လက်စသတ်တော့... သူပဲ
Vol. 123 Ch. 1844
ရှုဝမ်သည် သူမ၏ ဣန္ဒြေကို ထိန်းထားနိုင်ဆဲ ဖြစ်ပြီး ညင်သာစွာပြောလိုက်၏။
“မပူပါနဲ့... ဒါက နဂါးအသူရာချောက်နက်မြို့တော်ပဲ... နတ်ဆိုးဝံပုလွေတပ်ဖွဲ့က တပ်သားတွေအားလုံး ရောက်လာမယ်ဆိုရင်တောင် သူတို့က မြို့တော်ထဲကို ဝင်ရောက်လာရဲမှာ မဟုတ်ဘူး”
“နဂါးအသူရာချောက်နက်မြို့တော်က အစောင့်တပ်သားတွေနဲ့ အဆင့်မြင့်အင်မော်တယ်တွေကို သွားရှုပ်လို့မရဘူး”
ထိုစကားကိုကြားသောအခါ သွမ့်ထျန်လန်၏ အမူအရာက ပျော့ပျောင်းသွား၏။
အခြားတစ်ဘက်မှာတော့ သတင်းပို့တပ်သားက ထွက်ခွာသွားခြင်း မရှိသေးပေ။
သူက တုံ့ဆိုင်းသောအမူအရာရှိနေပြီး စကားပြောဆိုချင်သော်လည်း တွေဝေနေ၏။
“တခြားဘာရှိသေးလို့လဲ.... ပြောလေ”
ခေါင်းဆောင်တပ်မှူးလျှိုက အလောင်းအစားကို ရှုံးသွားပြီး ဒေါသထွက်နေခဲ့ပြီဖြစ်၏။ သတင်းပို့တပ်သားက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်ကိုတွေ့မြင်သောအခါ သူ၏ အမူအရာက အေးစက်လာပြီး အော်ငေါက်လိုက်လေသည်။
သတင်းပို့တပ်သားက ကြောက်ရွံ့မှုဖြင့် တုန်ရီသွားပြီး အလောတကြီးပြန်ပြောလိုက်၏။
“ခေါင်းဆောင်တပ်မှူးလျှို.... သွေးသူရိယတောင်ကြားက ချန်ရွှမ်ယန်က ကျင့်ကြံသူ အယောက် ငါးထောင်ပါတဲ့ စစ်တပ်တစ်တပ်ကို ဦးဆောင်ပြီး နဂါးအသူရာချောက်နက်မြို့တော်ကို လာခဲ့တယ်လို့ ကျုပ်တို့အခုပဲ သတင်းရခဲ့တယ်... ဒါပေမဲ့ လမ်းမှာ မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့တယ်”
အဖွဲ့အစည်းကြီးများအားလုံးက အင်ကြင်းပင်၏ သစ်ရွက်ကို လိုချင်နေကြ၏။
သို့သော်လည်း ဤတစ်ခေါက်လေလံပွဲမှာ သွေးသူရိယတောင်ကြားမှ မည်သည့်ကျင့်ကြံသူကမှ ရောက်ရှိမလာပေ။ အဲ့ဒါက တကယ်ပင် ထူးဆန်းနေ၏။
ထိုစကားကို ကြားသောအခါ ကျင့်ကြံသူများစွာက နားလည်သဘောပေါက်သွားကြ၏။
သို့သော်မကြာခင် လူတိုင်းက ပို၍ပင်ကြီးမားသော သံသယများရှိလာ၏။
သွေးသူရိယတောင်ကြားသည် အဖွဲ့အစည်းကြီး ရှစ်ခုထဲမှာတစ်ခုဖြစ်ပြီး ချန်ရွှမ်ယန်သည် သွေးသူရိယတောင်ကြား၏ သခင်လေးဖြစ်လေသည်။ အယောက်ငါးထောင်ပါ စစ်တပ်တစ်တပ်နှင့်ဆိုပါက ဘယ်လိုမတော်တဆဖြစ်ရပ်များ ဖြစ်နိုင်ဦးမှာလဲ”
သတင်းပို့တပ်သားက တံတွေးကိုမျိုချပြီး ပြောလိုက်၏။
“သွေးသူရိယတောင်ကြားက လူအယောက်ငါးထောင်ပါ သန်မာတဲ့စစ်တပ်က လုံးဝနီးပါး ချေမှုန်းဖျက်ဆီးခံခဲ့ရပြီး သူတို့ထဲက အယောက်နှစ်ရာသုံးရာနီးပါးလောက်ပဲ ရှင်သန်နိုင်ခဲ့တယ်လို့ တိကျတဲ့သတင်း... ကျုပ်လက်ခံရရှိထားပါတယ်”
