အခန်း (၆၂)
Vol. 5 Ch. 62
ကျန်းချန်က မုန့်ချင်းရွှယ်နောက်သို့ လိုက်လာရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ချင်ရွှယ်...ငါတို့ ဘယ်ကို သွားနေကြတာလဲ"
"မိုးကြိုးတိမ်တောင်တန်းက အရမ်းကျယ်ပြီး အန္တရာယ်လည်း အရမ်းများတယ်.. များသောအားဖြင့် အဲဒီနေရာကို လေ့ကျင့်ဖို့လာကြတဲ့ ကျောင်းတော်ရဲ့တပည့်တွေက လဲရှစ်မြို့မှာ ရှိတဲ့ စွန့်စားရေး အဖွဲ့တွေထဲကို ဝင်ကြတယ်"
"ငါ ပထမဆုံး ဒီကိုရောက်တုန်းကလည်း အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ထဲကို ဝင်ခဲ့တယ်.. သူတို့ရဲ့ ခေါင်းဆောင် ယဲ့ချင်းရွှမ်းနဲ့က ငါနဲ့က ညီအစ်မတွေလိုမျိုး ခင်မင်မှုရှိကြတယ်"
"သူတို့သာ ငါတို့ကို ကူညီရင် မိုးကြိုးတိမ်တောင်တန်းထဲကို ဝင်တဲ့အခါ အခက်အခဲတွေ အတော်လေး သက်သာသွားလိမ့်မယ်"
မုန့်ချင်းရွှယ်က စကားပြောရင်း ကျန်းချန်ကို ရှေးဟောင်းအိမ် တစ်လုံးဆီသို့ ခေါ်လာခဲ့သည်။
အိမ်တံခါးဝတွင် လူသူကင်းမဲ့နေသည်ကိုမြင်လျှင် မုန့်ချင်းရွှယ်သည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။
"ထူးဆန်းလိုက်တာ.. အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့မှာ တံခါးစောင့်တစ်ယောက်မှတောင် ရှိမနေပါလား"
ကျန်းချန်က အိမ်ဝင်းထဲကို စူးစမ်း ကြည့်လိုက်ပြီးနောက်တွင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အထဲမှာ ဆူညံသံတွေ ကြားနေရတယ်.. တစ်ခုခု ဖြစ်နေပုံပဲ.. ငါတို့ သွားကြည့်ရအောင်"
တစ်ချိန်တည်းမှာပင် အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့၏ ဧည့်ခန်းမတွင် ယဲ့ချင်းရွှမ်းသည် အဖွဲ့ဝင်အချို့ကို ဦးဆောင်ပြီး ရုပ်ဆိုးဆိုး လူကြီးတစ်ဦး ခေါင်းဆောင်လာသော အဖွဲ့နှင့် အချေအတင် ဖြစ်နေကြသည်။
ထိုလူကြီး၏ ရှေ့တွင် ထူးခြားသော အဝတ်အစားကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် ယဲ့ချင်းရွှမ်းကို စိုက်ကြည့်နေခဲ့၏။
"ယဲ့ချင်းရွှမ်း.. မင်းတို့ရဲ့ အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့က ငါတို့ရဲ့ ကျားနက် စွန့်စားရေး အဖွဲ့ရဲ့ အကာအကွယ်အောက်မှာ ရှိတဲ့အတွက် ငါတို့အတွက် လစဉ်ကြေး ပေးကိုပေးရမယ်"
"ဒီလဲ့ရှစ်မြို့က အရမ်း ရက်စက်တဲ့ နေရာပဲ.. ငါတို့ ကျားနက် စွန့်စားမှုအဖွဲ့ရဲ့ အကာအကွယ် မရှိတော့ရင် ဖြစ်ပေါ်လာမဲ့ ကံကြမ္မာကို မင်းတို့ ကောင်းကောင်း သိသင့်တယ်"
"ဆရာလု.. နင်တို့ ကျားနက် စွန့်စားရေး အဖွဲ့က ဒီလအတွက် လစဥ်ကြေးကို နှစ်ဆ တိုးမြှင့်လိုက်တာ အရမ်းလွန်တယ်လို့ မထင်ဘူးလား"
အပြာရောင်နှင်းခဲစွန့်စားရေးအဖွဲ့မှ သားရေအင်္ကျီ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ငါက မင်းတို့ရဲ့ ခေါင်းဆောင်နဲ့ စကားပြောနေတာ မတွေ့ဘူးလား... မင်းကများ ငါ့ကိုပြန်ပြီး မေးခွန်းထုတ်ရဲတယ်"
လုရှောင်က အပေါ်စီးလေသံဖြင့် ပြောလိုက်သည်။
