင့် ပျော့ခွေစွာလဲကျသွားပြီး မကျေမနပ်ဖြင့် သေဆုံးကုန်ကြ၏။
ကျင့်ကြံသူအချို့ကတော့ အချိန်မီတုံ့ပြန်နိုင်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များနှင့်အတူ တိုက်ပွဲနယ်မြေကနေ ထွက်ပြေးလိုက်ကြ၏။
သို့သော်လည်း အထက်ဘုံမှာ ခန္ဓာကိုယ်တစ်ခုမရှိဘဲ အမြုတေစိတ်ဝိညာဥ်တစ်ခုသာကျန်ရစ်ခဲ့ပါက အဲ့ဒါသည် လေလွင့်နေသော တစ္ဆေသရဲတစ်ကောင်နှင့် ကွာခြားတော့မည် မဟုတ်ပေ။
သတိကြီးသော ကျင့်ကြံသူအချို့ကနေ ငွေအပ်များစွာကို ခုခံဖို့အတွက် သူတို့၏ မဟူရာအဆင့် ဓမ္မရတနာများကို အသုံးပြုခြင်းဖြင့် အသက်ရှင်နိုင်ခဲ့ကြ၏။
ထိုသို့ဆိုလျှင်တောင် နတ်မိမယ်သစ်ခွပန်း၏ ဤတစ်ခေါက်တိုက်ခိုက်မှုသည် သွေးသူရိယတောင်ကြားဘက်မှ အနည်းဆုံး ကျင့်ကြံသူ ၅၀၀ လောက်ကို သတ်မိသွားလေသည်။
ထိုသည်ကိုတွေ့မြင်သောအခါ ဆံပင်တိုတို ဗလတောင့်တောင့်လူက စိတ်အားတက်ကြွသွားပြီး အော်ဟစ်ရယ်မောလိုက်လေသည်။
“စုန်းအိုမကြီး... နင်က ကိုယ့်လူပေါ်ကိုတောင် ဒီလောက်ထိရက်စက်တယ်ဆိုတော့... သတ်ဖြတ်တဲ့နေရာမှာ တော်တော်ပြတ်သားတာပဲ”
“နင်သာနောက်ထပ်... လေးငါးကြိမ်လောက်ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် သွေးသူရိယတောင်ကြားဘက်က ကျန်တဲ့လူအယောက် လေးထောင်ကျော်ကလည်း နင့်လက်ချက်နဲ့ သေကုန်ကြမှာပဲ”
စောစောက ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းသည် မတော်တဆဆိုတာကို သွေးသူရိယတောင်ကြား၏ ကျင့်ကြံသူများက သိရှိထားကြလေသည်။
အဲ့ဒါက နတ်မိမယ်သစ်ခွပန်း၏ အမှားဟု မဆိုသာပေ။
ထိုသို့ဆိုလျှင်တောင် သွေးသူရိယတောင်ကြားဘက်မှ ကျင့်ကြံသူများစွာသည် သူတို့၏ ခြေလှမ်းများကိုရပ်တန့်ပြီး ရှေ့သို့ ဆက်လက်တက်လှမ်းရဲခြင်း မရှိတော့ပေ။ နတ်မိမယ်သစ်ခွပန်းနှင့် ဆူဇီမိုကြားတိုက်ပွဲမှာ သူတို့က ရောပါငြိစွန်း ဒုက္ခရောက်မည်ကို စိုးရိမ်နေကြ၏။
“ဂျူနီယာ... နင်ငါ့ကို လှည့်စားလိုက်တာပဲ”
နတ်မိမယ်သစ်ခွပန်း၏ အမူအရာက ညိုမည်းသွားပြီး အလျင်အမြန် ချဥ်းကပ်လာနေသော ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး အငြိုးအတေးကြီးစွာပြောလိုက်လေသည်။
“နင်က... နင့်ကိုယ်နင် တော်တော်အထင်ကြီးနေတာပဲ... ငါကနင့်ကို ဘာလို့လှည့်စားရမှာလဲ”
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး အေးစက်စွာပြောလိုက်၏။
“ငါက... နင့်အသက်ကို လိုချင်ရုံပဲ”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက ရုတ်တရက် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး လေထဲမှာ ဧရာမကြိတ်ဆုံကျောက်တစ်ခုကို ဖြစ်ပေါ်လာစေသည့်အလားပင်။
