အခန်း (၇၅)
Vol. 5 Ch. 75
ကျန်းချန်၏ မထီမဲ့မြင် လေသံသည် လဲ့ချင်း၏ မျက်နှာကို ချက်ချင်းပင် မှောင်မိုက်သွားစေခဲ့သည်။
သူက အေးစက်စက် အမူအရာဖြင့် ခနဲ့တဲ့တဲ့ ပြောလိုက်၏။
"အစီအရင်နာမည်လေး သိရုံလောက်နဲ့ ငါ့ရှေ့မှာ ဟန်ရေးလာမပြနဲ့.. အစွမ်းအစ ရှိရင် အစီအရင်ထဲက ရုန်းထွက်ပြစမ်းပါ"
"ဒြပ်စင်ငါးပါး အစီအရင်က ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ဆိုတဲ့ဓာတ်ကြီးငါးပါးကို အခြေခံအဖြစ် အသုံးပြုထားတယ်.. အစီအရင်စွမ်းအားက ကမ္ဘာနဲ့ အရာအားလုံးကို ပြောင်းလဲစေပြီး အစီအရင်ထဲမှာ ပိတ်မိတဲ့ လူတွေကို စိတ်ကူးယဉ်ကမ္ဘာထဲမှာ လမ်းမတွေ့လောက်အောင် ပျောက်ဆုံးသွားစေနိုင်တယ်"
"မင်းရဲ့ ဒြပ်စင်ငါးပါး အစီအရင်မှာ ဓာတ်ငါးငါး မညီမျှတဲ့အတွက် ဖြစ်ပေါ်လာတဲ့ စိတ်ကူးယဉ်ကမ္ဘာက ချို့ယွင်းချက်တွေ အပြည့် ဖြစ်နေခဲ့တယ်"
"ငါသာ မင်းရဲ့ ဒြပ်စင်ငါးပါးအစီအရင်ကို ဖျက်ဆီးချင်ရင် မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ဖျက်ဆီးနိုင်တယ်"
စကားဆုံးသည်နှင့် ကျန်းချန်က မုန့်ချင်းရွှယ်နှင့် ယဲ့ချင်းရွှမ်းကိုခေါ်ကာ အစီအရင်ထဲကနေ ခြေလှမ်းကျယ်ကြီးဖြင့် ထွက်လာခဲ့သည်။
သူတို့ရှေ့မှ ထူးဆန်းသော မြင်ကွင်းကိုကြည့်ရင်း လဲ့ချင်း၏ နောက်ရှိ လူအနည်းငယ်သည် တစ်ခဏချင်းမှာပင် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားခဲ့သည်။
လဲ့ချင်း၏ မျက်နှာတွင်လည်း မယုံကြည်နိုင်သည့် အမူအရာများ ထင်ဟပ်နေ၏။
သူ၏ ကြိုးစားအားထုတ်မှုဖြင့် ဖန်တီးခဲ့သည့် တတိယအဆင့် အလယ်အလတ် အစီအရင်ဖြစ်သည့် ဒြပ်စင်ငါးပါး အစီအရင်သည် ကျန်းချန်၏ ရှေ့တွင် အလွန်တရာ အားနည်းသွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
စင်စစ် လဲ့ချင်းသည် သက်တူရွယ်တူထဲတွင် သူ့ရှေ့မှ လူကဲ့သို့ ပါရမီရှင်ကို မတွေ့ဖူးခဲ့ချေ။
"မင်းက တကယ် အစွမ်းထက်တဲ့ အစီအရင်သခင်ပါပဲ.. ငါလေးစားမိပါတယ်"
လဲ့ချင်းက အသက်ကို ဝအောင်ရှူပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
"မင်းရဲ့ နာမည် ဘယ်သူလဲ သိပါရစေ"
ကျန်းချန်က ပြန်ဖြေလိုက်သည်။
"ငါ့နာမည် ကျန်းချန်.. လင်ယွင်ကျောင်းတော်ကပဲ"
"မင်းက လင်ယွင်ကျောင်းတော်ကိုး"
လဲ့ချင်းက ခေါင်းညိတ်ပြီး မိုးကြိုးခွင်း ဓားနည်းစနစ် ကျမ်းစာအုပ်ကို ကျန်းချန်အား ပစ်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပဲ သူ၏ အေးစက်သော အသံသည် ကျန်းချန်ရဲ့ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
"ကျန်းချန်.. ဒီနေ့ အစီအရင် တိုက်ပွဲမှာ ငါ ရှုံးနိမ့်သွားတာကို ဝန်ခံတယ်.. သိပ်မကြာခင်မှာ ငါ မင်းကို အနိုင်ယူဖို့ လင်ယွင်ကျောင်းတော်ကို လာခဲ့မယ်"
လဲ့ချင်းက ပြောပြီးသည်နှင့် ခရမ်းရောင်ဆံပင်နှင့် ကောင်လေးအပါအဝင် စန်းလဲ့သိုင်းနန်းတော်မှ ကျောင်းသားအချို့နဲ့အတူ လှည့်ထွက်သွားခဲ့သည်။
