ကမ္ဘာပျက်ကပ်ဘေး
Vol. 122 Ch. 1829
သူမ၏ အစွမ်းအစအရ နတ်မိမယ်သစ်ခွပန်းသည် သူမ၏ ခြေထောက်ကို ချုပ်နှောင်ထားသည့် နွယ်ပင်များကနေ အလွယ်တကူရုန်းထွက်နိုင်၏။
သို့သော်လည်း ထိုအပင်များက သူမကို ခဏမျှသာ ချုပ်နှောင်ထားခဲ့ခြင်းဖြစ်၏။
ထိုခဏက ဆူဇီမိုအတွက် လုံလောက်လေသည်။
အကြည့်များစွာ၏ ရှေ့မှာ ဆူဇီမိုသည် ရှေ့သို့တက်လှမ်းပြီး နတ်မိမယ်သစ်ခွပန်း၏ ဦးခေါင်းကို သူ၏ လက်ညှိုးဖြင့် ထိုးဖောက်ကာ သူမ၏ အမြုတေစိတ်ဝိညာဥ်ကိုပါ ဖျက်ဆီးပစ်လိုက်၏။
နောက်ခဏ၌ သူမသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ ခြေရင်းမှု ညှိုးခြောက်နေသော မြက်များကဲ့သို့ သေဆုံးသွားရလေသည်။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် သွေးသူရိယတောင်ကြားဘက်မှ အဆင့် ၇ မဟူရာအင်မော်တယ်သုံးယောက်စလုံးက သေဆုံးသွားခဲ့လေပြီ။
ဆူဇီမိုတိုက်ခိုက်လိုက်ချိန်မှ အဆင့် ၇ မဟူရာအင်မော်တယ် သုံးယောက် သေဆုံးသွားချိန်ထိ အသုံးရှူချိန် သုံးဆယ်စာလောက်သာ ကြာမြင့်ခဲ့လေသည်။
အရာရာတိုင်းက အလွန်လျင်မြန်စွာ ဖြစ်ပွားခဲ့၏။
တကယ်ဆို... ကျင့်ကြံသူများစွာသည် ခဏကြာသည်အထိ ထိုအချက်ကို လက်မခံနိုင်သေးပေ။
“သခင်လေး... ကျုပ်တို့ဘာဆက်လုပ်ရမလဲ”
ကျန်ရှိနေသော သွေးသူရိယတောင်ကြားဘက်မှ အဆင့် ၆ မဟူရာအင်မော်တယ် တချို့က ထိတ်ထိတ်ပျာပျာဖြစ်နေပြီး ချန်ရွှမ်ယန်ကို ကြည့်ကာ ကြောက်လန့်တကြား အမူအရာများဖြင့် မေးမြန်းလိုက်လေသည်။
ချန်ရွှမ်ယန်၏ အမူအရာက သုန်မှုန်နေလေသည်။
အဆင့် ၇ မဟူရာအင်မော်တယ် သုံးယောက် သေဆုံးခြင်းသည် အခြေအနေတစ်ရပ်လုံးအပေါ် ကြီးမားစွာသက်ရောက်မှုရှိလာခဲ့၏။
အခြားအရာများကို အသာထား သွေးသူရိယတောင်ကြား၏ စိတ်ဓာတ်ကပင်လျှင် ကြီးမားစွာထိုးဆင်းသွားခဲ့လေပြီ။
ထိုအခိုက်အတန့်မှာ သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အကြောက်တရားများက တဖျတ်ဖျတ်ပေါ်ထွက်လာ၏။
ချန်ရွှမ်ယန်က မချင့်မရဲ ဖြစ်နေလေသည်။
ဆံပင်တိုတို ဗလတောင့်တောင့်လူနှင့် အဖွဲ့အစည်းကြီးသုံးခုမှ ရှင်သန်ကျန်ရစ်သူများသည် ဤနှစ်များမှာ သွေးသူရိယတောင်ကြားကို တိတ်တဆိတ် ဆန့်ကျင်နေခဲ့ကြ၏။
ချန်ရွှမ်ယန်သည် ဤလူအုပ်စုကို တစ်ခါတည်းအပြီးသတ် ရှင်းလင်းပစ်ဖို့အတွက် ထောင်ချောက်တစ်ခုကို ခင်းကျင်းပြီး ဤနေ့ဤအချိန်ထိ အပင်ပန်းခံကာ စောင့်ဆိုင်းခဲ့ရလေသည်။ သူက ဒီနေ့ လက်ဗလာနဲ့ပဲ ပြန်သွားရမှာလား။
ဒါ့အပြင် ဆူဇိမိုသည် သူ၏ အသားထဲမှာ စူးဝင်နေသည့် သူ မဖြစ်မနေရှင်းလင်းပစ်ရမည့် ဆူးတစ်ချောင်းလဲ ဖြစ်လေသည်။ သူက ယနေ့ ဤကဲ့သို့ပင် သွေးသူရိယတောင်းကြားကို ပြန်သွားရတော့မှာလား။
