အခန်း (၇၄)
Vol. 5 Ch. 74
"ဟားဟား.."
ကျန်းချန်၏ စကားကို ကြားလျှင် ခရမ်းရောင်ဆံပင်နှင့် ကောင်လေးက ရယ်မောလိုက်သည်။
"ဟိတ်ကောင်.. ငါ့ဘေးမှာရှိတဲ့လူက ဘယ်သူလဲ သိလား.. ငါတို့ စန်းလဲ့ သိုင်းနန်းတော်ရဲ့ အစ်ကိုလဲ့ချင်းပဲ.. အစ်ကိုလဲ့က ချီကာကွယ်ရေး အဆင့်၉ ကျင့်ကြံသူ ဖြစ်တဲ့အပြင် တတိယအဆင့် အစီအရင်သခင်လည်း ဖြစ်တယ်"
"မင်းလိုကောင်ကများ အစ်ကိုလဲ့ရဲ့ ရှေ့မှာ လေလုံးထွားရဲတယ်"
ခရမ်းရောင်ဆံပင်နှင့် ကောင်လေးက ကျန်းချန်ကို မထီမဲ့မြင်အမူအရာဖြင့် ကြည့်လိုက်သည်။
ဤနေရာတွင် အစ်ကိုလဲ့ချင်း ရှိနေသောကြောင့် ကျန်းချန်က သူ့ကို ဘာမှ မလုပ်နိုင်ဟု သူယုံကြည်ခဲ့၏။
"မင်းဘေးမှာ သူရှိနေတာနဲ့ပဲ ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား"
ကျန်းချန်က လဲ့ချင်းဟုခေါ်သည့် ကောင်လေးကို ကြည့်လိုက်သည်။
ထိုခဏတွင် ကျန်းချန်သည် ခရမ်းရောင်ဆံပင်နှင့် ကောင်လေးကို တိုက်ရိုက် လက်သီးဖြင့် ထိုးချလိုက်သည်။
ယင်းအချိန်မှာပင် ခရမ်းရောင်ဆံပင်နှင့် ကောင်လေး နံဘေးရှိ လဲ့ချင်းက လှုပ်ရှားလိုက်သည်။
သူက ခရမ်းရောင်ဆံပင် ကောင်လေးရှေ့တွင် ပိတ်ရပ်လိုက်ပြီး သူ၏ ချီကာကွယ်ရေး အဆင့်၉ ခွန်အားဖြင့် ကျန်းချန်၏ လက်သီးချက်ကို ချေမှုန်းပစ်လိုက်သည်။
"ငါ့လူကို ငါ့ရှေ့မှာသတ်ချင်နေတယ် ဆိုတော့ ငါလဲ့ချင်းကို ဂရုမစိုက်တာလား"
လဲ့ချင်းက ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
သူ့ခန္ဓာကိုယ်ကနေ လူအများ သူ့ကို တိုက်ရိုက် မကြည့်ရဲစေသည့် ခါးသီးသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။
ကျန်းချန်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
"ဒီနေ့ မင်းနောက်ကလူကို ငါ သတ်မယ်.. မင်း တကယ်ပဲ ငါ့ကို တားဆီးမှာလား"
"သူက ငါ့ကို စီနီယာအစ်ကိုလို့ သတ်မှတ်ထားတဲ့အတွက် ငါဘေးထွက်ပြီး ကြည့်မနေနိုင်ဘူး"
လဲ့ချင်းက ခရမ်းရောင်ဆံပင်နှင့် ကောင်လေးကို ဥပေက္ခာမပြုဘဲ ပြောလိုက်သည်။
"ဒါ့အပြင် မင်းတို့လက်ထဲက ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ရည်ကို ငါ လိုချင်တယ်"
ထိုစကားကို ကြားလျှင် ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ကောင်းကင်ဝါးညွန့် စိတ်ဝိညာဉ်နို့ရည်က ငါ့လက်ထဲမှာ ရှိတယ်.. အစွမ်းအစရှိရင် လာယူကြည့်လိုက်"
"အစ်ကိုလဲ့.. သူ့နဲ့ ဘာလို့ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ...သူတို့ကို သတ်ပြီး ကောင်းကင်ဝါးညွန့် စိတ်ဝိညာဉ်နို့ရည်ကို ယူကြစို့"
ခရမ်းရောင်ဆံပင် ကောင်လေးက ကျန်းချန်ကို ကောက်ကျစ်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
လဲ့ချင်းက သူ့လက်ကို ဝှေ့ယမ်းပြီး ကျန်းချန်ကို လေးနက်စွာ ကြည့်လိုက်သည်။
