အခန်း (၇၁)
Vol. 5 Ch. 71
ကျန်းချန်က နှလုံးသား ဖျက်ဆီး အစီအရင်ကို တည်ဆောက်ပြီး ကျားနက်စွန့်စားရေး တစ်ဖွဲ့လုံးကို သတ်ပစ်လိုက်သော သတင်းသည် လဲ့ရှစ်တစ်မြို့လုံးကို ချက်ချင်း ဂယက်ရိုက်သွားစေခဲ့သည်။
လဲ့ရှစ်မြို့ရှိ မရေမတွက်နိုင်သော စွန့်စားရေး အဖွဲ့အားလုံးသည် အံ့အားသင့်သွားကြ၏။
အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့တွင် မမျှော်လင့်ဘဲ အင်အားကြီးမားသည့် တတိယအဆင့် အစီအရင်သခင်တစ်ယောက် ပေါ်လာခဲ့သည်။
ထို တတိယအဆင့် အစီအရင်သခင်က အစီအရင် တစ်ခုထဲဖြင့် ကျားနက်စွန့်စားရေး အဖွဲ့လို ထိပ်တန်း စွန့်စားရေး အဖွဲ့ကို သတ်ပစ်ခဲ့၏။
တခဏအတွင်း လဲ့ရှစ်မြို့တွင် မူလက မထင်မရှားသာ ရှိသော အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့သည် လဲ့ရှစ်မြို့တွင် ကျော်ကြားလာခဲ့ပြီး မည်သူမှ သွားမရှုပ်ရဲတော့ချေ။
လဲ့ရှစ်မြို့မှ မရေမတွက်နိုင်သည့် စွန့်စားရေးအဖွဲ့များက ကျန်းချန်၏ လုပ်ရပ်ကြောင့် အံ့အားသင့်နေချိန်တွင် ကျန်းချန်နှင့် မုန့်ချင်းရွှယ်တို့သည် ယဲ့ချင်းရွှမ်း၏ ဦးဆောင်မှုအောက်တွင် မိုးကြိုးတိမ် တောင်တန်းထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ယဲ့ချင်းရွှမ်းသည် လဲ့ရှစ်မြို့တွင် အချိန်အတော်ကြာနေခဲ့ပြီး သူမ၏ အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့နှင့်အတူ မိုးကြိုးတိမ်တောင်တန်းထဲတွင် အမဲလိုက်လေ့ ရှိသည်။
ထို့ကြောင့် ယဲ့ချင်းရွှမ်းသည် လဲ့ရှစ်မြို့အနီးရှိ မိုးကြိုးတိမ်တောင်တန်းကို အလွန်ပင် ရင်းနှီးနေခဲ့၏။
ထို့ကြောင့် ဤတစ်ခေါက် ခရီးတွင် ကျန်းချန်တို့သည် အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ခဲ့ကြသည်။
ရံဖန်ရံခါ သားရဲများနှင့် တွေ့သော်လည်း အင်အားအကြီးဆုံးမှာ ချီကာကွယ်ရေး အဆင့်၅ သို့မဟုတ် အဆင့်၆နှင့် ညီမျှသည့် ဒုတိယအဆင့် အလယ်အလတ် သားရဲသာ ဖြစ်၏။
ထိုကဲ့သို့အဆင့် သားရဲသည် ကျန်းချန်ပင် မလိုအပ်ပေ။
မုန့်ချင်းရွှယ်က ဓားတစ်ချက်တည်းဖြင့် ဖြေရှင်းခဲ့သည်။
သူတို့ သုံးယောက်စလုံး မိုးကြိုးတိမ် တောင်တန်းထဲကို ဝင်သွားပြီး နာရီဝက်ခန့်အကြာတွင် ယဲ့ချင်းရွှမ်းသည် ကျန်းချန်တို့ကို မှောင်မိုက်သည့် ချိုင့်ဝှမ်းတစ်ခု ဆီသို့ ခေါ်သွားခဲ့၏။
"ကောင်းကင်ဝါးညွန့်စိတ်ဝိညာဉ်နို့ရည်က ဒီချိုင့်ဝှမ်းထဲက ဂူတစ်လုံးမှာ ရှိတယ်"
"ကျွန်မတို့ လွန်ခဲ့တဲ့ နှစ်ဝက် ဒီကိုလာတုန်းက ညီအစ်မ ချင်းရွှယ်က အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့မှာ ရှိနေသေးတယ်"
"အဲဒီဂူထဲမှာ ချီကာကွယ်ရေးအဆင့်၉ အထွတ်အထိပ်က ကျင့်ကြံသူနှင့် ယှဥ်နိုင်တဲ့ ဒုတိယအဆင့် အထွတ်အထိပ် ငရဲ နှင်းကျားကြီးတစ်ကောင် ရှိနေတာကြောင့် ကျွန်မတို့ လက်လျှော့ခဲ့ရတယ်"
ယဲ့ချင်းရွှမ်းက ချိုင့်ဝှမ်းရဲ့ နက်နဲသော အပိုင်းကို ညွှန်ပြပြီး ကျန်းချန်ကို ပြောလိုက်သည်။
