← Chapters

အခန်း (၆၆)

Vol. 5 Ch. 66

အခန်း (၆၆)

Vol. 5 Ch. 66

ကောင်းကင်တစ်ခွင်လုံးတွင် တိုးညင်းသော အသံတစ်သံက ထွက်ပေါ်လာသည်။

ကျန်းချန်၏ ပုံရိပ်သည် ရုတ်တရက် အနက်ရောင်ဝတ် အဘိုးအို၏ ခေါင်းပေါ်သို့ ကြယ်တံခွန် တစ်ခုနှယ် ပြုတ်ကျသွားခဲ့ပြီး အနက်ရောင်ဝတ် အဘိုးအို၏ ဦးခေါင်းကို ခြေထောင့်ဖြင့် နင်းချလိုက်သည်။

ဤသည်မှာ ကျန်းချန် အသစ် နားလည်ထားသည့် နက်နဲမှု အလယ်အလတ်အဆင့် နည်းစနစ် ဖြစ်သည်။

စန်းရှန်မြို့တွင် ရှိစဉ်က ကျန်းချန်သည် ဝိညာဥ်အလင်းခြေလှမ်းကို အောင်မြင်ပြီးပြီ ဖြစ်သည်။

စန်းရှန်မြို့မှ လဲ့ရှစ်မြို့သို့ သွားရာလမ်းတွင် သူ၏ ဝိညာဥ်အလင်း ခြေလှမ်းသည် နက်နဲမှု အလယ်အလတ်အဆင့် ခြေလှမ်းအဖြစ်သို့ တိုးတက်သွားခဲ့၏။

ဤ နက်နဲမှု အလယ်အလတ်အဆင့် နည်းစနစ်သည် အမြန်နှုန်းတွင် ဝိညာဥ်အလင်း ဘ၊ခြေလှမ်းထက် ပိုမိုမြန်ဆန်ရုံသာမက တိုက်ခိုက်ရေးအတွက်ပါ အသုံးပြုနိုင်သည်။

အနက်ရောင်ဝတ် အဘိုးအိုသည် ကျန်းချန်က သူ့ခေါင်းပေါ်တွင် တောင်တန်းကြီးတစ်ခုကဲ့သို့ နင်းထားသည်ကို ကြည့်ရင်း မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲလာခဲ့၏။

သူက တစ်ကိုယ်လုံးရှိ ခွန်အားကို အလျင်အမြန် စုစည်းကာ ခန္ဓာကိုယ်ပတ်လည်တွင် အနက်ရောင် အကာအရံ တစ်ခုကို ထုတ်ဖော်လိုက်သည်။

သို့သော် ကျန်းချန်က ဂရုပင် စိုက်မနေဘဲ အနက်ရောင်ဝတ် အဘိုးအိုကို အထက်စီးကနေ ရွှေရောင်စွမ်းအင် လွှမ်းမိုးသော ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်သည်။

"ဝုန်း"

"အားးး"

ကြောက်မက်ဖွယ်ကောင်းသော ဆူညံသံများသည် ခြံဝင်းထဲတွင် ထွက်ပေါ်လာခဲ့၏။

ကျောက်ပြားကြမ်းပြင်က ကျိုးပဲ့သွားပြီး နာကျင်သော ညီးညူသံသည်လည်း အရပ်မျက်နှာအနှံ့သို့ ပျံနှံ့သွားသည်။

ခြံဝင်းထဲတွင် မုန့်ချင်းရွှယ်မှလွဲ၍ လူတိုင်းသည် ကိုယ်ခံပညာကိုအသုံးပြုကာ နောက်သို့ ဆုတ်လိုက်ရသည်။

ပေါက်ကွဲမှုနှင့် ပိုမိုနီးကပ်သော လုရှောင်ကမူ ရှောင်တိမ်းရန် အချိန်မရှိ၍ စက်ကွင်းမလွတ်ဖြစ်ကာ မီတာအနည်းငယ်ထိ လွင့်စင်သွားခဲ့၏။

ခြံဝင်းထဲရှိ မီးခိုးများနှင့် ဖုန်မှုန့်များသည် ခဏအကြာတွင် ပျောက်ကွယ်သွားပြီး အရာအားလုံးသည် ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။

လူတိုင်းက ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် အိမ်ဝင်း အလယ်ဗဟိုနေရာကို ကြည့်လိုက်ရာ အသက်ရှူနှုန်းပင် ရပ်တန့်မလိုခံစားလိုက်ပြီး စိတ်နှလုံးထဲကနေ တုန်လှုပ်သွားခဲ့သည်။

ကျန်းချန်သည် အနက်ရောင်ဝတ် အဘိုးအို၏ ဦးခေါင်းထက်တွင် ဝင့်ကြွားစွာ ရပ်နေသည်ကို အားလုံးက တွေ့လိုက်ရသည်။

အဘိုးအို၏ အောက်ဘက်တွင် သုံးမီတာရှည်သော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။

