အခန်း (၆၉)
Vol. 5 Ch. 69
လုဟေးဟူက တံခါးကို ချိုးဖျက်ပြီးနောက် ကျားနက်စွန့်စားရေး အဖွဲ့၏ အဆင့်မြင့် အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို ဦးဆောင်၍ အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့၏ အိမ်ဝင်းထဲသို့ဝင်လာခဲ့သည်။
ယဲ့ချင်းရွှမ်းက အဆုံးသတ်တွင် အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့မှ လူတစ်စုကို ဦးဆောင်ကာ ထွက်လာခဲ့သည်။
"လုခေါင်းဆောင်.. ဘာလို့ လူတွေကို ခေါ်လာပြီး ကျမတို့ အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ရဲ့ တံခါးကိုချိုးဖျက်ပြီး ဝင်လာရတာလဲ"
လုဟေးဟူက ကျားနက် စွန့်စားရေးအဖွဲ့ကို ဦးဆောင်၍ ဝင်လာသည်ကိုမြင်လျှင် ယဲ့ချင်းရွှမ်းက မေးခွန်းထုတ်လိုက်သည်။
"ယဲ့ချင်းရွှမ်း.. ငါ့ရှေ့မှာ ဟန်ဆောင်မနေနဲ့"
"ငါ့သားကို သတ်တဲ့ လူသတ်သမားကို ချက်ချင်း လွှဲပေးစမ်း"
"မဟုတ်ရင်.. မင်းတို့ အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့တစ်ဖွဲ့လုံးကို ခွေးတစ်ကောင်တောင် မကျန်အောင် သတ်ပစ်မယ်"
လုဟေးဟူက ယဲ့ချင်းရွှမ်းကို ဒေါသတကြီး အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
သူ၏ အသံတွင် သတ်ဖြတ်လိုသော အရိပ်အငွေ့များ ပါဝင်နေ၏။
"မင်းတို့က အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ကို ကြိုက်သလို အနိုင်ကျင့်လို့ ရတယ်လို့ ထင်နေတာလား"
"ငါရှိနေသရွေ့ အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့က ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်ခွင့်မပြုဘူး"
လုဟေးဟူရဲ့ မာနထောင်လွှားသည့် အသွင်အပြင်ကိုမြင်လျှင် ကျန်းချန်က အနည်းငယ် ခနဲ့လိုက်ပြီး ယဲ့ချင်းရွှမ်း၏ နောက်ကနေ တိုက်ရိုက် ထွက်လာခဲ့သည်။
လုဟေးဟူက ကျန်းချန်ကို ကြည့်ကာ ချက်ချင်းပင် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
"ကောင်လေး.. မင်း ဘယ်သူလဲ"
ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"မင်း ရှာနေတဲ့သူပဲ"
ထိုစကားကိုကြားလျှင် လုဟေးဟူ၏ တစ်ကိုယ်လုံးတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။
သူက ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
"ကောင်စုတ်လေး.. ငါ့သားကို သတ်လိုက်တာ မင်းလား"
"ဒါက သူ့ရဲ့ ကံကြမ္မာပဲ.. ဘယ်လိုလူက သူအနိုင်ကျင့်တာကို ခံနိုင်မှာလဲ"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူ၏ ပြတ်သားသော အသံသည် ခြံဝင်းထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"လုဟေးဟူ.. ငါ တစ်ခါပဲ ပြောမယ်.. အခုကစပြီး အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့က ငါ့ရဲ့ အကာအကွယ်အောက်မှာပဲ"
"မင်းတို့တွေအားလုံး ခုချက်ချင်း ငါ့ရှေကနေ ထွက်သွားစမ်း"
"မဟုတ်ရင်... မင်းကို ငရဲပို့ပြီး မင်းရဲ့ သားနဲ့ ပြန်ဆုံခိုင်းဖို့ ငါ တွန့်ဆုတ်နေမှာ မဟုတ်ဘူး"