ထိုအခိုက်အတန့်မှာ လက်ရှိအခြေအနေက သူ၏ ထိန်းချုပ်မှုအောက်မှာ မရှိတော့သည်ကို ချန်ရွှမ်ယန်က ယခုအချိန်ထိ နားလည်သဘောမပေါက်သေးပေ။
သူသည် နောက်ဆုတ်ရမလား တိုက်ခိုက်ရမလားကိုပင် စဥ်းစားနေဆဲဖြစ်၏။
ဆူဇီမိုက တောင်တစ်သိန်းရိုးမမှာ သူတို့ကို တိုက်ခိုက်မြှုပ်နှံဖို့ ပြင်ဆင်နေပြီဖြစ်လေသည်။
“ငါနောက်ဆုတ်လို့မရဘူး”
သိပ်မကြာခင် ချန်ရွှမ်ယန်က ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။
သူနောက်ဆုတ်မည်ဆိုလျှင် သူက မျက်နှာပျက်ရမည်သာမက သွေးသူရိယတောင်ကြား၏ နာမည်ဂုဏ်သတင်းကလည်း ထိုးဆင်းသွားမည်ဖြစ်ပြီး သူတို့သည် နဂါးအသူရာချောက်နက်ကြယ်မှာ အခြားသောအဖွဲ့အစည်းများ၏ လှောင်ပြောင်သရော်ခြင်းကို ခံရပေလိမ့်မည်။
“သတ်...”
ချန်ရွှမ်ယန်က အံကိုကြိတ်ပြီး အေးစက်စွာပြောလိုက်၏။
“သူက... အဆင့် ၅ မဟူရာအင်မော်တယ်တစ်ယောက်ပဲ... သူက အရိပ်မဲ့နဲ့ အခြားသူတွေကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာ... သူ့မှာ တစ်မူထူးခြားတဲ့ နည်းလမ်းတချို့ရှိနေလို့ပဲ”
“ငါအပါအဝင် ငါတို့မှာ အဆင့် ၆ မဟူရာအင်မော်တယ် ငါးယောက်နဲ့ ကျင့်ကြံသူအယောက် လေးထောင်ကျော်ရှိသေးတယ်... ငါတို့ရဲ့ ခွန်အားအပြည့်အဝနဲ့ဆို အဆင့် ၅ မဟူရာအင်မော်တယ်တစ်ယောက်ကို မသတ်နိုင်ဘူးလို့ ငါမယုံဘူး”
“အားလုံးပဲ နားထောင်ကြ... သူ့ကိုသတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို အမြုတေစုဖွဲ့ဆေးလုံး တစ်သိန်း... ငါကိုယ်တိုင်ဆုချီးမြှင့်မယ်”
ချန်ရွှမ်ယန်က ထုတ်ဖော်ကြေညာလိုက်၏။
လုံလောက်သည့်ဆုလာဘ်ကို ရရှိပါက ရဲဝံ့သောသူများက ပေါ်ထွက်လာပေလိမ့်မည်။
အစကတော့ သွေးသူရိယတောင်ကြားကျင့်ကြံသူများသည် ကြောက်ရွံ့ထိတ်လန့်နေကြ၏။ သို့သော်လည်း ထိုစကားကိုကြားသောအခါ သူတို့ထဲမှ များစွာက တောက်လောင်ပြင်းပြသော အကြည့်များဖြင့် ဆူဇီမိုကိုကြည့်လိုက်ကြ၏။
တွေဝေတုံ့ဆိုင်းနေခဲ့သော အဆင့် ၆ မဟူရာအင်မော်တယ် အချို့ပင်လျှင် လောဘတက်လာကြ၏။
“အမှန်ပဲ... သူ့ကို သတ်ရမယ်”
အဆင့် ၆ မဟူရာအင်မော်တယ်တစ်ယောက်က ရှေ့ကိုထွက်လာပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သူက... အရိပ်မဲ့နဲ့ တခြားသူတွေကို စောစောကသတ်ဖြတ်ခဲ့တုန်းက သူ့ရဲ့နည်းလမ်းတော်တော်များများကို အသုံးပြုခဲ့ပြီးပြီ... အားလုံးပဲ သတိထားပြီး သူ့ရဲ့ အဲ့ဒီနည်းလမ်းတွေကို ရှောင်တိမ်းကြ”
စောစောက ဆူဇီမိုသည် ယိုယွင်းပျက်စီးနေသော မီးဖိုတစ်လုံးကို ထုတ်ယူပြီး မီးခိုးရောင်ဝတ်အဖိုးအိုကို သေသည့်တိုင်အောင် ပစ်ပေါက်ခဲ့သည်ကို လူတိုင်းက တွေ့မြင်ထား၏။