ထို့နောက်တွင် သူက ထိုမိန်းကလေးကို စူးရှစွာ စိုက်ကြည့်လိုက်၏။
မိန်းကလေး၏ နူးညံ့သော ခန္ဓာကိုယ်လေးက တုန်ခါသွားပြီး သူမ၏ လှပသော မျက်နှာကလည်း ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။
ယဲ့ချင်းရွှမ်းက အခြေအနေကို သဘောပေါက်ဟန်ဖြင့် သားရေအင်္ကျီဝတ် မိန်းကလေးရှေ့တွင် ကာထားလိုက်၏။
"ဆရာလု.. သတ်မှတ်ထားတဲ့ လစဉ်ကြေးကို ရွှေဒင်္ဂါး ၂၀၀၀၀ ကနေ ၅၀၀၀၀ အထိ တိုးမြှင့်ခဲ့ပြီးသားလေ.. ဒီလမှ ဘာလို့ ရုတ်တရက်ကြီး နှစ်ဆ တိုးမြှင့်လိုက်တာလဲ"
"ငါ့ရဲ့ အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့က အားနည်းပါတယ်..လစဉ်ကြေးအတွက် ရွှေဒင်္ဂါးကို ဒီလောက် အများကြီး မရှာနိုင်ပါဘူး.. ရွှေဒင်္ဂါး တစ်သိန်းကို ငါတို့ ဘယ်လိုလုပ်ပြီး ရှာနိုင်မှာလဲ"
ယဲ့ချင်းရွှမ်းက သူ့ရင်ထဲမှ ဒေါသကို ထိန်းချုပ်ပြီး လူငယ်ကို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လူငယ်က ယဲ့ချင်းရွှမ်း၏ လှပသော မျက်နှာလေးကို အရသာခံကာ စိုက်ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်၏။
"ယဲ့ချင်းရွှမ်း... လစဥ်ကြေးမပေးနိုင်ရင်လည်း တခြားနည်းလမ်းတွေ ရှိပါသေးတယ်"
"မင်းရဲ့ အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ကို ကျားနက်စွန့်စားရေး အဖွဲ့နဲ့ ပူးပေါင်းလိုက်ပါ.. ဟဲဟဲ ငါ့အချစ်ကို လက်ခံသ၍ မင်းကို ဆိုးဆိုးရွားရွား မဆက်ဆံဘူးလို့ ငါ ကတိပေးတယ်"
လူငယ်လေး၏ စကားကြောင့် ခန်းမထဲရှိ အပြာရောင်နှင်းခဲစွန့်စားရေး အဖွဲ့ဝင်အားလုံးသည် ချက်ချင်းပင် ဒေါသထွက်သွားကြသည်။
ကျားနက်စွန့်စားရေးအဖွဲ့၏ လူငယ်ခေါင်းဆောင် လုရှောင်သည် သူတို့၏ ခေါင်းဆောင်ကို တပ်မက်နေသော တဏှာရူးတစ်ယောက် ဖြစ်၏။
သို့ရာတွင် လုရှောင်က ဤသို့သော နည်းလမ်းကို အသုံးပြုပြီး သူတို့၏ ခေါင်းဆောင်ကို အကျပ်ကိုင်မည်ဟု မထင်ထားကြပေ။
"လုရှောင်.. နင် တအား အနိုင်မကျင့်နဲ့"
ယဲ့ချင်းရွှမ်း၏ ခန္ဓာကိုယ်လေးသည် ဒေါသကြောင့် တသိမ့်သိမ့် တုန်ယင်နေ၏။
သူမက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း လုရှောင်ကို ဒေါသတကြီး ပြောလိုက်သည်။
လုရှောင် "ဟားဟား.. ယဲ့ချင်းရွှမ်း.. ဒီကမ္ဘာကြီးရဲ့ ဥပဒေသက အားနည်းသူကို အားကြီးသူက စားစတမ်းပဲ.. ငါ့ကိုသာ အညံ့ခံလိုက်ပါ.. ဒါက မင်းရဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲ"
"မဟုတ်ရင်တော့ မင်းတို့ရဲ့ အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့အနေနဲ့ ပျက်စီးမဲ့အချိန်ကိုသာ စောင့်နေလိုက်တော့"
လုရှောင်က လှောင်ပြောင်၍ ရယ်မောလိုက်သည်။
"ဟားဟား...ဒီမှာ အတော်လေး စည်ကားနေပုံပဲ"
ထိုအချိန်မှာပင် တိုးညှင်းသော ရယ်မောသံတစ်သံသည် အိမ်ဝင်းတံခါးနားကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
အခန်း(၆၂) ပြီး၏