← Chapters

အခန်း (၇၃)

Vol. 5 Ch. 73

အခန်း (၇၃)

Vol. 5 Ch. 73

မိုးကြိုးအစီအရင်။

တတိယအဆင့် အလယ်အလတ် အစီအရင်ဖြစ်ပြီး တိုက်ခိုက်ရေးကို အခြေပြုသည့် အစီအရင်တစ်ခု ဖြစ်သည်။

ဤအစီအရင်သည် ကောင်းကင်မှာရှိသည့် မိုးကြိုးကို အားကောင်းသည့် တိုက်ခိုက်မှုတစ်ခု အဖြစ် ထုတ်လွှတ်ဖို့ လှုံ့ဆော်ပေးနိုင်၏။

ဤတိုက်ခိုက်မှု၏ အင်အားသည် အနည်းဆုံး မူလဘူတ အဆင့်၄ ကျင့်ကြံသူ၏ အပြည့်အဝ တိုက်ခိုက်မှုထက် မနိမ့်ပေ။

သူတို့ရှေ့မှ ငရဲနှင်းကျားကြီးသည် မကြာသေးခင်ကမှ တတိယအဆင့်သို့ အဆင့်တက်လာသော သားရဲ ဖြစ်သည်။

၎င်း၏ ခွန်အားက ကျန်းချန်၏ သားရဲဖမ်း အစီအရင်ကြောင့် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။

အခု သူက ကျန်းချန်၏ မိုးကြိုးအစီအရင် ရိုက်ခတ်မှုဒဏ်ကို ခံလိုက်ရ၍ အသက်တစ်ဝက်အောက်သာ ကျန်ရှိတော့၏။

"ချင်းရွှယ် အတူတူသွားပြီး ဒီကောင်ကို ရှင်းကြစို့"

သူက မုန့်ချင်းရွှယ်ကို အဖော်စပ်လိုက်ပြီး ကောင်းကင်ထက်သို့ ချက်ချင်း ခုန်တက်ကာ ကောင်းကင်ခြေလှမ်းဖြင့် ငရဲ နှင်းကျားကြီးရဲ့ ခေါင်းကို တိုက်ရိုက် ဆောင့်နင်းချလိုက်သည်။

"ချင်းရွှယ် ဒီကောင်ကြီး အားနည်းနေတဲ့အချိန် မြန်မြန် သတ်ပစ်လိုက်"

ဤကဲ့သို့ အချိန်တွင် ကျန်းချန်သည် ငရဲနှင်းကျားကြီးကို အသက်ရှူဖို့ အခွင့်အရေး ဘယ်တော့မှ ပေးမည် မဟုတ်ပေ။

မုန့်ချင်းရွှယ်ကလည်း လုံးဝ မတွန့်ဆုတ်ခဲ့ချေ။

သူမက ဓားရှည်ကို ဝှေ့ယမ်း၍ တိုက်ခိုက်လိုက်ရာ သူမ၏ ဓားအရှိန်အဝါသည် လေထုကို ဖြတ်သန်းသွားပြီး ငရဲ နှင်းကျားကြီး၏ မျက်လုံးများကို ထိုးဖောက်သွားခဲ့၏။

နှစ်ယောက်သား၏ မုန်တိုင်းထန်သည့် ထိုးစစ်အောက်တွင် ငရဲနှင်းကျားကြီးသည် ဟိန်းဟောက်ရုံမှတစ်ပါး ဘာမှ မတတ်နိုင်တော့ဘဲ အဆုံးသတ်တွင် အားနည်းစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"တတိယအဆင့် သားရဲဖြစ်တဲ့ ငရဲနှင်းကျားကြီးက အခုလိုပဲ အသတ်ခံလိုက်ရတာလား"

ယဲ့ချင်းရွှမ်းက သူမ ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်မှုကနေ သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

"ဒီကောင်လေးက တကယ့်ကို မွန်းစတားတွေထဲက မွန်းစတားပဲ"

ယဲ့ချင်းရွှမ်းက အံ့သြလွန်း၍ ပြောစရာစကားပင် ဆွံ့အနေခဲ့၏။

ကျန်းချန်က အလွန် အင်အားကြီးမားမှန်း သူမ သိနှင့်ပြီးသားဖြစ်သော်လည်း ဤအဆင့်ထိ ရောက်ရှိနေမည်ဟု မထင်ထားခဲ့ပေ။

သူမ ရှေ့မှ ငရဲနှင်းကျားကြီးသည် စစ်မှန်သည့် တတိယအဆင့် သားရဲ ဖြစ်၍ မူလဘူတအဆင့်မှ ကျင့်ကြံသူများကဲ့သို့ အင်အားကြီးမားသောသူများနှင့်ပင် ယှဉ်နိုင်၏။