အဲ့ဒါကြောင့် ကျင့်ကြံသူများစွာသည် ကြေးမီးဖိုနှင့် ထိပ်တိုက်ရိုက်ခတ်မှုကို အတတ်နိုင်ဆုံးရှောင်တိမ်းဖို့ ကြိုးစားရပေလိမ့်မည်။
“စုဖွဲ့စမ်း”
မျက်လုံးတစ်ဖက်ကန်းနေသော အဆင့် ၆ မဟူရာအင်မော်တယ်တစ်ယောက်က ရုတ်တရက်တိုက်ခိုက်၍ မာန်သွင်းအော်ဟစ်လိုက်၏။ ခပ်လှမ်းလှမ်းမှာရပ်ရင်း သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ သာမန်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်လေသည်။
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက လေထဲမှာ ဖြန့်ကြက်သွားပြီး ထူးဆန်းသောအကြည့်နှင့်အတူ ဆူဇီမိုကို စိုက်ကြည့်နေသည့် လည်ပတ်နေသော မျက်လုံးတစ်လုံးအဖြစ်စုဖွဲ့လာခဲ့၏။
ဘုန်း...
နောက်ထပ် အဆင် ၆ မဟူရာအင်မော်တယ်တစ်ယောက်ကလည်း တစ်ချိန်တည်းမှာ တိုက်ခိုက်လာပြီး သူ၏ သာမန်နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်၏။
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဖြန့်ကြက်သွားပြီး လေထဲမှာ ပုဆိန်တစ်လက်အဖြစ် စုဖွဲ့ကာ ဆူဇီမိုထံသို့ ခုတ်ပိုင်းကျဆင်းလာ၏။
အခြားသော အဆင့် ၆ မဟူရာအင်မော်တယ်အချို့ကလည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြပြီး သူတို့၏ သာမန်နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြလေသည်။
“ဟမ့်...”
ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့သောအမူအရာရှိပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။ ဆတ်ခနဲလှုပ်ခါ၍ သူသည် နတ်ဘုရားစွမ်းအားမျက်လုံး၏ သက်ရောက်မှုကနေ ရုန်းထွက်လိုက်၏။
သူသည် လက်နှစ်ဖက်ဖြင့် မတူညီသော ဓားပညာရပ်နှစ်ခုကို ဆင့်ခေါ်ပြီး အော်ပြောလိုက်လေသည်။
“သတ်ဖြတ်စမ်း”
ဆူဇီမိုသည် သူ၏ လက်နှစ်ဖက်ကို ဝေ့ယမ်းပြီး သူ၏ ဓားလက်ညှိုးဖြင့် ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
သူ၏ ဘယ်ဘက်လက်မှ ဓားပညာရပ်သည် နဂါးမြွေတို့ကို ထွက်ပေါ်လာအောင် ခုတ်ပိုင်းချလိုက်၏။
ကောင်းကင်ထက်မှာ နဂါးဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး နတ်နဂါးတစ်ကောင်က ဆင်းသက်လာကာ လူအုပ်ကြီးထဲသို့ တိုးဝင်၍ သတ်ဖြတ်မှုကို စတင်လေသည်။
မြေပြင်က ကွဲထွက်သွားပြီး မိုးပျံမြွေတစ်ကောင်က ကောင်းကင်ထက်သို့ ပျံတက်ကာ ၎င်း၏ တောင်ပံများပေါ်မှာ မီးတောက်များက လောင်ကျွမ်းနေ၏။ ကျယ်လောင်စွာဟိန်းဟောက်ရင်း ၎င်းသည် လူအုပ်ကြီးထဲသို့ ချစ်ချစ်တောက် ပူလောင်သော ချော်ရည်စီးကြောင်းများကို ထွေးထုတ်လိုက်လေသည်။
“အား... အား... အား....”
