← Chapters

အခန်း (၆၄)

Vol. 5 Ch. 64

အခန်း (၆၄)

Vol. 5 Ch. 64

ကျန်းချန်၏ မျက်လုံးများက ချက်ချင်းပင် အလွန်တရာ အေးစက်သွားခဲ့သည်။

"ချက်ချင်း ချင်းရွှယ် ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ပါ.. ဒါဆို မင်းမှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ်"

"ဟက်.. သေခါနီး မသာ အလောင်းအလျာလေးကများ ငါ့ရှေ့မှာ စကားကြီး စကားကျယ် ပြောဆိုရဲတယ်လို့ကွာ"

"ဒီနေ့ မင်းကို လဲ့ရှစ်မြို့မှာ ငါ့ကို ဆန့်ကျင်ရင် ဘာဖြစ်သွားမယ်ဆိုတာ သိစေရမယ်"

လုရှောင်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး မဲ့ပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူက သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။

"ငါ့အတွက် ဒီကောင်လေးကို သတ်ပစ်လိုက်.. သူ့ကို ငါ့ခြေထောက်အောက်မှာ ဒူးထောက်ပြီး နောင်တရစေချင်တယ်"

"အမိန့်အတိုင်းပါ.. သခင်လေး"

လုရှောင်ဘေးတွင် ရပ်နေသော အနက်ရောင်ဝတ် အဘိုးအိုမှလွဲ၍ ကျန်ရှိသည့် လူသုံးဦးစလုံးသည် လုရှောင်၏ အမိန့်ကိုနာခံပြီး ကျန်းချန်ကို သတ်ဖြတ်ရန် အလျင်အမြန် ပြေးဝင်လာခဲ့ကြသည်။

"ကောင်လေး.. ငါတို့ရဲ့ သခင်လေးကို စော်ကားရင် ဘယ်လောက်ထိ ဆိုးရွားမလဲဆိုတာ မကြာမီ မင်း သိလာစေရမယ်"

ကျားနက်စွန့်စားရေး အဖွဲ့မှ အဖွဲ့ဝင်သုံးဦးသည် ကျန်းချန်ကို သတ်ဖြတ်ရန် စူးစိုက်၍ ကြည့်နေကြသည်။

သူတို့၏ ခန္ဓာကိုယ်မှ ချက်ချင်းဆိုသလို ပြင်းထန်သော လူသတ်ငွေ့များ ထွက်ပေါ်လာ၏။

"ချီကာကွယ်ရေး အဆင့်၄က ကျင့်ကြံသူ သုံးဦး"

ယဲ့ချင်းရွှမ်းသည် ၎င်းတို့သုံးဦးဆီမှ ပေါက်ကွဲထွက်လာသော အရှိန်အဝါကို ကြည့်ရင်း သူမ၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် အမူအရာ ပြောင်းလဲသွားခဲ့သည်။

သူမက မုန့်ချင်းရွှယ်ကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။

"ချင်းရွှယ်... နင့် သူငယ်ချင်း.. အဆင်ပြေပါ့မလား"

မုန့်ချင်းရွှယ်က ယဲ့ယဲ့သာ ပြုံး၍ ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့.. မူလဘူတအဆင့် အောက်မှာဆို သူ့ကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ"

ထိုစကားကြောင့် ယဲ့ချင်းရွှမ်းသည် စိတ်ထဲတွင် တုန်လှုပ်သွားပြီး တည်ငြိမ်အေးဆေးသော အမူအရာရှိသည့် ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။

သူမ၏ လှပသော မျက်လုံးလေးများတွင် မယုံနိုင်လောက်အောင် တုန်လှုပ်သော အရိပ်အယောင်များ ရှိနေခဲ့၏။

မူလဘူတအဆင့်အောက်မှာ ယှဥ်နိုင်မဲ့သူ မရှိသလောက်ပဲ ဆိုရင် သူ့ရှေ့မှ အသက် ၁၅၊၁၆ သာ ရှိသေးသည့် လူငယ်လေးသည် အနည်းဆုံး ချီကာကွယ်ရေး အဆင့်၉ရှိ ကျင့်ကြံသူ တစ်ယောက် ဖြစ်ရပေမည်။

ယဲ့ချင်းရွှမ်း၏ စိတ်နှလုံး အလွန် တုန်လှုပ်နေချိန်တွင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ သူ့ဆီသို့ အလျင်အမြန် ပြေးလာသော စစ်သည်သုံးဦးကို တည်ငြိမ်စွာပင် ကြည့်နေခဲ့သည်။