“သွေးသူရိယတောင်ကြားက သခင်လေး ချန်ရွှမ်ယန်ကတော့ ဒဏ်ရာအပြင်းအထန် ရရှိပြီး သူ့ရဲ့လက်တစ်ဖက်ကလည်း အဖြတ်ခံလိုက်ရပါတယ်”
ထိုသတင်း ထွက်ပေါ်လာသည့်အချိန်မှာ အဲ့ဒါသည် ဝဲဂယက်ပေါင်းများစွာကို ဖြစ်ပေါ်စေသည့် ကျောက်တုံးတစ်တုံးကဲ့သို့ လူအုပ်ကြီးထဲမှာ အုန်းအုန်းကျက်ကျက်အသံများ ထွက်ပေါ်လာစေ၏။
ဘယ်အဖွဲ့အစည်းကများ သွေးသူရိယတောင်ကြား၏ လူအယောက်ငါးထောင်ပါ စစ်တပ်ကို အပြင်းအထန် ပျက်စီးထိခိုက်အောင် လုပ်နိုင်တာလဲ။
ဘယ်အဖွဲ့အစည်းကများ သွေးသူရိယတောင်ကြား၏ စစ်တပ်ကို တိုက်ခိုက်ရလောက်အောင် သတ္တိရှိတာလဲ။
ဒါ့အပြင် ချန်ရွှမ်ယန်က ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။
အဲ့ဒါက ဘယ်အဖွဲ့အစည်းပင်ဖြစ်စေ သူတို့သည် သွေးသူရိယတောင်ကြား၏ နံပါတ်တစ်ရန်သူဖြစ်လာမည်ကို လူတိုင်းက စဥ်းစားကြည့်နိုင်၏။
“အဲ့ဒါကို မဟာဓားပြလေးဖွဲ့က လုပ်ခဲ့တာလား”
“ငါသိရသလောက်ဆိုရင်... မဟာဓားပြလေးဖွဲ့ထဲက နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ သိမ်းငှက်ဂိုဏ်းက သွေးသူရိယတောင်ကြားနဲ့ အရမ်းကို ရင်းနှီးမှုရှိကြတယ်... အဲ့ဒါသူတို့ မဖြစ်နိုင်ဘူး”
“ဒါပေမဲ့... မဟာဓားပြလေးဖွဲ့ထဲက ကျန်နှစ်ဖွဲ့ကလည်း သွေးသူရိယတောင်ကြားနဲ့ ရန်ငြိုးရန်စရှိတယ်လို့ ငါမကြားမိဘူး”
လူတိုင်းက ဆွေးနွေးပြောဆိုလိုက်ကြသော်လည်း ရလဒ်ကို မခန့်မှန်းနိုင်ကြပေ။
သွမ့်ထျန်လန်က ထူးဆန်းသောအမူအရာရှိနေပြီး တိတ်ဆိတ်ငြိမ်သက်နေ၏။
ခေါင်းဆောင်တပ်မှူးလျှိုက ထိုသတင်းကိုကြားသောအခါ ဂရုမစိုက်သည့် အမူအရာရှိလေသည်။
သူတို့ထဲမှ အယောက်လေးငါးထောင် သတ်ဖြတ်ခံခဲ့ရသည်ကိုမပြောနှင့် သွေးသူရိယတောင်ကြားတစ်ခုလုံးက ချေမှုန်းခံရမည်ဆိုလျှင်တောင် သူက ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
သွေးသူရိယတောင်ကြား ပျက်စီးသွားပါက နောက်ထပ်အဖွဲ့အစည်းတစ်ခုက ပေါ်ထွက်လာပေလိမ့်မည်။ ထိုလည်ပတ်မှုစက်ဝန်းက ထပ်တလဲလဲ ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း နဂါးအသူရာချောက်နက်မြို့ကတော့ ဘယ်တော့မှမပြောင်းလဲဘဲ အခိုင်အမာရပ်တည်နေလေသည်။
သူတို့သည် နဂါးအသူရာချောက်နက်မြို့ပေါ်မှာ မြင့်မားသောအဆင့်အတန်းများနှင့် ပုဂ္ဂိုလ်များအဖြစ် ရပ်တည်နေဆဲ ဖြစ်၏။
ခေါင်းဆောင်တပ်မှူးလျှို၏ အကြည့်က ပြိုင်ပွဲကွင်း၏ အလယ်ရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူပေါ် မမှိတ်မသုန် ကျရောက်နေဆဲ ဖြစ်ပြီး သာမန်ကာလျှံကာမေးလိုက်၏။