အနက်ရောင်ဝတ် အဘိုးအို၏ ခန္ဓာကိုယ် တစ်ဝက်ခန့်သည် ကျန်းချန်၏ ဆောင့်နင်းချက်ကြောင့် မြေပြင်ထဲသို့ နစ်ဝင်သွားခဲ့၏။

အဘိုးအိုက ကျန်းချန်ကို မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြောက်လန့်တကြား ကြည့်ရင်း ပါးစပ်ဖွင့်လျက်သားဖြစ်နေသည်။

သို့သော် သူက ဘာစကားမှ မပြောနိုင်တော့ပေ။

အဆုံးသတ်တွင် သူ့ခေါင်းက တစ်ဖက်သို့ စောင်းသွားပြီး လှုပ်ရှားမှု မရှိတော့ချေ။

ဤအချိန်တွင် အပြာရောင်နှင်းခဲ အဖွဲ့ဝင်အားလုံးသည် ကျန်းချန်ကို မှင်တက်စွာ ကြည့်နေခဲ့ကြသည်။

အချိန်အတော်ကြာမှသာ သူတို့သည် အသိ ပြန်ဝင်လာခဲ့၏။

အဘိုးအိုဟုန်သည် ကျားနက် စွန့်စားရေး အဖွဲ့၏ အကြီးအကဲ ဖြစ်ပြီး ချီကာကွယ်ရေး အဆင့်၈၏ အထွတ်အထိပ် ကျင့်ကြံသူလည်း ဖြစ်သည်။

လဲ့ရှစ်မြို့ရှိ စွန့်စားရေး အဖွဲ့များ အားလုံးတွင်ပင် ၎င်းတို့သည် ကြီးမားသော ဂုဏ်သတင်း ရှိသည်။

ထိုကဲ့သို့ ဂုဏ်သတင်းကြီးမားသောအဖွဲ့၏ ချီကာကွယ်ရေးအဆင့်၈ အထွတ်အထိပ် ကျင့်ကြံသူကို ကျန်းချန်က ဖိနှိပ်လိုက်သည်။

"သန်မာတယ်.. အရမ်း သန်မာလွန်းတယ်"

ကျားနက် စွန့်စားရေး အဖွဲ့၏ အကြီးအကဲသုံးဦးအနက် တစ်ဦးဖြစ်သည့် အဘိုးအိုဟုန်ကို ကျန်းချန်က သတ်ဖြတ်လိုက်သည်ကို မြင်လျှင် လုရှောင်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

သူက တခဏလေးပင် အချိန်မဆွဲတော့ဘဲ ခြံဝင်းအပြင်သို့ တိုက်ရိုက် ပြေးထွက်သွားခဲ့သည်။

"ခွေးသား.. မင်းကို သွားခွင့်ပေးလိုက်လို့လား"

ကျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။

သူက လျှပ်စီးလက်သလို အမြန်နှုန်းဖြင့် လုရှောင်ဘေးတွင် လျှပ်တပြက် ပေါ်လာခဲ့ပြီး သန်မာသော လက်ချောင်းများဖြင့် လုရှောင်၏ ပခုံးကို ချက်ချင်း ဆုပ်ကိုင်ကာ ပစ်လွှင့်လိုက်၏။

ချက်ချင်းဆိုသလိုပင် လုရှောင်၏ ခန္ဓာကိုယ်သည် မီတာအနည်းငယ်အထိ ပုံပျက်ပန်းပျက် ပျံသန်းသွားပြီး အဆုံးသတ်တွင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

"မင်း.. မင်း ဘာလုပ်ချင်တာလဲ"

လုရှောင်က သေမတတ် ကြောက်လန့်သွားခဲ့သည်။

သူက ကျန်ချန်ကို ထိတ်လန့်တကြား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ငါက ကျားနက်စွန့်စားရေး အဖွဲ့ရဲ့ ခေါင်းဆောင်လေးပဲ.. မင်း ငါ့ကို သတ်မယ်ဆို ငါ့အဖေက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

ကျနချန်၏ မျက်လုံးများက အေးစက်သွားပြီး သူ၏ ပုံရိပ်သည် တည်နေရာရွှေ့ပြောင်းလိုက်သကဲ့သို့ လုရှောင် ဘေးတွင် ပေါ်လာသည်။

သူက သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး လုရှောင်၏ လည်ပင်းကို ဆုပ်ကိုင်ကာ မြေပြင်ကနေ ဆွဲမြှောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ အေးစက်စက် အသံသည် လုရှောင်၏ နားထဲသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။

"မင်းအဖေကို သုံးပြီး ငါ့ကို မခြိမ်းခြောက်နဲ့"

"သူလာတော့ရော ဘာဖြစ်လဲ"

"သူလာရဲရင် သူ့ကိုပါ တစ်ခါတည်း သတ်ပစ်ပြီး မင်းနဲ့အတူ ငရဲမှာ ပြန်ဆုံဖို့ ပို့ပေးလိုက်မယ်"

အခန်း(၆၆) ပြီး၏

All Chapters