အခန်း (၆၃)
Vol. 5 Ch. 63
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် အိမ်ဝင်းထဲရှိ လူအားလုံးသည် တုန်လှုပ်သွားကြသည်။
သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ကြ၏။
မကြာမီမှာပင် ယောက်ျားလေးတစ်ယောက် နှင့် မိန်းကလေးတစ်ယောက်သည် ဘေးချင်းယှဥ်၍ အိမ်ဝင်းထဲသို့ လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ဤလူနှစ်ယောက်မှာ တခြားမဟုတ်ပေ။
အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ကို ရောက်ရှိလာသည့် ကျန်းချန်နှင့် မုန့်ချင်းရွှယ် တို့ပင် ဖြစ်သည်။
ရုတ်တရက် ပေါ်လာသော လူနှစ်ယောက်ကို မြင်လိုက်ရလျှင် လုရှောင်၏ မျက်လုံးများသည် မည်းမှောင်သွားခဲ့သည်။
သူက ကျန်းချန်ကို ပြင်းထန်စွာ ဆူငေါက်ရန် ပြင်ဆင်နေချိန်တွင် ကျန်းချန်ဘေးရှိ မုန့်ချင်ရွှယ်ကို တွေ့လိုက်ရ၏။
လုရှောင်၏ တဏှာခိုးဝေသော မျက်လုံးများက ရုတ်တရက်ဆိုသလို တောက်ပသွားခဲ့ပြီး အလွန် တပ်မက်သော အမူအရာ ဖြစ်ပေါ်လာခဲ့၏။
"သိပ်ကောင်းတယ်.. နောက်ထပ် မိန်းမလှလေး တစ်ယောက်ပါ ရောက်လာပါလား.. ကံတက်နေတော့ မုတ်ဆိတ်ပျားစွဲတာပဲ"
သူ့ရှေ့မှ မိန်းမလှလေးက မြေပြင်ပေါ်သို့ ဆင်းသက်လာသောနတ်ဘုရားမလေးနှယ် ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှ၏။
အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့၏ ခေါင်းဆောင် ယဲ့ချင်းရွှမ်း၏ အလှပင်လျှင် ဤတစ်ယောက်နှင့် ယှဥ်လျှင် မှေးမှိန်သွားခဲ့သည်။
လုရှောင်၏ မျက်နှာက ရုတ်တရက် နွေဦးလေပြေ တိုက်ခတ်သွားသကဲ့သို့ ပြုံးရွှင်သွားခဲ့သည်။
သူက ကျန်းချန်၏ တည်ရှိမှုကို လုံးဝ လျစ်လျူရှုကာ မုန့်ချင်းရွှယ်ကို ပြုံးပြရင်း ပြောလိုက်သည်။
"ဒီက မိန်းမလှလေးက ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ သိပါရစေ"
မုန့်ချင်းရွှယ်က လုရှောင်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
သူမက မလှမ်းမကမ်းတွင်ရှိသော ယဲ့ချင်းရွှမ်းကို ကြည့်ကာ ဖော်ရွေစွာ ပြုံးပြလိုက်သည်။
"ညီအစ်မ ချင်းရွှမ်း.. ငါတို့ မတွေ့တာကြာပြီနော်"
ယဲ့ချင်းရွှမ်းက မုန့်ချင်းရွှယ်ကို တအံတသြ ကြည့်ရင်း မေးလိုက်သည်။
"ညီအစ်မ ချင်းရွှယ်.. နင်ဘာလိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"
မုန့်ချင်းရွှယ်က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
"ငါတို့က မိုးကြိုးတိမ်တောင်တန်းထဲကို သွားဖို့ စီစဉ်နေတာပါ.. မိုးကြိုးတိမ်တောင်တန်း အကြောင်း ကောင်းကောင်းသိတဲ့သူကို လမ်းပြခိုင်းချင်လို့ ညီအမ ချင်းရွှမ်းဆီကို လာခဲ့တာပဲ"
"ပြဿနာမရှိပါဘူး.. ဒါပေမဲ့ ငါ့ကို ခဏစောင့်ပေးဦးနော်"
ယဲ့ချင်းရွှမ်းက မုန့်ချင်းရွှယ်နှင့် စကားပြောပြီးနောက်တွင် လုရှောင်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"လုရှောင်.. ငါ့ကို သုံးရက်လောက် အချိန်ပေးပါ.. ဒီလအတွက် နင်တို့တောင်းဆိုတဲ့ ပမာဏကို ပေးဖို့ ငါ ကတိပေးတယ်... နင်အခု ထွက်သွားလို့ရပြီ"