“အို... အဲ့ဒါကို ဘယ်သူလုပ်ခဲ့တာလဲ”
“ကျုပ်သိရသလောက်ဆိုရင်... သူတို့ရဲ့ခေါင်းဆောင်က ဆူဇီမိုတဲ့... အဲ့ဒါက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ အမဲလိုက်ချင်နေတဲ့သူပဲ”
သတင်းပို့တပ်သားက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဘာဖြစ်တယ်”
ခေါင်းဆောင်တပ်မှူးလျှိုက တုန်လှုပ်စွာဖြင့် အလန့်တကြားရေရွတ်လိုက်၏။
ဘေးမှာရှိသော ယန်ဖေးက အံ့အားသင့်သွားခြင်းမရှိသည့်အလား သူ၏ အမူအရာက တည်ငြိမ်နေ၏။
အောက်ဘက်ရှိလူအုပ်ကြီးက ထိုသတင်းကိုကြားသောအခါ ခဏမျှငြိမ်သက်သွားပြီးနောက် ပို၍ပင်ကျယ်လောင်သော အုန်းအုန်းကျက်ကျက်အသံများထွက်ပေါ်လာ၏။
“အဲ့ဒါသူကိုး...”
“သူက... တင်းယွီရဲ့ စိန်ခေါ်မှုကိုလက်ခံရဲပြီး အဲ့ဒီလူကို လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တာ မထူးဆန်းတော့ဘူး”
“သူက သွေးသူရိယတောင်ကြားကိုတောင် ထိရဲတယ်ဆိုတော့... တကယ်ကိုရဲတင်းနေတာပဲ”
“အဲ့ဒီလူက သွေးသူရိယတောင်ကြားကို ဆန့်ကျင်ခဲ့ရုံတင်မကဘူး... သူက နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ မဟူရာယင်တောင်ကိုပါ အတိုက်အခံလုပ်ပြီးသွားပြီ”
မိုးကြိုးတုန်ခါလှိုင်းခန်းမမှ အပြာရောင်ဝတ်အမျိုးသမီးက တုန်လှုပ်သွားပြီး သူမ၏ မျက်လုံးထဲရှိ စူးစမ်းလိုမှုနှင့်အတူ တိုက်ပွဲကွင်း၏ အလယ်မှာရှိသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ထပ်မံ၍ကြည့်လိုက်၏။
ရှုဝမ်၏ မျက်လုံးများကလည်း တောက်ပဝင်းလက်လာခဲ့၏။
ဆူဇီမိုက တစ်မူထူးခြားနေသည်ကို သူမသတိထားမိခဲ့သည်မှာ ကြာခဲ့လေပြီ။
သို့သော်လည်း ဤလူသည် ဤကဲ့သို့ နက်ရှိုင်းသောနောက်ခံတစ်ခုရှိနေလိမ့်မည်ဟု သူမပင် မထင်မှတ်ထားပေ။
ရှူဝမ်၏ နောက်မှာရှိနေသော ဗလတောင့်တောင့်အမျိုးသားက ခပ်တိုးတိုးပြောလိုက်လေသည်။
“သခင်မလေး... ခင်ဗျားရဲ့အကဲဖြတ်မှုက တကယ့်ကို မှန်ကန်တိကျတာပဲ”
ရှုဝမ်က သူမ၏ ခေါင်းကို ညင်သာစွာခါလိုက်၏။
“ဦးလေးလျှို ကျွန်မက သူ့ကိုလျှော့တွက်ထားမိတုန်းပဲ”
ဦးလေးလျှိုဟုအမည်ရသော ဗလတောင့်တောင့်လူက ခဏမျှစဥ်းစားပြီးနောက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“သခင်မလေး... ခင်ဗျားက သူနဲ့မိတ်ဆွေဖွဲ့ပြီး သူ့ကိုခေါ်ယူချင်နေတယ်ဆိုတာ ကျုပ်သိပါတယ်”
“ဒါပေမဲ့... ပြေရမယ်ဆိုရင် စွန့်စားရမယ့်အန္တရာယ်က အရမ်းကိုများလွန်းတယ်”