"မင်းက ငရဲနှင်းကျားကြီးကို အစီအရင်ကို အသုံးပြုပြီး သတ်လိုက်တာ မဟုတ်လား"
ကျန်းချန်က ခနဲ့တဲ့တဲ့ ပြန်ဖြေလိုက်သည်။
"ဘယ်လို့လဲ.. အစီအရင်ကိုသုံးပြီး သတ်လို့မရဘူးလား"
"ငါလဲ့ချင်းက တခြားသူတွေကို အခွင့်ကောင်းယူရတာဘယ်တော့မှ မကြိုက်ဘူး"
"မင်းက ငရဲ နှင်းကျားကြီးကို အစီအရင် အသုံးပြုပြီး သတ်နိုင်တယ်ဆိုတော့ မင်းရဲ့ အစီအရင်ပညာရပ်က အားမနည်းဘူးဆိုတာ သက်သေပြနေတယ်"
"ငါ့လက်ထဲမှာ အစီအရင်တစ်ခု ရှိတယ်...မင်း အဲဒီအစီအရင်ကို ဖျက်ဆီးနိုင်ရင် မင်းကို ထွက်သွားခွင့်ပေးမယ်.. မဖျက်ဆီးနိုင်ရင်တော့ ကောင်းကင်ဝါးညွန့် စိတ်ဝိညာဉ်နို့ရည်ကို ထားခဲ့ရမယ်"
စကားအဆုံးတွင် လဲ့ချင်း၏ လက်ထဲ၌ အရောင်ငါးမျိုး လင်းလက်နေသည့် အရာတစ်ခု ပေါ်လာခဲ့သည်။
"မင်းက ငါနဲ့ အစီအရင်ပညာရပ်ချင်း ယှဉ်ပြိုင်ချင်တာလား"
ကျန်းချန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
"ငါ မင်းရဲ့ အစီအရင်ကို မဖျက်ဆီးနိုင်ရင် ကောင်းကင်ဝါးညွန့်စိတ်ဝိညာဥ်နို့ရည်ကို ထားခဲ့ရမယ် ဆိုတော့ ငါ ဖျက်ဆီးနိုင်ရင် မင်းကရော ဘာပစ္စည်းကို ထားခဲ့မှာလဲ"
"ဟားဟား... မင်းကိုယ်မင်း အစ်ကိုလဲ့ရဲ့ အစီအရင်ကို ဖျက်ဆီးနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား"
"အကိုလဲ့က တတိယအဆင့် အစီအရင်သခင်ပဲ.. မင်းလိုကောင်မျိုးကများ အစ်ကိုလဲ့ရဲ့ အစီအရင်ကို ဖျက်ဆီးချင်တယ်လား.. အိပ်မက်မက်နေတာပဲ"
လဲ့ချင်း အနောက်မှ ခရမ်းရောင်ဆံပင် ကောင်လေးနှင့် စန်းလဲ့ သိုင်းနန်းတော်မှ ကျောင်းသားအချို့က ကျန်းချန်ကို အထင်သေးစွာဖြင့် ပျက်ရယ်ပြုလိုက်ကြသည်။
"မင်းသာ ငါ့ရဲ့ အစီအရင်ကို ဖျက်ဆီးနိုင်ရင် နက်နဲမှုအဆင့် ဓားနည်းစနစ်ဖြစ်တဲ့ မိုးကြိုးခွင်း ဓားနည်းစနစ်က မင်းအတွက်ပဲ"
လဲ့ချင်းက နက်နဲမှုအဆင့် ကျမ်းတစ်အုပ်ကို တိုက်ရိုက် ထုတ်ယူပြလိုက်ပြီး ကျန်းချန်ကို ပြောလိုက်သည်။
"ကောင်းပြီ"
ကျန်းချန်က ခေါင်းညိတ်ပြီး လဲ့ချင်းကို ဖိတ်ခေါ်သည့် အမူအရာ ပြသလိုက်သည်။
"မင်း စလို့ရပြီ"
လဲ့ချင်း၏ အမူအရာက ပြောင်းလဲသွားသည်။
အရောင်ငါးမျိုးဖြင့် တောက်ပနေသည့် အစီအရင်သည် သူ၏ လှုံ့ဆော်မှုအောက်တွင် ကျန်းချန်တို့ သုံးယောက်ကို ချက်ချင်းဆိုသလို ဝိုင်းရံသွား၏။
သူက ချက်ချင်းပင် အစီအရင်ဖြင့် ဝိုင်းရံခံထားရသည့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်း ငါ့ရဲ့အစီအရင်ကို ဖျက်ဆီးဖို့ စတင်နိုင်ပြီ"
"ဟားဟား.. ဒါက မင်း ငါ့ကို ဖျက်ဆီးစေချင်တဲ့ အစီအရင်လား"
ကျန်းချန်က အားပါးတရ ရယ်မောလိုက်သည်။
ထို့နောက် သူ၏ မထီမဲ့မြင် အသံသည် အစီအရင် ထဲကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာ၏။
"ငါ့အတွက်တော့ မင်းရဲ့ ဒြပ်စင်ငါးပါး အစီအစဉ်က ဘာမှလည်း မဟုတ်ပါဘူး"
အခန်း(၇၄) ပြီး၏