"ယဲ့ချင်းရွှမ်း.. ငါ့ကို သုံးရက်လောက် စောင့်ခိုင်းရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"
"ဒီနေ့ မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်.. ရွှေဒင်္ဂါး တစ်သိန်းကို ထုတ်ပေးရင်ပေး ဒါမှမဟုတ်ရင် ကျားနက် စွန့်စားရေး အဖွဲ့ထဲကို ဝင်လိုက်.. ထပ်ပြီး ညှိနှိုင်းစရာ မရှိတော့ဘူး"
လုရှောင်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
သူက ယဲ့ချင်းရွှမ်းကို အချိန်အတော်ကြာ တပ်မက်ခဲ့ရသူ တစ်ယောက် ဖြစ်၏။
ယနေ့ ဤနေရာကို ရောက်လာကတည်းက ယဲ့ချင်းရွှမ်းကို လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိပေ။
မုန့်ချင်းရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး တုံ့ပြန်ပြောဆိုရန် ပြင်ဆင်နေချိန်တွင် ကျန်းချန်၏ တိုးညင်းသော လေသံသည် ဦးစွာ ထွက်ပေါ်လာခဲ့သည်။
"ကျားနက်စွန့်စားရေး အဖွဲ့က မိတ်ဆွေ.. ငါတို့က အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ရဲ့ ခေါင်းဆောင်ယဲ့ကို မိုးကြိုးတိမ်တောင်တန်းထဲကို ခေါ်သွားဖို့ လိုအပ်တယ်.. ငါ့မျက်နှာကို ထောက်ထားပေးတဲ့အနေနဲ့ မင်းတို့ကြားက ပြဿနာကို ရပ်တန့်ပေးလို့ ရမလား"
"ဟက်.. မင်းက ဘာကောင်လဲ.. ဘာလို့ ငါက မျက်နှာသာပေးရမှာလဲ"
ကျန်းချန်၏ စကားကို ကြားလျှင် လုရှောင်က အထင်အမြင်သေးစွာ ရယ်မောလိုက်သည်။
သူက ကျန်းချန်၏ စကားကို ဂရုမစိုက်ခဲ့ပေ။
ထို့နောက် သူက ကျန်းချန်ကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။
"ကောင်လေး.. မင်း အသက်ကိုနှမြောရင် ငါတို့ ကျားနက်စွန့်စားရေး အဖွဲ့ရဲ့ ကိစ္စတွေမှာ ဝင်မပါတာ အကောင်းဆုံးပဲ"
"မင်း ငါ့ကို မျက်နှာသာ မပေးဘူးဆိုမှတော့ ငါလည်း မင်းကို မျက်နှာသာပေးစရာ မလိုတော့ဘူး"
ကျန်းချန်က သူ့စကားကို ဆက်ပြောလိုက်သည်။
"အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့က အခုချိန်ကစပြီး ငါက ကာကွယ်ပေးမှုအောက်မှာရှိတယ်.. ပြဿနာမရှာဘဲ ချက်ချင်းထွက်သွားကြစမ်း"
ကျန်းချန်၏ စကားလုံးများက အိမ်ဝင်းတစ်ခုလုံးကို ခဏမျှ တိတ်ဆိတ်သွားစေခဲ့သည်။
လူအားလုံးက ကျန်းချန်ကို တအံ့တသြ ကြည့်လိုက်ကြသည်။
ကျားနက် စွန့်စားရေးအဖွဲ့သည် လဲ့ရှစ်မြို့တွင် အင်အားအကောင်းဆုံး စွန့်စားရေး အဖွဲ့များထဲမှ တစ်ဖွဲ့ ဖြစ်သည်။
ဤလဲ့ရှစ်မြို့တွင် ကျန်းချန်သည် လုရှောင်ရှေ့တွင် ဤကဲ့သို့ ပြောရဲသည့် ပထမဆုံးလူ ဆိုလည်းမမှားပေ။
ကျန်းချန်၏ မောက်မာသော စကားလုံးများသည် လုရှောင်ကို မှင်တက်သွားစေခဲ့သည်။
ခဏအကြာတွင် သူက ခွက်ထိုးခွက်လှန် လှောင်ရယ်လိုက်၏။
"ဟားဟား...ကောင်လေး.. မင်း ဦးနှောက်ရောကောင်းသေးရဲ့လား.. မိန်းကလေးတွေရှေ့မှာ ဟန်ရေးလာပြနေတာလား"
"ဟက်.. မင်းရဲ့ လက်မောင်းကို ဖြတ်ပြီး မင်းဘေးက မိန်းမကိုငါ့ဆီအပ်လိုက်.. ဒါဆို ငါ မင်းရဲ့ ခွေးအသက်တစ်ချောင်းကို ချမ်းသာပေးလိုက်မယ်"
အခန်း(၆၃) ပြီး၏