သေရမည်မှာ သေချာပေါက်
Vol. 123 Ch. 1845
အချိန်တိုအတွင်းမှာပင် မဟူရာယင်တောင်မှ အစောင့်တပ်သား ဆယ်ယောက်ကျော်က သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ကြလေသည်။
တင်းယွီ၏ သက်တော်စောင့် အဆင့်-၇ မဟူရာအင်မော်တယ်ပင်လျှင် ယွဲ့ဟောက်ထံမှ ဧရာမပုဆိန်ချက်ဖြင့် သွေးတစ်လုတ်ကိုထွေးထုတ်ကာ နောက်သို့ ထပ်တလဲလဲ ဆုတ်ပေးနေရ၏။
ဆူဇီမိုဘက်တွင် ယွဲ့ဟောက် ၊ ရှန်ဖေးနှင့် ကူဝမ်ကျွင်းတို့သာရှိသော်လည်း သူတို့သည် မဟူရာယင်တောင်မှ အစောင့်တပ်သားဆယ်ယောက်ကျော်ကို အသာစီးရယူနေကြပြီဖြစ်၏။
တကယ်တော့... ဆူဇီမိုသည် သူ၏ တိုက်ခိုက်မှုမှာ အတော်လေးထိန်ချန်ထားလေသည်။
အစကနေ ယခုအချိန်ထိ သူသည် ကမ္ဘာတုန်လောက်စရာ ဝှက်ဖဲများ သို့မဟုတ် တောင်တစ်သိန်းရိုးမမှာ သူပြသခဲ့သော တုန်လှုပ်စရာကောင်းသည့်နည်းလမ်းများကို ထုတ်ဖော်အသုံးပြုခြင်းမရှိပေ။
အခြားသူများက အဲ့ဒါကို ပြောနိုင်ချင်မှ ပြောနိုင်မည်ဖြစ်သော်လည်း ထိုသူသည် သိသိသာသာ ထိန်ချန်ထားသည်ကို ဆူဇီမို၏ နောက်ခံအချို့ကို သိရှိထားသည့် သွမ့်ထျန်လန်က ပြောနိုင်လေသည်။
ဆူဇီမိုက အခြေအနေနှစ်ရပ်ကို ထည့်သွင်းစဥ်းစားနေရ၏။
ပထမတစ်ချက် နဂါးအသူရာချောက်နက်မြို့တော်ထဲမှာ သူ့ကိုစောင့်ကြည့်နေသည့် အဆင့်မြင့်အင်မော်တယ်တချို့ရှိလေသည်။ သူက သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကို ထုတ်ဖော်ရဲခြင်းမရှိပေ။
တကယ်တော့... သူ၏ မျိုးဆက်သွေးကို အသုံးမပြုလျှင်တောင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော ကိုယ်ကာယသည် မဟူရာယင်တောင်မှ အစောင့်တပ်သားများကို ဖိနှိမ်ဖို့အတွက် လုံလောက်လေသည်။
နောက်ထပ် သူထည့်သွင်းစဥ်းစားရသည်မှာ ခေါင်းဆောင်တပ်မှူးလျှိုက အပေါ်ကနေ မတ်တတ်ရပ်ကြည့်နေ၏။
တိုက်ပွဲဖြစ်ပွားချိန်မှစ၍ ခေါင်းဆောင်တပ်မှူးလျှို၏ အကြည့်က သူ့အပေါ်မှာ မမှိတ်မသုန်ကျရောက်နေလေသည်။
သူ၏ အာရုံခံသတိစိတ်သည် ခေါင်းဆောင်တပ်မှူးလျှို၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ရှင်းလင်းစွာ ခံစားမိနေရ၏။
အဲ့ဒါသည် သူ့ထက် အဆင့်သုံးဆင့် ပိုမြင့်သော အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လေသည်။
ဆူဇီမိုသည် မဆင်မခြင်ပြုမူရဲခြင်း မရှိပေ။
အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်က ခွန်အားအရာမှာ သူ့ကိုဖိနှိမ်နိုင်နေလေပြီ။
သူက သူ၏ ဝှက်ဖဲများအားလုံးကို အသုံးချမည်ဆိုလျှင်တောင် အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်ကို ယှဥ်နိုင်ချင်မှ ယှဥ်နိုင်ပေလိမ့်မည်။
