အခန်း (၇၂)
Vol. 5 Ch. 72
"ခွက်.. ခွက်"
ယဲ့ချင်းရွှမ်း၏ စိတ်နှလုံး တုန်လှုပ်သွားချိန်မှာပင် သူမတို့ ရှေ့ကနေ ခွာသံများ ထွက်ပေါ်လာသည်။
တခဏအတွင်း မီးခိုးရောင်နှင့် အဖြူရောင် ရှိသည့် ခြင်္သေ့ပုံစံ သားရဲတစ်ကောင်သည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာ၏။
သားရဲက အရွယ်အစား အလွန်ကြီးမားပြီး သုံးမီတာလောက် ရှည်လျားသည်။
သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကနေ အေးစက်စက် အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။
၎င်းက ကြီးမားသော အပြာရောင် မျက်လုံးများဖြင့် ကျန်းချန် တို့ သုံးယောက်ကို စိုက်ကြည့်နေခဲ့သည်။
"ဒီ ငရဲနှင်းကျားကြီးက တတိယအဆင့် သားရဲအဖြစ် တကယ်ကို အဆင့်တက်သွားခဲ့ပြီ"
သူမ ရှေ့က ငရဲနှင်းကျားကြီးကို ကြည့်ပြီး ယဲ့ချင်းရွှမ်း၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
"အခုမှ အဆင့်တက်စပြုတဲ့ တတိယအဆင့် သားရဲလေးပါပဲ ဘာမှ မဟုတ်ပါဘူး"
ကျန်းချန်က သူ့ရှေ့မှ ငရဲနှင်းကျားကြီးကို ကြည့်၍ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ ကြုံးဝါးသံသည် ချက်ချင်းပင် လေထဲ၌ ပဲ့တင်ထပ်သွားခဲ့၏။
"ဘာပဲဖြစ်ဖြစ် ကောင်းကင်ဝါးညွန့်စိတ်ဝိညာဥ်နို့ရည်ကို ဒီနေ့ ငါ ရအောင်ယူမယ်"
"မင်းက တတိယအဆင့် သားရဲ ဖြစ်နေပါစေ.. ငါ မသတ်နိုင်ဘူးလို့ မထင်နဲ့"
ကျန်းချန်က စကားပြောနေရင်း အစီအရင်စာလိပ်ကို တိုက်ရိုက် ထုတ်ယူကာ လေထဲကို ပစ်လွှတ်လိုက်သည်။
မိုးကြိုးတိမ်တောင်တန်းထဲကို မဝင်ခင် ကျန်းချန်သည် ဖြစ်နိုင်ချေရှိသည့် အခြေအနေများ အတွက် အစီအရင်စာလိပ် တချို့ကို ကြိုတင် ပြုလုပ်ထားခဲ့သည်။
အခုအခါတွင် ငရဲ နှင်းကျားကြီးက တတိယအဆင့် သားရဲ အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၍ အစီအရင်စာလိပ်က အသုံးဝင်လာခဲ့ပြီ ဖြစ်၏။
ငရဲ နှင်းကျားကြီးက ကျန်းချန်လို အင်အားနည်းသည့် လူသားတစ်ယောက် သူ့ကို ဆန့်ကျင်ချင်နေသည်ကို သိလိုက်ရလျှင် ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။
"ဝေါင်းး"
သူက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး ပါးစပ်ဖွင့်ကာ ရေခဲမြှားဖြင့် ကျန်းချန်ဆီ ပစ်လွှတ်လိုက်သည်။
ကျန်းချန်က ထီမထင်ဟန်ဖြင့် သူ၏ လက်နှစ်ဖက်ကို ထူးဆန်းသော လက်ဟန်များ ပြုလုပ်ကာ လေထဲမှ အစီအရင်ကို ညွှန်ပြလိုက်၏။
"သားရဲဖမ်း အစီအရင်.. အသက်ဝင်"
ကျန်းချန်၏ ကြုံးဝါးသံအဆုံးတွင် တောက်ပသည့် အလင်းရောင်များက ကောင်းကင်ကနေ ကျဆင်းလာပြီး ချက်ချင်းပင် ငရဲနှင်းကျားကြီးကို ဝိုင်းရံသွားခဲ့သည်။
ငရဲနှင်းကျားကြီး ကျန်းချန်ဆီ ပစ်လွှတ်လိုက်သည့် ရေခဲမြှားကိုလည်း ပတ်ဝန်းကျင်မှ ထူးဆန်းသည့် အလင်းရောင်က ချက်ချင်းပင် ခုခံလိုက်သည်။