သွေးသူရိယတောင်ကြားဘက်မှ ကျင့်ကြံသူအယောက်လေးထောင်ကျော်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး မီးတောက်ပင်လယ်ထဲမှာ ကျဆင်းကာ သွေးပျက်ဖွယ်ရာအော်ဟစ်လိုက်ကြ၏။
ဆူဇီမို၏ ညာဘက်လက်ကနေ ကျိန်းစပ်နေသော ဓားချီတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။ အဲ့ဒါက အဖြူရောင်ဖြစ်ပြီး လောကကို အပိုင်းပိုင်းလှီးဖျက်တော့မည့်အလား အလွန်တရာ ထက်ရှနေ၏။ ကောင်းကင်၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသောအခု ကြယ်များသည် နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။
ကမ္ဘာမြေ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာသောအခါ နဂါး မြွေတို့က ပေါ်ထွက်လာပေလိမ့်မည်။
ဓားပညာရပ်နှစ်ခုက တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်ပေါ်လာပြီး ဆူပွက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ လောကကို ဖျက်ဆီးပစ်ဖို့ ခြိမ်းခြောက်နေ၏။
နတ်နဂါး၏ လက်သည်းချက်များကနေ ထွက်ပြေးလွတ်မြောက်လာသော ကျင့်ကြံသူအချို့သည် မိုးပျံမြွေနဂါး၏ မီးတောက်များကနေ မလွတ်မြောက်နိုင်ကြပေ။
သူတို့သည် နဂါးမြွေတို့၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကနေ ရှောင်တိမ်းနိုင်မည်ဆိုလျှင်တောင် သူတို့အနေဖြင့် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုကို ခုခံဖို့ ခဲယဥ်းလေသည်။
အဆင့် ၆ မဟူရာအင်မော်တယ်များ ထုတ်ဖော်လိုက်သော သာမန်နတ်ဘုရားစွမ်းအားများပင်လျှင် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် ဖျက်ဆီးခြင်းကိုခံရ၏။ အဆင့်၃ ၊ အဆင့်၄ နှင့် အဆင့်၅ မဟူရာအင်မော်တယ်များကို ထည့်တွက်နေစရာပင် မလိုတော့ပေ။
လေထဲရှိမျက်လုံးက ထူးဆန်းသောစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ၎င်းက အလွန်တရာနုနယ်ပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ခုတည်းဖြင့် ထိုးဖောက်ခြင်းခံလိုက်ရ၏။
ပုဆိန်က ဆူဇီမိုထံသို့ ဆင်းသက်မလာခင်မှာပင် ၎င်းသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီအချို့ဖြင့် ခုတ်ပိုင်းခြင်းခံလိုက်ရပြီး လွင့်ပျယ်သွားခဲ့လေသည်။ ထိုမြင်ကွင်းက အလွန်တရာ တုန်လှုပ်စရာကောင်းလွန်း၏။
ကမ္ဘာဖျက်ကပ်ဘေးတစ်ခုက ရောက်ရှိလာသည့်အလားဖြစ်ပြီး ထိုမဟူရာအင်မော်တယ်များသည် ကူကယ်ရာမဲ့စွာ ရုန်းကန်အော်ဟစ်နေသည့် အရေးမပါအရာမရောက်သော ပုရွက်ဆိတ်များကဲ့သို့ ဖြစ်လာ၏။
တောအုပ်ထဲမှာ မတ်တတ်ရပ်ရင်း အနီရောင်ဝတ်အမျိုးသမီးက လုံးဝကို ကြက်သေသေနေ၏။ သူမ၏ ပါးစပ်က အနည်းငယ်ပွင့်ဟနေပြီး သူမ၏ မျက်လုံးများက အဆုံးမဲ့တုန်လှုပ်မှုဖြင့် ပြည့်နှက်နေ၏။
ထိုစွမ်းအားသည် အဆင့် ၅ မဟူရာအင်မော်တယ်တစ်ယောက် ထုတ်ဖော်နိုင်သော တစ်စုံတစ်ရာ ဟုတ်ပါ့မလား။
