အခန်း (၆၈)
Vol. 5 Ch. 68
"ဘာ.. မင်း ဘာပြောလိုက်တာလဲ"
သက်လတ်ပိုင်းအရွယ်လူ၏ စကားသံအဆုံးတွင် လုဟေးဟူ၏ ခန္ဓာကိုယ်ထဲကနေ ကြောက်မက်ဖွယ် လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့၏။
သူ၏ မျက်လုံးများက ချက်ချင်းပင် အလွန် အေးစက်သွားခဲ့သည်။
"ဘယ်သူလဲ.. ဘယ်သူက ရှောင်အာကို သတ်တာလဲ"
"သခင်လေးကို သတ်တာက အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ကပါ"
"သခင်လေးက ဒီနေ့ ဟုန်ကျူးမုံကို ခေါ်ပြီး အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့ရဲ့ စခန်းကို သွားခဲ့တယ်"
"သိပ်မကြာခင်မှာပဲ သခင်လေး အသတ်ခံရတဲ့ သတင်းက ရောက်ရှိလာခဲ့တယ်"
သက်လတ်ပိုင်းအရွယ်လူက သူ၏ နဖူးမှ ချွေးများကို သုတ်ရင်း ပြောလိုက်သည်။
"အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့လား"
လုဟေးဟူ ခဏမျှ အံ့အားသင့်သွားသည်။
သူက ချက်ချင်းပင် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။
"ဟုန်ကျူးမုံက ငါ့သားကို အကာအကွယ်မပေးဘဲ ဘာလုပ်နေတာလဲ"
"အပြာရောင် နှင်းခဲ စွန့်စားရေးအဖွဲ့က သာမန် စွန့်စားရေး အဖွဲ့ တစ်ဖွဲ့လေးပဲ မဟုတ်လား.. ငါသိရသလောက် သူတို့ရဲ့ ခေါင်းဆောင် ယဲ့ချင်းရွှမ်းက ချီကာကွယ်ရေး အဆင့်၆ ခွန်အားထက် မပိုပါဘူး.. ငါ့သားဘေးမှာ ကျားနက် စွန့်စားရေးအဖွဲ့ရဲ့ အကြီးအကဲ တစ်ယောက်လုံး ရှိနေတာတောင် ဘာလို့ငါ့သားက သေသွားရတာလဲ"
သတ်လတ်ပိုင်းအရွယ်လူက ထိတ်လန့်တကြား ပြန်ဖြေလိုက်သည်။
"ဟုန်ကျူးမုံ.. သူ.. သူ့ကိုလည်း အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့က သတ်သွားပါပြီ"
"အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့က သိပ်ဇောင်းကြွနေပါလား"
"ကောင်းပြီလေ.. ခုချက်ချင်း ချီကာကွယ်ရေး နယ်ပယ်အဆင့်က အဖွဲ့ဝင်အားလုံးကို ချက်ချင်း စုလိုက်.. ငါကိုယ်တိုင် ဦးဆောင်ပြီး အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ကို ချေမှုန်းမယ်"
"ငါလုဟေးဟူရဲ့ သားကို သတ်ရဲတဲ့အတွက် အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့တစ်ခုလုံးကို ငါ့သားအတွက် မြှုပ်နှံပစ်မယ်"
လုဟေးဟူက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသဖြင့် မျက်လုံးတွင် ကြောက်မက်ဖွယ် ဒေါသရိပ်များ တောက်လောင်နေခဲ့သည်။
သူက ကျားနက်စွန့်စားရေး အဖွဲ့၏ အကြီးအကဲ ဖြစ်ပြီး ချီကာကွယ်ရေး အဆင့်၉ ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။
ဤလဲ့ရှစ်မြို့တွင် သူက မြို့စား တစ်ယောက်ကဲ့သို့ပင် သြဇာရှိသည်။
သို့သော်လည်း ယခုအခါတွင် သူ့သား လုရှောင်သည် အသတ်ခံလိုက်ရပြီ ဖြစ်၏။
လုဟေးဟူ ဒေါသအိုး ပေါက်ကွဲသွားချေပြီ။
ဤနှစ်တွေအတွင်း သူ ယနေ့လောက် ဒေါသမထွက်ဖူးပေ။
သူ့သားကို မည်သူသတ်သတ်၊ သူက သတ်သည့်လူကို ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ ပေးဆပ်စေမည် ဖြစ်သည်။