"ခဏလေး"
ထိုအချိန်မှာပင် ကျန်းချန်၏ တိုးညင်းတဲ့ အသံသည် သူတို့နောက်ကနေ ထွက်ပေါ်လာ၏။
လဲ့ချင်းက ခေါင်းကို လှည့်ပြီး ဂျန်ချန်ကို မျက်မှောင်အနည်းငယ် ကြုတ်၍ လှည့်ကြည့်လိုက်သည်။
"ဘာပြောစရာရှိသေးလို့လဲ"
"မင်းတို့ သွားလို့ရတယ်.. ဒါပေမယ့် သူတော့ သေရမယ်"
ကျန်းချန်က ခရမ်းရောင်ဆံပင်နှင့် ကောင်လေးကို ညွှန်ပြပြီး ပြောလိုက်သည်။
လဲ့ချင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
"ကျန်းချန် ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်မကြီးပါနဲ့.. ငါ့ရဲ့ ဒြပ်ငါးပါး အစီအရင်ကို ဖျက်ဆီးနိုင်ရုံနဲ့ ငါက မင်းကို ကြောက်ရွံ့နေတယ်လို့ ထင်နေတာလား"
ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။
"ဒီနေ့ သူ့ကို သတ်တာကို ဘယ်သူမှ မတားဆီးနိုင်ဘူးလို့ ငါအစကတည်းက ပြောခဲ့တာပဲလေ"
"ကောင်းတယ် သိပ်ကောင်းတယ်"
လေးချင်းက အားပါးတရ ရယ်မောလိုက်ပြီး ခရမ်းရောင်ဆံပင် ကောင်လေးနှင့် တခြားသူများကို လက်ဝှေ့ယမ်းပြလိုက်သည်။
"မင်းတို့တွေ အရင်သွားနှင့်ကြ.. ငါ့ရှေ့မှာ သူ မင်းကို ဘယ်လို သတ်နိုင်မလဲ ဆိုတာ ကြည့်ချင်သေးတယ်"
"ဟုတ်ကဲ့.. အစ်ကိုလဲ့"
ခရမ်းရောင်ဆံပင်နှင့် ကောင်လေးက ပြန်ဖြေလိုက်၏။
သူက ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး ဆောင့်ကြွားကြွားအမူအရာဖြင့် လှည့်ထွက်သွားခဲ့သည်။
ကျန်းချန်က လှည့်ထွက်သွားသည့် ခရမ်းရောင်ဆံပင်နှင့် ကောင်လေးကို စူးစိုက်ကြည့်လိုက်၏။
သူ၏ အေးစက်သော အော်ဟစ်သံသည် လှိုဏ်ဂူထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။
"မင်း သွားနိုင်မယ်လို့ ထင်နေတာလား.. သေလိုက်စမ်း"
အော်ဟစ်ကြုံးဝါးသံ အဆုံးတွင် ကျန်းချန်သည် ကောင်းကင်ခြေလှမ်းကို အသုံးပြု၍ လဲ့ချင်းကို တည်နေရာ ရွှေ့သကဲ့သို့ ရှောင်ရှားကာ ခရမ်းရောင်ဆံပင်နှင့် ကောင်လေး၏ အထက်တွင် ပေါ်လာခဲ့သည်။
"လဲ့.. အစ်ကိုလဲ့.. ကယ်.. ကယ်ပါဦး"
ခရမ်းရောင်ဆံပင်နှင့် ကောင်လေးက ရုတ်တရက် သေမတတ်ကြောက်ရွံ့သွားပြီး ချက်ချင်းပင် မျက်နှာ ဖြူဖျော့သွားခဲ့သည်။
သူက ကြောက်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်၏။
သူ၏ အော်ဟစ်သံ မဆုံးခင်မှာပင် ကျန်းချန်ရဲ့ ခြေဖဝါးသည် သူ၏ ခေါင်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်၏ ခြေထောက်အောက်မှာပင် ခရမ်းရောင်ဆံပင်နှင့် ကောင်လေး၏ ဦးခေါင်းသည် ပေါက်ကွဲသွားခဲ့သည်။
သူက ကောင်းကောင်းပင် မအော်ဟစ်လိုက်ရဘဲ သေဆုံးသွားခဲ့သည်။
"ကျန်းချန်.. မင်း သူ့ကို သတ်ရဲတယ်"
ခရမ်းရောင်ဆံပင်နှင့် ကောင်လေး၏ အလောင်းကို ကြည့်ပြီး လဲ့ချင်းက ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် ဒေါသမီးလျှံများက ပြင်းထန်စွာ လောင်ကျွမ်းနေခဲ့၏။
အခန်း(၇၅) ပြီး၏