← Chapters

အခန်း (၆၇)

Vol. 5 Ch. 67

အခန်း (၆၇)

Vol. 5 Ch. 67

ကျန်းချန်က လုရှောင်၏ လည်ပင်းကို ရုတ်တရက် ဖျစ်ညှစ်လိုက်ရာ လုရှောင်၏ မျက်နှာက ချက်ချင်းပင် နီရဲသွားခဲ့သည်။

လည်ပင်းညှစ်ခံနေရသော လုရှောင်သည် ကျန်းချန်၏ မျက်လုံးထဲမှ အေးစက်စက် လူသတ်ငွေ့ကို ခံစားမိပြီး အဆုံးသတ်တွင် ကြောက်လန့်သွားခဲ့၏။

သူက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အသနားခံ တောင်းပန်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

"ကျ.. ကျနော် မှားသွားပါတယ်.. ကျ... ကျနော် ဒူးထောက်ပြီး တောင်းပန်ဖို့ ဆန္ဒရှိပါတယ်"

သေရေးရှင်ရေး အခြေအနေတွင် လုရှောင်သည် သူ့၏ မာနထောင်လွှားသည့် စိတ်ကို မာန်ချရတော့သည်။

လက်စားချေခြင်းသည် လူကြီးလူကောင်းတစ်ယောက် အနေဖြင့် ဘယ်တော့မှ နောက်မကျဟု အဆိုရှိသည် မဟုတ်လော။

သူသာ ကျားနက်စွန့်စားရေး အဖွဲ့ကို ပြန်ရောက်သွားလျှင် သူ့အဖေကို တိုင်တန်းကာ ဤကောင်လေးနှင့် အပြာရောင် နှင်းခဲစွန့်စားရေး အဖွဲ့တစ်ဖွဲ့လုံးကို သေချာပေါက် သတ်ပစ်ပေမည်။

ဟုတ်ပါသည်၊ ပြိုင်ဘက်ကင်း မိန်းမလှလေး နှစ်ယောက်ဖြစ်သည့် ယဲ့ချင်းရွှမ်းနဲ့ မုန်ချင်းရွှယ်ကိုမူ သူ့အတွက် ခေါ်ထားပြီး စိတ်ကြိုက် ဆော့ကစားရပေဦးမည် မဟုတ်လော။

"မင်းကို အခွင့်အရေးပေးခဲ့စဥ်က မင်းတန်ဖိုးမထားခဲ့ဘူး.. နောက်ဘဝမှာ လူကောင်း ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်"

ကျန်းချန်က အေးစက်စွာကြည့်လိုက်ပြီး လုရှောင်၏ လည်ပင်းအား ညှစ်ထားသည့် လက်ကို ပို၍ တင်းကျပ်လိုက်သည်။

"မလုပ်ပါနဲ့"

လုရှောင်က ကြောက်လန့်တုန်လှုပ်စွာဖြင့် ကျန်းချန် လက်ထဲမှ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်လိုက်သည်။

သို့သော် သူ မရုန်းကန်ရသေးခင်မှာပင် ကျန်းချန်က လည်ပင်းကို ချိုးပစ်လိုက်သည်။

ထိုခဏတွင် လုရှောင်သည် မျက်လုံးများ ရုတ်တရက် မှောင်မိုက်သွားပြီး သူ၏အတ္တဘော ခန္ဓာကိုယ်ကြီးသည်လည်း မြေပြင်ပေါ်သို့ တအိအိ လဲကျသွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့မှ လူအားလုံးနီးပါးသည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်သွားကြ၏။

လဲ့ရှစ်မြို့ကို လွှမ်းမိုးထားသည့် နာမည်ကျော် ကျားနက်စွန့်စားရေးအဖွဲ့၏ သခင်လေး လုရှောင်သည် ဤကဲ့သို့ပင် သေဆုံးသွားခဲ့ရသည်။

"အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ကို ဝိုင်းရံပိတ်ဆို့မှုကနေ ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"

တခဏမျှ မှင်တက်နေပြီးမှ သတိပြန်ဝင်လာသော ယဲ့ချင်းရွှမ်းသည် ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။

"အသေးအမွှားကိစ္စလေးပါ"

ကျန်းချန်က သူ့လက်ကို ဝှေ့ယမ်းကာ ရယ်မော၍ ပြောလိုက်သည်။

"ခေါင်းဆောင်ယဲ့.. ငါတို့ကို မိုးကြိုးတိမ်တောင်တန်းကို ခေါ်သွားပြီး ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ရည် ရှာဖွေဖို့အတွက် ကူညီပေးပါ"

"နင်တို့က အဲဒီနေရာက ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ရည်ကို ရှာဖို့လာတာကိုး"

