အခန်း (၇၀)
Vol. 5 Ch. 70
တတိယအဆင့်ရဲ့ အခြေခံအဆင့်၊ နှလုံးသား ဖျက်ဆီးအစီအရင်။
ယင်းက အလွန်အားကောင်းသည့် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်တစ်ခု ဖြစ်သည်။
မူလဘူတ နယ်ပယ်အဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူ မဆို အစီအရင်ထဲတွင် ပိတ်မိခဲ့လျှင် အသိစိတ်များ ဆုံးရှုံးကာ အတွင်းစိတ် နတ်ဆိုးများ ထွက်ပေါ်လာပြီး ရူးသွပ်သွားလိမ့်မည် ဖြစ်၏။
ထို့ကြောင့် ကျန်းချန်က အစီအရင်ကို စတင်လိုက်သည့်အချိန်တွင် ကျားနက် စွန့်စားရေးအဖွဲ့၏ အားနည်းသော အဖွဲ့ဝင်အချို့၏ မျက်နှာပေါ်တွင် ချက်ချင်းဆိုသလို နာကျင်သည့် အမူအရာများ ဖြစ်ပေါ်လာသည်။
"ကောင်စုတ်လေး.. ငါ့ရဲ့ မိသားစု တစ်ခုလုံးကို သတ်ပစ်ရဲတယ်.. မင်းရဲ့ ခန္ဓာကိုယ်ကို ငါ ချေမှုန်းပစ်ရမယ်"
"ဟားဟား... ငါက ကျားနက်စွန့်စားရေး အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ.. ငါ့နောက်ကို လိုက်တဲ့သူတွေ ကြီးပွားကြလိမ့်မယ်.. ငါ့ကို ဆန့်ကျင်တဲ့သူတွေ သေဆုံးကြလိမ့်မယ်...မင်းတို့အားလုံး ငါ့အတွက် အသက်ပေးကြစမ်း"
"..........."
တခဏအတွင်း ကျားနက်စွန့်စားရေး အဖွဲ့ဝင်များသည် ရူးသွပ်သွားပုံရသည်။
သူတို့က အသိစိတ်ကင်းမဲ့ကာ အော်ဟစ်နေပြီး ပတ်ဝန်းကျင်မှ သူတို့၏ အပေါင်းအဖော်များကို အသည်းအသန် တိုက်ခိုက်နေကြ၏။
တစ်ခဏအတွင်း ကျားနက်စွန့်စားရေးအဖွဲ့၏ ချီကာကွယ်ရေး အဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် ချက်ချင်းပင် စိတ်ဖောက်သွားကြသည်။
သတ္တုအချင်းချင်း ထိခိုက်သံများက ဆူညံနေပြီး အော်ဟစ်သံများကလည်း လေထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေခဲ့၏။
ငါးမိနစ်အတွင်း လုဟေးဟူနှင့် ချီကာကွယ်ရေး အဆင့်၉ အကြီးအကဲမှ လွဲ၍ ကျားနက်စွန့်စားရေး အဖွဲ့တစ်ခုလုံးသည် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်၏ ထောင်ချောက်ထဲသို့ လုံးဝ ကျရောက်သွားခဲ့ကြသည်။
"ရပ်စမ်း.. အားလုံး ရပ်ကြစမ်း"
ဤမြင်ကွင်းက ချက်ချင်းပင် လုဟေးဟူ၏ မျက်လုံးများကို ပြူးကျယ်စေခဲ့သည်။
သူက သူ့လူများကို အော်ဟစ်ကာ ဟန့်တားခဲ့သော်လည်း နှလုံးသားဖျက်ဆီး အစီအရင်၏ လွှမ်းမိုးမှုအောက်တွင် အသိစိတ်ကို ဆုံးရှုံးသွားကြပြီ ဖြစ်ရာ လုဟေးဟူ၏ စကားကို မည်သို့ နားထောင်နိုင်ပါအံ့နည်း။
တချို့ဆိုလျှင် လုဟေးဟူကိုပင် သတ်ဖြတ်ရန် ပြေးဝင်လာခဲ့ကြသည်။
ကျန်းချန်၏ လုပ်ဆောင်ချက်ကြောင့် ကျားနက်စွန့်စားရေး အဖွဲ့ဝင်များ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေသည်ကိုမြင်လျှင် ကြည့်ရှုနေသူများသည် အသက်ရှူဖို့ပင် မေ့လျော့နေကြ၏။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များတွင် ကြောက်ရွံ့သည့် အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