သူ၏ တိုက်ခိုက်မှုကို သူ့ပတ်ဝန်းကျင်မှ ထူးဆန်းသည့် အလင်းရောင်များက အမှန်တကယ် ပိတ်ဆို့ထားသည်ကို မြင်လိုက်ရလျှင် ငရဲနှင်းကျားကြီးသည် ပိုမို၍ ဒေါသထွက်လာပြီး သူ့ပတ်ဝန်းကျင်ရှိ အစီအရင်ကို ဒေါသတကြီး တိုက်ခိုက်လိုက်၏။
ငရဲ နှင်းကျားကြီး၏ ရူးသွပ်ဖွယ် တိုက်ခိုက်မှုအောက်တွင် သားရဲဖမ်း အစီအရင်သည် အဆက်မပြတ် တုန်ခါလာခဲ့သည်။
"နင့်ရဲ့ သားရဲဖမ်း အစီအရင်က ငရဲနှင်းကျားကြီးကို မတားမြစ်နိုင်လောက်ဘူးထင်တယ်"
ငရဲနှင်းကျားကြီး၏ တိုက်ခိုက်မှုအောက်တွင် ပြိုလဲလုဆဲဆဲ ဖြစ်နေသည့် သားရဲဖမ်း အစီအရင်ကို ကြည့်ပြီး မုန့်ချင်းရွှယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သိပ်ဟုတ်တာပေါ့"
"သားရဲဖမ်း အစီအရင် တစ်ခုတည်းနဲ့တော့ ဖြေရှင်းဖို့ လုံးဝ မဖြစ်နိုင်ဘူး"
"ဒါပေမယ့်လည်း ငရဲနှင်းကျားကြီးက သားရဲဖမ်း အစီအရင်ကို ဖျက်ဆီးဖို့အတွက် အတော်လေး အားထုတ်ရလိမ့်မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"ဒီသတ္တဝါက သားရဲဖမ်းအစီအရင်ကို ဖျက်ဆီးလိုက်ရင် သူ့ကို နောက်ထပ် လက်ဆောင်ကြီးတစ်ခု ထပ်ပေးလိုက်မယ်"
သူတို့ သုံးယောက်၏ အကြည့်အောက်မှာပင် ငရဲနှင်းကျားကြီးသည် သူ၏ အင်အားကို အသုံးပြုပြီး သားရဲဖမ်း အစီအရင်ကို အဆက်မပြတ် လှုံ့ဆော်နေခဲ့သည်။
နာရီဝက် မပြည့်ခင်မှာပင် ငရဲ နှင်းကျားကြီး၏ အပြင်းအထန် တိုက်ခိုက်မှုအောက်၌ သားရဲဖမ်းအစီအရင်သည် လုံးဝ ပြိုကွဲသွားခဲ့သည်။
အစီအရင် ပြိုကွဲသွားသည်နှင့် တစ်ပြိုင်နက် ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို လှုပ်ရှားလိုက်သည်။
သူ့လက်ထဲတွင် မိုးကြိုးလျှပ်စီး ပုံသဏ္ဍာန် အရာတစ်ခု ပေါ်လာခဲ့၏။
"မိုးကြိုးဆင့်ခေါ် အစီအရင်.. အသက်ဝင်"
ကျန်းချန်က အေးစက်စွာ အော်ဟစ်လိုက်သည်။
သူ့၏ လှုံ့ဆော်မှုအောက်မှာပင် လျှပ်စီးကြောင်းများသည် လေထဲတွင် ပေါက်ကွဲထွက်လာခဲ့၏။
တစ်ခဏအတွင်း မူလက ကြည်လင်နေသည့် ကောင်းကင်သည် ရုတ်တရက် မည်းမှောင်သွားခဲ့သည်။
မှောင်မိုက်သည့် တိမ်တိုက်များထဲတွင် တောက်ပသည့် မိုးကြိုးအလင်းသည် အဆက်မပြတ် လင်းလက်နေခဲ့၏။
ယင်းနောက်တွင် ပေါက်ကွဲသံတစ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ငွေရောင် မိုးကြိုးတစ်စင်းသည် ကောင်းကင်ကနေ ကျဆင်းလာပြီး ငရဲနှင်းကျားကြီးရဲ့ ခေါင်းကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
"ဝုန်းး"
ငရဲနှင်းကျားကြီးသည် သားရဲဖမ်း အစီအရင်ကို ဖျက်ဆီးပြီးခါစဖြစ်၍ တုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပင် ကောင်းကင်က သက်ဆင်းလာသည့် မိုးကြိုး ရိုက်ခတ်မှုဒဏ်ကို ခံလိုက်ရ၏။
ကြောက်မက်ဖွယ် မိုးကြိုး စွမ်းအားသည် ငရဲ နှင်းကျားကြီး၏ ဦးခေါင်းထိပ်ကို တိုက်ရိုက် ထိမှန်သွားခဲ့ပြီး နီစွေးသည့် သွေးများသည် မြေပြင်အနှံ့ ပျံ့ကျဲသွားခဲ့သည်။
ညှော်နံ့များကလည်း ငရဲ နှင်းကျားကြီး၏ ဦးခေါင်းထိပ်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
အခန်း(၇၂) ပြီး၏