၎င်းသည် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ နတ်မိမယ်သစ်ခွပန်းရှိရာသို့ ဖိခြေကျဆင်းလာ၏။
မဟာကစဉ့်ကလျားအမြုတေလက်ဝါး... ။
အဲ့ဒါသည် အောက်ဘုံမှာတုန်းက ကစဉ့်ကလျားအမြုတေဂိုဏ်း၏ အန္တိမနည်းစနစ်တစ်ခုဖြစ်လေသည်။
၎င်းကို သိုင်းတာအိုပင်မခန္ဓာက တတ်မြောက်ထားခဲ့ပြီး သိုင်းတာအိုမီးဖိုထဲသို့ ထည့်သွင်းပေါင်းစည်းခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ သူ မတက်လှမ်းခင်က သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအား ၎င်းကို သင်ကြားပေးခဲ့၏။
“နင်ကတော့ သေချင်နေပြီပဲ”
နတ်မိမယ်သစ်ခွပန်းက လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ သူမ၏ နုနယ်ပျော့ပျောင်းပုံရသော လက်ဖဝါးကို ဆန့်ထုတ်ကာ ဆူဇီမို၏ လက်ဖဝါးထံသို့ ပစ်ရိုက်ချလိုက်၏။
“ညီကိုဆူ... သတိထား”
ဆံပင်တိုတို ဗလတောင့်တောင့်လူက အလောတကြီးအော်ဟစ်သတိပေးလိုက်၏။
“အဲ့ဒီစုန်းအိုမကြီးရဲ့တစ်ကိုယ်လုံးက အဆိပ်တွေနဲ့ပြည့်နေတာ ငါတို့က သူနဲ့အသားချင်းထိလို့ မရဘူး”
သူက လေထဲသို့ခုန်တက်ပြီး ဆူဇီမိုနှင့် ဝင်ရောက်ပူးပေါင်းမည်ပြုစဥ်မှာပင် သူ၏ ခေါင်းက ချာချာလည်သွားသည်ဟု ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားလေသည်။
“အခြေအနေမကောင်းတော့ဘူး”
ဆံပင်တိုတို ဗလတောင့်တောင့်လူက ထိတ်လန့်သွား၏။
“ငါလှည့်စားခံခဲ့ရတာပဲ”
စောစောတုန်းက နတ်မိမယ်သစ်ခွပန်းသည် သစ်ခွပန်းတစ်ပွင့်ကို ထုတ်လွှတ်လိုက်လေသည်။ ၎င်းက သူ့ကိုမထိမိသော်လည်း သူ၏မျက်လုံးဘေးကနေ ကပ်ထွက်သွားခဲ့လေသည်။
ထိုငွေရောင်သစ်ခွပန်း၏ မွှေးရနံ့ဖြင့် သူက အဆိပ်မိခဲ့ပြီးပြီဖြစ်၏။
အဆိပ်က သန်မာအားကောင်မှုမရှိဘဲ လောလောဆယ်မှာ သူ့အသက်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်တောင် သူ့အနေဖြင့် လောလောဆယ်မှာ တိုက်ပွဲမြေကိုဝင်ရောက်ဖို့က ခဲယဥ်းသွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် သူ၏ သွေးချီကို လှည့်ပတ်လိုက်ရ၏။
“သတ်...”
တစ်ချိန်တည်းမှာပင် သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများစွာက ခပ်လှမ်းလှမ်းမှာရပ်ပြီး သူတို့၏ ဓမ္မရတနာများကို တစ်ခုပြီးတစ်ခု ဆင့်ခေါ်ထုတ်ကာ ဆူဇီမို၏ နောက်ကျောဘက်နှင့် ဦးခေါင်းထံသို့ ပစ်ပေါက်လိုက်ကြ၏။
ချက်ချင်းပင် ဆူဇီမိုသည် ဝန်းရံပိတ်ဆို့ခံလိုက်ရလေသည်။
ဘန်း...
ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးက နတ်မိမယ်သစ်ခွပန်း၏ လက်ဖဝါးနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ဖျတ်ခနဲဆို ဆူဇီမိုက နောက်ကိုလှည့်ကြည့်ခြင်းမရှိဘဲ သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းကာ အဝါရောင်သဲလက်တစ်ဆုပ်ကို ရုတ်တရက်ပစ်ထုတ်လိုက်ပြီး သူ၏ နောက်ဘက်မှာ မထိုးဖောက်နိုင်သော အကာအရံအလွှာတစ်ခုကို ဖန်တီးလိုက်၏။
ဘန်း... ဘန်း.... ဘန်း...
ရာနှင့်ချီသော ဓမ္မရတနာများက အဝါရောင်သဲနှင့် ထိတွေ့ရိုက်ခတ်သွားသော်လည်း အဲ့ဒါကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ လေထဲကနေ ပြုတ်ကျလာ၏။
ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ...။
အခြားတစ်ဘက်မှာ...။
နတ်မိမယ်သစ်ခွပန်းက ဆူဇီမိုနှင့် တိုက်ခိုက်ဖလှယ်လိုက်သည့် ခဏမှာပင် တစ်စုံတစ်ရာလွဲမှားနေသည်ကို သူမက နားလည်သိရှိသွားခဲ့လေပြီ။
တွန့်လိမ်ခြင်း ၊ ဖိနှိမ်ခြင်းနှင့် ဖိခြေဆုတ်ဖြဲခြင်းဟူသော အလွန်တရာကြောက်စရာကောင်းသည့် ခွန်အားတစ်ခုက မဟာကစဉ့်ကလျားအမြုတေလက်ဝါးကနေ ပစ်လွင့်ထွက်ပေါ်လာ၏။
နတ်မိမယ်သစ်ခွပန်းက ခန္ဓာမီးဆေးခြင်းကျင့်ကြံသူတစ်ယောက်မဟုတ်သည့်အတွက် အားနည်းသော ကိုယ်ကာယရှိလေသည်။ သူမ၏ ကျင့်ကြံမှုအဆင့်က ဆူဇီမိုထက်မြင့်မားသည်ဆိုလျှင်တောင် သူမသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် မဟာကစဉ့်ကလျားအမြုတေလက်ဝါး၏ စွမ်းအားကို အနီးကပ်တိုက်ခိုက်ရာမှာ ခုခံနိုင်ခြင်း မရှိပေ။
သူတို့တိုက်ခိုက်ဖလှယ်လိုက်သည့်ခဏမှာပင် အနိုင်ရလဒ်ကို ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။
“အား..”
နတ်မိမယ်သစ်ခွပန်းက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူမ၏ သေးသွယ်သောလက်ဖဝါးက မဟာကစဉ့်ကလျားအမြုတေလက်ဝါးဖြင့် ပျော့ပြဲသွားသည်အထိ ကြိတ်ခြေခံလိုက်ရပြီး လက်ကောက်ဝတ်ကနေ ကျိုးကျလုမတတ်ဖြစ်သွားလေသည်။
သူမသည် အပြင်းအထန် နောက်သို့ခုန်ဆုတ်ပြီး နာကျင်မှုကို တောင့်ခံလိုက်၏။ သူမက ဆူဇီမိုကိုစိုက်ကြည့်ပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။
“ဂျူနီယာ... နင်ကတော့ သေပြီပဲ”
“အသက်သုံးရှိုက်စာ မပြည့်ခင် နင်က အဆိပ်မိပြီး သေရလိမ့်မယ်”
သူမ၏ လက်ဖဝါးထဲရှိအဆိပ်က ငွေအပ်များပေါ်ရှိအဆိပ်ထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။
နတ်မိမယ်သစ်ခွပန်းက ထိခိုက်ဒဏ်ရာရရှိသွားသော်လည်း ဆူဇီမိုကလည်း သေချာပေါက်သေရမည်ဟု သူမက ယုံကြည်လေသည်။
“ဟဲဟဲ..”