"လခွမ်း.. ဒီကောင်လေးကို တတိယအဆင့် အစီအရင်သခင် ဖြစ်နေမယ်လို့ မထင်ထားမိဘူး.. သူက အရမ်းကြောက်ဖို့ကောင်းတာပဲ"
"လုဟေးဟူက အရူးပဲ.. အစီအရင်သခင် တစ်ယောက်ကို စော်ကားရဲတယ်.. သွားပြီ.. ဒီတစ်ခါတော့ ကျားနက်စွန့်စားရေးအဖွဲ့ အပြီးသတ်သွားပြီ"
"ဟားဟား... တကယ်ကို ပြန်လည် ပေးဆပ်ရတာပဲ.. ဒီဖြစ်ရပ်ပြီးရင် သူတို့ ကျားနက်စွန့်စားရေးအဖွဲ့က လဲ့ရှစ်မြို့မှာ ဘယ်လို မာနထောင်လွှားနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
ကျားနက်စွန့်စားရေး အဖွဲ့ဝင်များ၏ ဆိုးရွားသောဖြစ်အင်ကို ကြည့်ရင်း ကျားနက်စွန့်စားရေးအဖွဲ့၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည့် ကျင့်ကြံသူ အများအပြားသည် ကျေနပ်အားရနေခဲ့ကြသည်။
ကျန်းချန် အနောက်ရှိ ယဲ့ချင်းရွှမ်းနှင့် အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ဝင်များကလည်း ဤမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်နေကြ၏။
"ဒီကောင်လေးက အင်အားကြီးမားလွန်းတယ်.. ချီကာကွယ်ရေးအဆင့်၈က ကျင့်ကြံသူ ဖြစ်တဲ့ ဟုန်ကျူးမုံကို တစ်ကွက်တည်းနဲ့ သတ်ပစ်နိုင်တယ်"
"သူ့ရဲ့ အစီအရင်ပညာရပ်က ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းသေးတယ်"
"အစီအရင်တစ်ခုထဲနဲ့ ကျားနက်စွန့်စားရေးအဖွဲ့ကို အလွယ်တကူ သတ်ဖြတ်နိုင်တယ်"
သူတို့က ကျန်းချန်၏ ခွန်အားကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲနေကြသည်။
"ကျန်းချန်.. မင်း ငါ့သားကို သတ်ပြီး ငါ့ ကျားနက်စွန့်စားရေး အဖွဲ့ကို ဖျက်ဆီးပစ်တယ်.. မင်းကို ငါ သတ်မယ်.. သတ်မယ်"
အချိန်ကြာလာသည်နှင့်အမျှ ချီကာကွယ်ရေးအဆင့်၉ ကျင့်ကြံသူ ဖြစ်သည့် လုဟေးဟူပင် နှလုံးသား ဖျက်ဆီး အစီအရင်၏ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်း သတိလွတ်လာခဲ့သည်။
သူက ကြောက်မက်ဖွယ် မျက်နှာထားဖြင့် အော်ဟစ်နေခဲ့ပြီး သိုးအုပ်ထဲကို ကျားဝင်လာသကဲ့သို့ ပတ်ဝန်းကျင်မှ ကျားနက်စွန့်စားရေး အဖွဲ့ဝင်အားလုံးကို သတ်ဖြတ်နေခဲ့၏။
တခဏအတွင်း ကျားနက်စွန့်စားရေးအဖွဲ့၏ ချီကာကွယ်ရေး နယ်ပယ်အဆင့်က ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် လုဟေးဟူနှင့် ချီကာကွယ်ရေးအဆင့်၉ ဖြစ်သည့် အကြီးအကဲလက်ချက်ဖြင့် အားလုံး သေဆုံးသွားကြသည်။
တခြားလူများကို သတ်ဖြတ်ပြီးနောက်တွင် လုဟေးဟူသည် ကျန်ရှိသည့် ချီကာကွယ်ရေးအဆင့်၉ ကျင့်ကြံသူနှင့် တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
နှစ်ယောက်သား တိုက်ကွက်ပေါင်း ရာချီ ဖော်ထုတ်ပြီးနောက်တွင် အဆုံးသတ်၌ အမောဆို့ကာ သေဆုံးသွားကြသည်။
အခန်း(၇၀) ပြီး၏