ယဲ့ချင်းရွှမ်းက သူ့ဘေးမှ မုန့်ချင်းရွှယ်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

"ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥိနို့ရည်ကို ရှာဖို့ ခေါ်သွားပေးလို့ရပါတယ်.. ဒါပေမယ့် လောလောဆယ်တော့ မြို့ကနေ ထွက်ခွာဖို့ အခွင့်အရေး မရှိသေးဘူး"

"လုရှောင် ဒီနေရာမှာ သေသွားတဲ့အကြောင်း သိပ်မကြာခင် ပျံ့နှံ့သွားလိမ့်မယ်"

"လုရှောင်ရဲ့အဖေ.. လုဟေးဟူက ကျားနက်စွန့်စားရေး အဖွဲ့ကို ခေါ်ချလာပြီး လာဖြေရှင်းမှာကို ငါစိုးရိမ်မိတယ်"

ယဲ့ချင်းရွှမ်းက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"ရပါတယ်...ကျားနက်စွန့်စားရေး အဖွဲ့ကို ရှင်းလင်းပြီးမှ မိုးကြိုးတိမ်တောင်တန်းထဲကို ဝင်လည်း နောက်မကျသေးပါဘူး။"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ မေးလိုက်သည်။

"ဒီကျားနက်စွန့်စားရေး အဖွဲ့က ဘယ်လောက်အထိ အင်အားကြီးလဲ"

"အရမ်း အင်အားကြီးတယ်.. လဲ့ရှစ်မြို့မှာ အင်အားအကြီးဆုံး စွန့်စားရေး အဖွဲ့တွေထဲက တစ်ဖွဲ့လို့ ပြောလို့ရတယ်"

"ကျားနက်စွန့်စားရေး အဖွဲ့မှာ ခေါင်းဆောင် လုဟေးဟူ အပြင် ချီကာကွယ်ရေး အဆင့်၉ ကျင့်ကြံသူ တစ်ယောက်လည်း ရှိသေးတယ်"

"လဲ့ရှစ်မြို့မှာ ကျားနက်စွန့်စားရေး အဖွဲ့နဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွန့်စားရေး အဖွဲ့ သုံးဖွဲ့ထက် မပိုဘူး"

ယဲ့ချင်းရွှမ်းက လေးနက်စွာ ပြောလိုက်သည်။

"သူတို့ဘက်မှာ ချီကာကွယ်ရေး အဆင့်၉ ကျင့်ကြံသူ နှစ်ယောက် ရှိနေတာပေါ့"

"စိတ်မပူပါနဲ့.. သူတို့လာရဲရင် ပြန်လမ်းမဲ့သွားအောင် လုပ်ပေးမယ်လို့ ငါကတိပေးတယ်"

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ကုန်းယွမ်ဆီက လုယူလာသည့် အစီအရင် ပစ္စည်းများကို ထုတ်ယူကာ ခြံဝင်းထဲတွင် ခင်းကျင်းလိုက်သည်။

.......

တစ်ချိန်တည်းမှာပဲ ကျားနက်စွန့်စားရေး အဖွဲ့၏ အခြေစိုက်စခန်း၌ လုဟေးဟူသည် အခန်းထဲတွင် အတွင်းအား ကျင့်နေစဥ် တံခါးခေါက်သံကြောင့် မျက်လုံးဖွင့်လိုက်သည်။

လုဟေးဟူက ဒေါသတကြီး အော်ငေါက်လိုက်၏။

"ကိစ္စ ထွေထွေထူးထူး မရှိရင် ငါ့ကို မနှောင့်ယှက်နဲ့လို့ ငါ အမိန့် ပေးထားတယ် မဟုတ်လား"

"ခေါင်းဆောင်.. ပြဿနာကြီးပဲ.. သခင်လေး တစ်ခုခု ဖြစ်သွားပြီ"

တံခါးအပြင်ဘက်မှ ထိတ်လန့်တုန်လှုပ်နေသည့် အသံကြောင့် လုဟေးဟူ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

သူက တစ်ခဏချင်းမှာပင် အခန်းအပြင်ကို ရောက်လာပြီး တံခါးဝရှိ သက်လတ်ပိုင်း အရွယ်လူကို စူးစိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ရှောင်အာ ဘာဖြစ်လို့လဲ"

သက်လတ်ပိုင်းအရွယ်လူက ကြောက်ရွံ့တုန်လှုပ်စွာ ပြန်ဖြေလိုက်သည်။

"သခင်လေး.. သူ... သူ အသတ်ခံလိုက်ရပြီ"

အခန်း(၆၇) ပြီး၏

All Chapters