ကျန်းချန် ကြိမ်းဝါးလိုက်သော စကားလုံးများသည် အပြင်မှ လာရောက်ကြည့်ရှုသည့် ကျင့်ကြံသူ အများအပြား၏ မျက်လုံးများကိုပင် ပြူးကျယ်သွားစေခဲ့သည်။
"ချီး.. ဒီကောင်လေး တော်တော်အတင့်ရဲတာပဲ.. လုဟေးဟူရဲ့ သားကို သတ်ရုံတင်မကဘူး.. အခု လုဟေးဟူက ကျားနက်စွန့်စားရေး အဖွဲ့က လူတွေကို ခေါ်လာတောင် လုဟေးဟူကို ဂရုမစိုက်ဘူး"
"သောက်ရမ်းကြမ်းချက်ပဲ.. ဒီလဲ့ရှစ်မြို့မှာ ဒီကောင်လေးက လုဟေးဟူကို မျက်လုံးထဲ မထည့်တဲ့ ပထမဦးဆုံးလူ ဖြစ်မှာသေချာတယ်"
"ကောင်စုတ်လေး.. မင်းက ဘာကောင်မို့လို့ ငါ့ရှေ့မှာ ဟန်ရေးလာပြနေတာလဲ"
"ဒီနေ့ မင်းတို့အားလုံးရဲ့ သွေးနဲ့ ငါ့သားရဲ့ ဝိညာဉ်ကို ယဇ်ပူဇော်ပစ်မယ်"
လုဟေးဟူက ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
ထို့နောက် သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ လွှမ်းမိုးနေသော အော်ဟစ်သံသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့၏။
"ညီအစ်ကိုတို့.. ငါ့အတွက် အပြာရောင်နှင်းခဲစွန့်စားရေးအဖွဲ့ကို သုတ်သင်ကြ"
ကျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။
"လုဟေးဟူ.. မင်း တကယ်ပဲ မင်းရဲ့ ကျားနက်စွန့်စားရေး အဖွဲ့ကို လဲ့ရှစ်မြို့ကနေ ပျောက်ကွယ်သွားစေချင်တာလား"
"ကောင်စုတ်လေး.. မင်းတစ်ယောက်တည်းနဲ့လား"
"ငါ မင်းကို အခု လုပ်ခွင့်ပေးမယ်"
"ကျားနက်စွန့်စားရေး အဖွဲ့ကို လဲ့ရှစ်မြို့ကနေ ဖယ်ရှားဖို့ မင်းမှာ ဘယ်လို အရည်အချင်းတွေ ရှိလဲဆိုတာကို ငါလည်းကြည့်ချင်တယ်"
လုဟေးဟူက မထီမဲ့မြင် ရယ်မောလိုက်သည်။
"ငါ လူမသတ်ချင်ပါဘူး.. ဒါပေမဲ့ မင်းက အသေခံချင်နေမှတော့ ငါ မင်းကို အကောင်အထည် ဖော်ပေးမယ်"
"မင်းတို့ ကျားနက်စွန့်စားရေးအဖွဲ့က အမှိုက်တွေကို ရှင်းဖို့ ငါ့အတွက် လက်တောင် အပေခံစရာမလိုဘူး"
ကျန်းချန်က လုဟေးဟူနှင့် တခြားသူများကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
ထို့နောက် သူက ထူးဆန်းသည့် လက်ဟန်များကို မြန်မြန်ဆန်ဆန် ပြုလုပ်လိုက်ပြီး အိမ်ဝင်း၏ အလယ်ဗဟိုရှိ ကောင်းကင်ထဲကို ပစ်လွှတ်လိုက်သည်။
"နှလုံးသား ဖျက်ဆီး အစီအရင်.. အသက်ဝင်စမ်း"
ကျန်းချန်၏ ရေရွတ်သံဆုံးသည်နှင့် ခြံဝင်းတစ်ဝိုက်ရှိ မရေမတွက်နိုင်သည့် တောက်ပမှုများသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ကျားနက်စွန့်စားရေး အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို လွှမ်းခြုံသွားခဲ့သည်။
"အစီအရင်ပါလား"
ထိုမြင်ကွင်းကိုမြင်တော့ လုဟေးဟူ၏ မျက်နှာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
သူက ကျန်းချန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ပြီး မေးလိုက်၏။
"မင်း... မင်းက အစီအရင်သခင်လား"
ကျန်းချန်က အေးစက်စက် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"လုဟေးဟူ.. ငါ့ရဲ့ တတိယအဆင့် နှလုံးသား ဖျက်ဆီး အစီအရင် အရသာကို ခံစားကြည့်လိုက်စမ်း"
အခန်း(၆၉) ပြီး၏