ဤလူသုံးယောက်သည် သူ့နှင့် သုံးပေအကွာထိ ရောက်လာသောအခါမှသာ ကျန်းချန်က စတင် လှုပ်ရှားခဲ့သည်။

"ဒီနေရာကနေ ထွက်သွားစမ်း"

သူ၏ အေးစက်သော အသံသည် ၎င်းတို့သုံးဦး ဆီသို့တိုက်ရိုက် သက်ရောက်သွားခဲ့သည်။

ကျန်းချန်၏ အေးစက်သော အော်ဟစ်သံသည် သူ့ရှေ့မှ ကျင့်ကြံသူ သုံးဦး၏ နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်သွား၏။

ကျင့်ကြံသူ သုံးဦး၏ ခန္ဓာကိုယ်များသည် တစ်ခဏအတွင်းမှာပင် ရုတ်တရက် တုန်ယင်သွားခဲ့သည်။

ချက်ချင်းဆိုသလို သူတို့၏ မျက်နှာများသည် ရုတ်တရက် ဖြူဖျော့သွားပြီး မျက်နှာပေါ်ရှိ ဒွါရပေါက်များကနေ သွေးများ အဆက်မပြတ် စီးကျလာခဲ့သည်။

ဤသို့ဖြင့် ကျားနက် စွန့်စားရေးအဖွဲ့ဝင် သုံးယောက်စလုံးသည် သွေးအလူးလူး ဖြစ်ကာ မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသွားပြီးနောက်တွင် အသက်မရှိတော့ပေ။

ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လျှင် ယဲ့ချင်းရွှမ်း အပါအဝင် အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ဝင်အားလုံးသည် အံ့သြလွန်း၍ အသက်ရှူရမည်ကိုပင် မေ့လျော့နေခဲ့သည်။

သူတို့ရှေ့မှ ကောင်လေးသည် တစ်ခါ အော်ဟစ်ရုံဖြင့် ချီကာကွယ်ရေးအဆင့်၃ ရှိသည့် ကျင့်ကြံသူသုံးဦးကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိုက်သည်။

သူတို့ ကိုယ်တိုင် မမြင်တွေ့ခဲ့လျှင် အသက်၁၅နှစ်၊ ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက်သည် ယခုလို လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ဖို့ ခက်ခဲလိမ့်မည် ဖြစ်၏။

တစ်ခါ အော်ဟစ်ရုံဖြင့် ချီကာကွယ်ရေး အဆင့်၄ ရှိသည့်ကျင့်ကြံသူများကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်သည်။

ဤကဲ့သို့ ခွန်အားသည် အလွန်ပင် ကြောက်စရာကောင်းလွန်းလှ၏။

"ကောင်လေး.. မင်းက ဘယ်သူလဲ"

တစ်ဖက်မှာလည်း လုရှောင်သည် တခဏကြာအောင် မှင်တက်နေရင်းကနေ ပြန်လည် သက်သာလာခဲ့သည်။

သူမျက်စိထဲတွင်ပင် မထည့်ခဲ့​သော နို့နံ့တောင် မစင်သေးသည့် ကောင်လေးထံတွင် ဤမျှ ခွန်အားရှိနေလိမ့်မည်ဟု မထင်ခဲ့ပေ။

ချီကာကွယ်ရေး အဆင့်၄မှ ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ သတ်နိုင်ခြင်းသည် အနည်းဆုံး ချီကာကွယ်ရေးအဆင့်၈ ခွန်အားရှိရမည် မဟုတ်ပါလား။

"မင်းကို ငါအချိန်မရွေး သတ်ပစ်နိုင်တယ်"

"ဒူးထောက်ပြီး တောင်းပန်စမ်း"

"မဟုတ်ရင် နောက်ထပ် တစ်စက္ကန့်မှာ မင်း အေးစက်တဲ့ အလောင်းတစ်လောင်း ဖြစ်သွားလိမ့်မယ်"

ကျန်းချန်သည် လုရှောင်ကို တိုက်ရိုက် စိုက်ကြည့်ရင်း မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

"ကောင်လေး.. မင်းက အရည်အချင်း ရှိတယ်​လို့တော့ ဝန်ခံရမယ်"

"ဒါပေမယ့် ချီကာကွယ်ရေး အဆင့်၄က ကျင့်ကြံသူကို သတ်နိုင်ရုံနဲ့ ငါ့ရှေ့မှာ ဟန်ရေးပြနေတာတော့ မဟုတ်သေးဘူး"

လုရှောင်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

"အဘိုးဟုန်.. သူ့ကို မျှော်လင့်ချက်မဲ့တဲ့ အရသာကို ပေးမြည်းလိုက်ပါ"

အခန်း(၆၄) ပြီး၏

All Chapters