ရှုဝမ်က အသံတိတ်နေ၏။
ဦးလေးလျှို ပြောချင်သည့်အဓိပ္ပါယ်ကို သူမနားလည်လေသည်။
ဆူဇီမိုက တကယ်ပင် ပါရမီအလားအလာ မြင့်မားလေသည်။
အဲ့ဒါကြောင့် ဆူဇီမိုက နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ အမဲလိုက်ခြင်းခံနေရသည်ကို သူမသိထားသည်ဆိုလျှင်တောင် သူမက သူနှင့်မိတ်ဆွေဖွဲ့ချင်သေး၏။
သို့သော်... ယခု ဆူဇီမိုသည် အဖွဲ့အစည်းကြီးရှစ်ခုထဲမှ နှစ်ခုဖြစ်သော သွေးသူရိယတောင်ကြားနှင့် မဟူရာယင်တောင်ကို ဆန့်ကျင်ခဲ့မိပြီဖြစ်ပြီး နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကလည်း ပါဝင်လာလေသည်။
သူမသည် ဤလူကို မိတ်ဆွေဖွဲ့ချင်သည်ဖြစ်စေ... ခေါ်ယူချင်သည်ဖြစ်စေ... သူမသည် အမြွှာနဂါးဂိုဏ်းအတွက်ဖြစ်စေ သူမကိုယ်တိုင်အတွက်ဖြစ်စေ သေချာပေါက် ပြဿနာရှာမိပေလိမ့်မည်။
ထိုအချိန်ကျလျှင် အမြွှာနဂါးဂိုဏ်းသည် လူတစ်ယောက်တည်းအတွက်နှင့် ထိပ်သီးအဖွဲ့အစည်းကြီးသုံးခုကို ရင်ဆိုင်ရတော့မည်ဖြစ်၏။
အဲ့ဒါသည် ဘယ်လိုပဲဖြစ်ဖြစ် ဉာဏ်ရှိရာကျသော လှုပ်ရှားမှုတစ်ခုမဟုတ်ပေ။
ရှုဝမ်က ကြိတ်၍ သက်ပြင်းချလိုက်၏။
သူမ၏ စိတ်ခံစားချက်က ဘယ်လိုပင်ဖြစ်စေ သူမသည် ဘာပဲပြောပြော အမြွှာနဂါးဂိုဏ်းမှ ဂိုဏ်းချုပ်၏ သမီးဖြစ်ပြီး ဂိုဏ်းသားများစွာ၏ ထင်မြင်ယူဆချက်ကိုလည်း ထည့်သွင်းစဥ်းစားရလေသည်။
သူမသည် သူမ၏ ဆင်ခြင်တုံတရားနောက်သို့လိုက်ပြီး ဆူဇီမိုကိုလက်လျှော့ရုံသာ တတ်နိုင်လေသည်။
အခြားတစ်ဘက်မှာတော့...။
နန်းတော်၏ အပေါ်တွင်ရှိသော ထိုင်ခုံများပေါ်မှာ ခေါင်းဆောင်တပ်မှူးလျှို၏ အမူအရာက သုန်မှုန်နေလေသည်။
သူက သူ့ဘေးတွင်ရှိသော ယန်ဖေးကို အနည်းငယ်လှည့်ကြည့်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။
“ခင်ဗျားဒီကိစ္စကို သိထားတာကြာပြီမလား.. အဲ့ဒါကြောင့်ပဲခင်ဗျားက ကျုပ်နဲ့အလောင်းအစားလုပ်ရဲခဲ့တာပဲ”
ထိုအခိုက်အတန့်မှာ သူက နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်၏။
ယန်ဖေးမှာ မအီမသာအမူအရာတစ်ခုရှိနေ၏။
“သွေးသူရိယတောင်ကြားက လူတစ်အုပ်စုရဲ့ ချေမှုန်းဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်း ငါရခဲ့တယ်.. သူတို့ရဲ့ခေါင်းဆောင်က အရမ်းကိုငယ်ရွယ်ပြီးတော့ အစိမ်းရောင်ဝတ်ရုံနဲ့ အနက်ရောင်ဆံပင်ရှိတယ်တဲ့... ဒါပေမဲ့ သူဘယ်သူလဲဆိုတာ ငါမသိဘူး”
ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“ဒါပေမဲ့... စောစောတုန်းက ဆူဇီမိုက စိတ်ဝိညာဥ်ရတနာအပိုင်းအစတစ်ခုကို လေလံဆွဲဖို့အတွက် သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ပေးခဲ့တယ်”
“ငါလှမ်းမေးကြည့်ပြီးတော့ အဲ့ဒီသိုလှောင်အိတ်ထဲမှာ မဟူရာအဆင့် ဓမ္မရတနာတစ်ထောင်ပါတယ်လို့ ငါသိလိုက်ရတယ်”
သရော်တော်တော် အမူအရာတစ်ခုနှင့်အတူ ခေါင်းဆောင်တပ်မှူးလျှိုက ထပ်ပြောလိုက်၏။
“သာမန်ကျင့်ကြံသူတစ်ယောက်.... အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်မှာ မဟူရာအဆင့် ဓမ္မရတနာတစ်ထောင် ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ”
“အဲ့ဒါကြောင့် ခင်ဗျားရထားတဲ့ သတင်းအချက်အလက်အပေါ် အခြေခံပြီး အဲ့ဒီအစိမ်းရောင်ဝတ်ထားတဲ့ အနက်ရောင်ဆံပင်နဲ့ ကျင့်ကြံသူက ဆူဇီမိုဖြစ်တယ်လို့ ခင်ဗျားသေချာပြောနိုင်သွားတယ်မလား”
ယန်ဖေးက သူ၏ ခေါင်းကိုခါပြီး ပြုံးပြလိုက်၏။
“အစိမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ရှိတဲ့သူတွေအများကြီးရှိတယ်... ငါဘယ်လိုလုပ်သေချာပြောနိုင်ပါ့မလဲ... ငါက အဲ့ဒီသဲလွန်စတွေပေါ် အခြေခံပြီး စွန့်စားမှုတစ်ခုပြုလုပ်လိုက်ရုံပဲ”
“သူက သွေးသူရိယတောင်ကြား စစ်တပ်ကိုသတ်ဖြတ်ခဲ့တဲ့လူ ဖြစ်မယ်ဆိုရင် သူ့မှာ သေချာပေါက် အစွမ်းအစရှိတဲ့အတွက် သူက တင်းယွီရဲ့လှုပ်ရှားကွက်ငါးဆယ်ကို ခုခံနိုင်လိမ့်မယ်”
ယန်ဖေးက သက်ပြင်းရှည်တစ်ချက်ချလိုက်၏။
“ဒါပေမဲ့... အဲ့ဒီလူက တင်းယွီကို လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်လိမ့်မယ်လို့ ငါလည်းထင်မထားခဲ့ဘူး”
ထိုနေရာအရောက်တွင် ခေါင်းဆောင်တပ်မှူးလျှိုက သူ့ရင်ထဲရှိ အမျက်ဒေါသများကို ဖွင့်ထုတ်ရမည့်နေရာ မရှိတော့ပေ။
ယန်ဖေးက သူ့ကိုလှည့်စားခဲ့ခြင်းမဟုတ်သည့်ပုံပင်။
ပထမတစ်ချက် ဤအလောင်းအစားကို အကြံပြုခဲ့သည့်သူက သူပင်လျှင်ဖြစ်လေသည်။
ဒုတိယတစ်ချက် သွေးသူရိယတောင်ကြား စစ်တပ်ကို သတ်ဖြတ်ခဲ့သည့်လူက ဆူဇီမိုဆိုတာကို ယန်ဖေးသည်လည်း သေချာမသိခဲ့ပေ။ သူကလည်း ဤအလောင်းအစားမှာ စွန့်စားခဲ့ရခြင်းဖြစ်လေသည်။
မည်သို့ပင်ဆိုစေ... ယနေ့ ထိခိုက်နစ်နာရသည့်သူက သူပင်ဖြစ်လေသည်။
အားလုံး၏ အရင်းအမြစ်သည် အောက်မှာရှိသော အစိမ်းရောင်ဝတ်ကျင့်ကြံသူဖြစ်လေသည်။
ခေါင်းဆောင်တက်မှူးလျှို၏ အကြည့်က အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ဆူဇီမိုပေါ်သို့ နောက်တစ်ဖန်ဆင်းသက်လာခဲ့၏။
သူက တိုက်ခိုက်ဖို့ပြင်ဆင်လိုက်လေသည်။