သူမကို မပြောနှင့် သွမ့်ထျန်လန် ၊ ငဝါကြီးနှင့် ယင်ကျောက်တို့ပင်လျှင် သူတို့၏ မျက်နှာများက ရှုံ့မဲ့၍ ပင့်သက်ကို ရှိုက်လိုက်ကြ၏။
သူတို့သည် ဆူဇီမို၏ ဘေးမှာ ဆယ်နှစ်ကြာအောင်ရှိနေခဲ့ကြသော်လည်း သူတို့သည် ကျင့်ကြံသူများနှင့် သူတိုက်ခိုက်သည်ကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
ဆူဇီမိုက တိုက်ခိုက်လိုက်သည့်ခဏမှာပင် ဤကဲ့သို့ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုက ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်မထားကြပေ။
တကယ်တော့... နဂါးအသူရာချောက်နက်ကြယ်ပေါ်မှ ကျင့်ကြံသူများသည် အောက်ဘုံကနေတက်လှမ်းလာကြခြင်းဖြစ်ပြီး ဤနေရာကနေဝေးဝေးသို့ ဘယ်တုန်းကမှ မရောက်ဖူးကြပေ။
သူတို့၏ အသိသညာက အကန့်အသတ်ရှိပြီး သူတို့သည် မဟာဓားပညာရပ် နှစ်ခုကို မှတ်မိသိရှိနိုင်လိမ့်မည် မဟုတ်ပေ။
ဒေသခံအဆင့်မြင့်အင်မော််တယ်တစ်ယောက်ယောက်က အဲ့ဒါကိုတွေ့မြင်မည်ဆိုလျှင် သူတို့က သေချာပေါက်တုန်လှုပ်သွားပေလိမ့်မည်။
အထက်ဘုံမှာပင်လျှင် ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်နှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်က ကျော်ကြားလေသည်။
ထိုဓားပညာရပ်နှစ်ခုက ဤကဲ့သို့ကြောက်စရာကောင်းသည့်စွမ်းအားကို ထုတ်ဖော်နိုင်သည်မှာ သဘာဝကျလေသည်။
တိုက်ပွဲနယ်မြေမှာ...။
ဓားပညာရပ်နှစ်ခုထွက်ပေါ်လာပြီး လတ်ဆတ်သောသွေးများက ကြောက်မက်ဖွယ်ရာကောင်းသောပုံစံဖြင့် အဘက်ဘက်မှာ ပြန့်ကျဲနေ၏။
အဆင့် ၆ မဟူရာအင်မော်တယ် အချို့သည် သူတို့၏ ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများကို သုံးကာ သူတို့ကိုယ်သူတို့ အနိုင်နိုင်သာကာကွယ်နိုင်လေသည်။
ထိုအခိုက်အတန့်မှာ စောစောက ဆူဇီမိုကို ဝင်ရောက်သတ်ဖြတ်ချင်ခဲ့သော လူအချို့က နက်ရှိုင်းသောအကြောက်တရားဖြင့် ပြည့်နှက်လာခဲ့ပြီဖြစ်၏။
ထိုစဥ်မှာပင် ဆူဇီမိုက လေထဲကနေ ပျံသန်းလာ၏။
အဆင့် ၆ မဟူရာအင်မော်တယ်တစ်ယောက်သည် မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကိုကြည့်ရင်း စိုးရိမ်ထိတ်လန့်နေသည့်ပုံပေါ်နေ၏။ ဆူဇီမို၏ မျက်လုံးတစ်ဖက်က တောက်ပသည်ထက်တောက်ပလာပြီး အလွန်တရာထင်ရှားပေါ်လွင်လာသည်ဟု သူက ခံစားရလေသည်။
ရုတ်တရက်ဆိုသလို...
ဆူဇီမို၏ ညာဘက်မျက်လုံးကနေ ကျိန်းစပ်နေသောအလင်းတန်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ထိုသူ၏ နှာရောင်ထဲသို့ ချက်ချင်းပင် ဝင်ရောက်သွား၏။
မီးပဒေသာမျက်လုံး...။
အဆင့် ၆ မဟူရာအင်မော်တယ်က အငိုက်မိသွားပြီး မီးပဒေသာမျက်လုံးဖြင့် နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။
“မင်းက ငါ့ရဲ့နည်းလမ်းတွေကို ရှောင်တိမ်းချင်သေးတယ်ပေါ့”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“မင်းကိုယ်မင်း ငါ့ရဲ့နည်းလမ်းတွေကို တကယ်ရှောင်တိမ်းနိုင်မယ်လို့ ထင်နေတာလား”