ဆူဇီမိုကရယ်မော၍ ခေါင်းခါပြလိုက်၏။
“အဲ့ဒါဆိုရင်တော့... နင်စိတ်ပျက်ရမှာပဲ... နင့်ခန္ဓာကိုယ်ထဲက အဆိပ်ကငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
အဆင့်-၉ အစိမ်းရောင်ကြာပန်း.အစစ်အမှန်ခန္ဓာက ချို့ယွင်းချက်ကင်းမဲ့ပြီး အဆိပ်များစွာကို မမှုပေ။
ပြင်ပအဆိပ်ကို မပြောနှင့် အမြုတေစုဖွဲ့ဆေးလုံးထဲမှာပါဝင်သော အညစ်အကြေးများကိုပင်လျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဖယ်ရှားရှင်းလင်းပစ်နိုင်လေသည်။
အစကတော့ နတ်မိမယ်သစ်ခွပန်းသည် ဆူဇီမို အဆိပ်မိ၍ သေဆုံးမည်ကိုစောင့်ဆိုင်းရင်း မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေ၏။
သို့သော်လည်း ဆူဇီမိုက ရှေ့သို့တက်လှမ်းလာရင်း သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ သူ၏ မျက်နှာက အဝါရောင်သန်းပြီး သူ၏ မျက်လုံးများက တောက်ပနေ၏။ သူမှာ အဆိပ်မိထားသည့် မည်သည့်လက္ခဏာမှ မရှိပေ။
“နင်...”
နောက်ဆုံးမှာတော့ နတ်မိမယ်သစ်ခွပန်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်တစ်ခုက ပေါ်ထွက်လာခဲ့လေပြီ။
ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို သူမက ရုတ်တရက် နားလည်သဘောပေါက်သွား၏။
သူမ၏ နည်းလမ်းများအားလုံးသည် သူမရှေ့ရှိ အစိမ်းရောင်ဝတ်လူအပေါ် မည်သို့မှ သက်ရောက်မှုမရှိသည့်အလားပင်။
ဆူဇီမိုက ချဥ်းကပ်လာစဥ် နတ်မိမယ်သစ်ခွပန်း၏ နှလုံးသားထဲရှိ အကြောက်တရားက ပို၍ပင် သိပ်သည်းအားကောင်းလာ၏။
နောက်ဆုံးမှာတော့ သူမသည် ခပ်စူးစူးအော်ဟစ်ပြီး သူမ၏ ဂုဏ်သိက္ခာကို လုံးဝမထောက်ထားနိုင်တော့ဘဲ လှည့်ထွက်ပြေးလိုက်လေသည်။
အဆင့် ၇ မဟူရာအင်မော်တယ်တစ်ယောက်အနေဖြင့် သူမသည် အဆင့် ၅ မဟူရာအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာ ထွက်ပြေးဖို့ ရွေးချယ်ခဲ့လေသည်။
သို့သော်လည်း သူမက လွတ်မြောက်အောင်ထွက်မပြေးနိုင်ပေ။ ထိုအစား တစ်စုံတစ်ရာက သူမ၏ ခြေထောက်ကို ရစ်ပတ်လာသည်ဟု ခံစားလိုက်ရ၏။
နတ်မိမယ်သစ်ခွပန်းက အောက်သို့ငုံ့ကြည့်လိုက်လေသည်။
မသိလိုက်မသိဘာသာနှင့်ပင် မြစိမ်းရောင်နွယ်ပင်များက သူမ၏ ခြေဖဝါးကနေ နွယ်တက်ပြီး သူမကို နေရာမှာပင် ချုပ်နှောင်လိုက်လေသည်။
အဆင့် ၉ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အတွေးတစ်ချက်နှင့်အတူ တောအုပ်ထဲရှိ ဒေသပေါက်ပင်များကို ထိန်းချုပ်နိုင်လေသည်။
“သွားပါပြီ”
နတ်မိမယ်သစ်ခွပန်း၏ စိတ်ထဲသို့ ထိုအတွေးက ဝင်ရောက်လာသည့်ခဏမှာပင် သူမ၏ ဦးခေါင်းနောက်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
နောက်ခဏ၌ သူမ၏ အသိစိတ်က လုံးဝပျောက်ဆုံးသွားခဲ့လေပြီ။