သို့သော်လည်း ဤကဲ့သို့ အင်အားကြီးသော မွန်းစတားကို ကျန်းချန်က အလွယ်တကူပင် သတ်ပစ်လိုက်သည်။

ဆိုရလျှင် အလွယ်တကူ ဟုပင် ပြော၍မရပေ။

ကျန်းချန်၏ စိတ်ကြိုက် နှိပ်စက်ညှဥ်းပန်းခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။

ငရဲနှင်းကျားကြီးကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်တို့သုံးယောက်သည် ချိုင့်ဝှမ်းဆီသို့ ဦးတည်၍ လျှောက်သွားကြသည်။

မကြာမီမှာပင် သူတို့သည် ငရဲနှင်းကျားကြီး နေထိုင်သည့် ဂူကို ရောက်ရှိသွားကြ၏။

ကျန်းချန်က တစ်ချက် အကဲခတ် ကြည့်လိုက်ရာ ဂူ၏ အနက်ပိုင်းရှိ ထောင့်တစ်နေရာတွငိ မီတာတစ်ဝက်အောက်သာ ရှိသည့် ရေကန်ငယ် တစ်ကန်ကို တွေ့လိုက်ရသည်။

ရေကန်ငယ်၏ ထိပ်နံရံတွင် နို့နှစ်ရောင် ကျောက်တုံးနှစ်တုံး ရှိနေပြီး ထိုကျောက်တုံးနှစ်တုံးမှ ကြည်လင်သည့် နို့ရည်ရောင် အရည်များသည် ရေကန်ငယ်လေးထဲသို့ တစ်စက်ချင်းကျနေသည်ကို တွေ့လိုက်ရ၏။

ကောင်းကင်ဝါးညွန့် စိတ်ဝိညာဉ်နို့ရည်..

ကျန်းချန်၏ မျက်လုံးများက တောက်ပသွားသည်။

သူက ထိုနေရာဆီ အမြန်လျှောက်သွားလိုက်သည်။

သုံးယောက်သား နာရီဝက်လောက် အချိန်ယူပြီး ရေကန်ငယ်လေးထဲမှ ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ရည် အားလုံးကို စုဆောင်းလိုက်ကြ၏။

ကျန်းချန်တို့က ကောင်းကင်ဝါးညွန့် စိတ်ဝိညာဉ်နို့ရည်ကို စုဆောင်းပြီးနောက် ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ဂူအပြင်ဘက်ကနေ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"အကိုလဲ့ ကောင်းကင်ဝါးညွန့် စိတ်ဝိညာဉ်နို့ရည်က ဒီနေရာမှာပဲ"

စကားသံအဆုံးတွင် လူတချို့သည် ဂူထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာကြသည်။

ထိုလူအုပ်ထဲတွင် ကျန်းချန်က ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

၎င်းက ငရဲနှင်းကျားကြီးရဲ့ လိုက်ဖမ်းခြင်းကို ခံရသည့် ခရမ်းရောင်ဆံပင်နှင့် ကောင်လေးဖြစ်သည်။

"ဟိတ်ကောင်.. ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ရည်ကို ငါတို့ဆီ လွှဲပေးစမ်း"

ခရမ်းရောင်ဆံပင်နှင့် ကောင်လေးက ဗလာကျင်းနေသည့် ရေကန်ငယ်ကို ကြည့်ပြီးနောက်တွင် အော်ဟစ်လိုက်သည်။

လူငယ်၏ မာနထောင်လွှားသော အော်ဟစ်သံသည် ကျန်းချန်တို့၏ နားထဲကို တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

"မင်းက ဘာကောင်မို့လို့ ကောင်းကင်ဝါးညွန့် စိတ်ဝိညာဉ်နို့ရည်ကို မင်းဆီ ပေးရမှာလဲ"

"မင်း ခုနက ငရဲနှင်းကျားကြီးရဲ့ လိုက်ဖမ်းတာကို ခံခဲ့ရတယ်.. ငါတို့သာ မရှိရင် မင်းရဲ့ ခွေးအသက်က အခုထိ အသက်ရှင်နိုင်ပါ့မလား"

"ငါ မင်းရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာကို ကျေးဇူးမတင်တဲ့အပြင် လူခေါ်လာပြီး ကောင်းကင်ဝါးညွန့်စိတ်ဝိညာဥ်နို့ရည်ကို ငါ့ဆီကနေ လုယူချင်နေတာလား"

ကျန်းချန်၏ မျက်နှာထားက အေးစက်သွားသည်။

သူက ခရမ်းရောင်ဆံပင်နှင့် ကောင်လေးကို ကြည့်ရင်း ချက်ချင်းဆိုသလိုပင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာခဲ့၏။

"မင်း ငါ့ကို ဒေါသထွက်အောင် လုပ်ခဲ့တယ်.. ငါ မင်းကို သတ်ပစ်မှာကို ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်ဘူး"

အခန်း(၇၃) ပြီး၏

All Chapters