ကျန်းချန်က ချိုင့်ဝှမ်း၏ အနက်ပိုင်းကို အကဲခတ် ကြည့်လိုက်သညိ။
"ကယ်ကြပါ"
ထိုအချိန်တွင် ချိုင့်ဝှမ်း၏ နက်နဲသော အပိုင်းကနေ ကြောက်မက်ဖွယ် အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
"ဝင်သွားပြီး ကြည့်ရအောင်"
ကျန်းချန်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
သူက ချိုင့်ဝှမ်း၏ အနက်ပိုင်းကို အမြန်ပြေးသွားခဲ့၏။
သူတို့ သုံးယောက် မီတာရာချီ ခရီးဆက်ပြီးနောက်တွင် ချိုင့်ဝှမ်း၏ အနက်ပိုင်းကနေ ပြေးထွက်လာသည့် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုလူရိပ်က အသက်၁၆ သို့မဟုတ် ၁၇ အရွယ် ကောင်လေးတစ်ယောက် ဖြစ်၏။
သူ့ခန္ဓာကိုယ်က ထွက်ပေါ်နေသည့် အရှိန်အဝါကို ကြည့်ပြီး အနည်းဆုံး ချီကာကွယ်ရေး အဆင့်၈တွင် ရှိကြောင်း သိနိုင်ခဲ့သည်။
လူငယ်လေး၏ အခြေအနေက အလွန်ပင် ဆိုးရွားနေခဲ့၏။
သူ့တစ်ကိုယ်လုံးက သွေးအလိမ်းလိမ်း ဖြစ်နေပြီး လက်ထဲမှ ဓားရှည်ကလည်း ကျိုးပဲ့နေသည်။
သူ၏ ပုံစံက သေရေးရှင်ရေး ဖြစ်နေပုံရ၏။
"မိတ်ဆွေတို့ သုံးယောက်.. ကူညီ.. ကူညီပါဦး"
ရုတ်တရက် ပေါ်လာသည့် ကျန်းချန်တို့ သုံးယောက်ကို မြင်လျှင် လူငယ်လေးက ဝမ်းသာသွားပြီး ကျန်းချန်တို့ဆီ အလျင်အမြန် ပြေးလာခဲ့သည်။
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး လူငယ်လေးကို ဘာမှမပြောရသေးခင် လူငယ်လေးက လမ်းကြောင်းပြောင်းကာ ချိုင့်ဝှမ်းထဲကနေ အလျင်အမြန် ထွက်ပြေးသွားသည်ကို မြင်လိုက်ရ၏။
"ခွေးကောင်လေး သေချင်နေတာလား"
ကျန်းချန်၏ မျက်နှာက အေးစက်သွားပြီး ကောင်လေးကို တားဆီးဖို့ လုပ်နေစဥ်မှာပင် ရုတ်တရက် အေးစက်သည့် လေပြင်းတစ်ခုက တိုက်ခတ်လာခဲ့သည်။
ထိုအေးစက်သည့် လေပြင်းက ထူးဆန်းနေ၏။
ကျန်းချန်ကဲ့သို့ ချီကာကွယ်ရေးအဆင့်၉ ကျင့်ကြံသူပင် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
ယင်းအချိန်တွင် ပတ်ဝန်းကျင် နေရာတစ်ခုလုံးသည် အေးခဲသွားသလို ဖြစ်သွားခဲ့သည်။
"သတိထား.. ဒါက ဒုတိယအဆင့်သားရဲ ဖြစ်တဲ့ ငရဲနှင်းကျားကြီးပဲ ဖြစ်ရမယ်"
ထိုခဏတွင် ယဲ့ချင်းရွှမ်း၏ လှပသည့် မျက်နှာက ပြောင်းလဲသွားပြီး ဒေါသတကြီး ပြောလိုက်သည်။
"ခုနက ကောင်စုတ်က ငါတို့ကို သူ့ရဲ့ အကာအကွယ်အဖြစ် အသုံးချသွားပုံပဲ"
"ဒီလို ကြောက်မက်ဖွယ် အရှိန်အဝါကို ဒုတိယအဆင့် သားရဲတစ်ကောင်က မထုတ်လွှတ်နိုင်ဘူး.. ကြည့်ရတာ ငရဲနှင်းကျားကြီးက တတိယအဆင့် သားရဲအဖြစ်ကို အဆင့်တက်သွားတဲ့ပုံပဲ"
မုန့်ချင်းရွှယ်၏ လှပသည့် မျက်လုံးများတွင် လေးနက်သည့် အမူအရာများ ဖြစ်ပေါ်လာသည်။
"ငရဲနှင်းကျားကြီးက တတိယအဆင့် သားရဲ အဖြစ်ကို အဆင့်တက်သွားပြီလား"
ယဲ့ချင်းရွှမ်း အံ့အားသင့်သွား၏။
သူမ သိသလောက်ပြောရလျှင် တတိယအဆင့် သားရဲများသည် မူလဘူတအဆင့် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည်အထိ အင်အားကြီးမားသည် မဟုတ်ပါလား။
အခန်း(၇၁) ပြီး၏