လုဟေးဟူသည် ကျားနက် စွန့်စားရေးအဖွဲ့၏ ကျန်ရှိသည့် အကြီးအကဲ တစ်ယောက် အပြင် ချီကာကွယ်ရေး အဆင့်မှ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့ကို ဦးတည်သွားခဲ့သည်။
ဆယ်မိနစ်အကြာတွင် လုဟေးဟူသည် ကျားနက်စွန့်စားရေး အဖွဲ့၏ ထိပ်တန်းအဖွဲ့ဝင်များနှင့် အတူ အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့၏ အိမ်ဝင်းအပြင်ဘက်သို့ ရောက်လာခဲ့၏။
သူ၏ အေးစက်သော အကြည့်က အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့၏ ပိတ်ထားသော တံခါးဆီသို့ ရောက်ရှိသွားခဲ့သည်။
သူ၏ ဒေါသတကြီး အော်ဟစ်သံက မိုးခြိမ်းသံ ကဲ့သို့ လေထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
"ယဲ့ချင်းရွှမ်း.. ငါ့ကို ထွက်မတွေ့ဘဲ လိပ်လို ပုန်းနေလို့ရမယ် မထင်နဲ့"
ဤမြင်ကွင်းက ပတ်ဝန်းကျင်မှ ကျင့်ကြံသူ အများအပြား၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။
"လခွမ်း.. ဒါဘယ်လိုအခြေအနေလဲဟ.. လုဟေးဟူ ကိုယ်တိုင် သူ့လူတွေကို ဦးဆောင်ပြီး အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ရဲ့ တံခါးဝဆီ ဘာလို့ ရောက်လာခဲ့တာများ ဖြစ်မလဲ"
"အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ရဲ့ လူတွေက လုဟေးဟူရဲ့ သား လုရှောင်ကို သတ်လိုက်တယ်လို့ ကြားတယ်.. လုဟေးဟူ ရောက်မလာရင်သာ ထူးဆန်းနေမှာ"
"ဟ.. ယဲ့ချင်းရွှမ်းရဲ့ စွန့်စားရေး အဖွဲ့က ဦးနှောက်ပျက်သွားပြီလား.. လုဟေးဟူရဲ့ သားကိုတောင် သတ်ရဲတယ်"
"သွားပြီ.. အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ ဒီတစ်ခါတော့ ကိစ္စ ပြတ်သွားပြီ ထင်တယ်"
ပတ်ဝန်းကျင်က ကျင့်ကြံသူ အများအပြားက ခေါင်းကို ခါယမ်းလိုက်ကြသည်။
လဲ့ရှစ်မြို့တွင် ကျားနက်စွန့်စားရေး အဖွဲ့၏ ဒေါသကို မည်သည့် စွန့်စားရေး အဖွဲ့က ခံနိုင်ပါမည်နည်း။
"ယဲ့ချင်းရွှမ်း.. မင်း ငါ့ကို အကြောင်းပြချက် မပေးရင် မင်းတို့ အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ကို အမြစ်ကနေ လှန်မပစ်ရဲဘူးလို့ ထင်နေတာလား"
အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့က မည်သည့် လှုပ်ရှားမှုမှ မရှိသည်ကို မြင်လျှင် လုဟေးဟူ၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကြောက်မက်ဖွယ် လက်သီးတစ်ချက်ကို အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့၏ တံခါးဆီသို့ ပို့လွှတ်လိုက်သည်။
"ဝုန်း"
ကျယ်လောင်သော ဆူညံသံနှင့်အတူ အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့၏ တံခါးများသည် လုဟေးဟူ၏ လက်သီးချက်ဖြင့် ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့၏ တံခါးကို ဖျက်ဆီးပြီးနောက်တွင် လုဟေးဟူသည် သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"အထဲကိုဝင်ပြီး အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့ဝင်တွေကို သေအောင် ရိုက်နှက်ကြ"
အခန်း(၆၈) ပြီး၏