ဒါ့အပြင် ခေါင်းဆောင်တပ်မှူးလျှိုသည် အထက်ဘုံလောက၏ ဒေသခံအင်မော်တယ်တစ်ယောက်ဖြစ်ပြီး ကျင့်ကြံလာခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့လေပြီ။ သူသည် စွမ်းအားကြီးမားသော အင်မော်တယ်ပညာရပ်များကို သေချာပေါက်သိရှိထားမည်ဖြစ်ပြီး သူ့မှာ ဘာဝှက်ဖဲများရှိနေသည်ကို မည်သူကမှ မသိရပေ။
အဲ့ဒါကြောင့် ဆူဇီမိုသည် မဟူရာယင်တောင်မှ အစောင့်တပ်သားများနှင့် တိုက်ခိုက်နေသော်လည်း သူ၏ စိတ်အာရုံအများစုက ခေါင်းဆောင်တပ်မှူးလျှိုအပေါ် ကျရောက်နေ၏။
ခေါင်းဆောင်တပ်မှူးလျှိုက လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်နှင့် အဲ့ဒါက သေချာပေါက် သိပ်သည်းပြင်းထန်သော တိုက်ခိုက်မှုတစ်ရပ်ဖြစ်မည်ကို သူသိလေသည်။
သတင်းပို့တပ်သားသည် သွေးသူရိယတောင်ကြားစစ်တပ်က အကုန်လုံးနီးပါးရှင်းလင်းခံလိုက်ရသည့်သတင်းကို တင်ပြသောအခါ ခေါင်းဆောင်တပ်မှူးလျှိုထံမှ ပိုမိုသိပ်သည်းအားကောင်းလာသော သတ်ဖြတ်လိုစိတ်ကို ဆူဇီမိုက ရှင်းလင်းစွာခံစားလိုက်ရ၏။
ထိုသူက တိုက်ခိုက်တော့မည်ပင်။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
သူသည် ခေါင်းဆောင်တပ်မှူးလျှိုကို ကျောပေးထားသော်လည်း ထိုအခိုက်အတန့်မှာ သူက ကြက်သီးမွေးညင်းများ ထလာခဲ့၏။
“ဟဲဟဲ...”
ထိုစဥ်မှာပင် ထိုင်ခုံများမှ ရယ်သံတစ်သံက ထွက်ပေါ်လာ၏။
ယန်ဖေးက ရန်လိုခက်ထန်နေသော မလှမ်းမကမ်းရှိ ခေါင်းဆောင်တပ်မှူးလျှိုကို ကြည့်ပြီး ပြုံး၍မေးလိုက်၏။
“ညီကိုလျှို... မင်းက ဒီလောက်တောင်ဒေါသထွက်ပြီး ဘာလုပ်မလို့လဲ'
“သတ်ဖို့...”
ခေါင်းဆောင်တပ်မှူးလျှို၏ လေသံက အေးစက်နေပြီး သူ၏ စိတ်ဆန္ဒကို လုံးဝဖုံးကွယ်ထားခြင်းမရှိပေ။
နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်အနေဖြင့် သူက အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ကို မပြောနှင့် အဖွဲ့အစည်းကြီးရှစ်ခုမှ ခေါင်းဆောင်များကို သတ်ဖြတ်မည်ဆိုလျှင်တောင် မည်သူကမှ သူ့ကိုတစ်စုံတစ်ရာပြောဆိုရဲလိမ့်မည် မဟုတ်ပေ။
ယန်ဖေးက ပြုံး၍ပြောလိုက်၏။
“ညီကိုလျှို... အဲ့လိုလုပ်စရာမလိုပါဘူး... ငါတို့တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့တာလည်း နှစ်ပေါင်းများစွာကြာပြီ... ဒါက သေးငယ်တဲ့ အလောင်းစားလေးတစ်ခုပဲ... ခင်ဗျားက နိမ့်ကျတဲ့သက်ရှိတစ်ယောက်နဲ့ ဘာလို့သွားပြီး ဖက်ပြိုင်နေမှာလဲ”
ခေါင်းဆောင်တပ်မှူးလျှိုက သူ၏ မျက်လုံးကိုမှေးကျဥ်းပြီး ယန်ဖေးကို လှည့်ကြည့်ကာ မျက်ခုံးပင့်၍ မေးလိုက်၏။
“ဘာလို့လဲ... မင်းက သူ့ကိုကာကွယ်ပေးချင်လို့လား”
“မဟုတ်ပါဘူး”
ယန်ဖေးက ခေါင်းခါပြပြီး ရယ်မောလိုက်၏။
“သူက... နိမ့်ကျတဲ့သက်ရှိတစ်ယောက်ပဲ... ငါသူ့ကိုဘာလို့ ကာကွယ်ပေးရမှာလဲ... ဒါပေမဲ့ ငါတို့ကြားက အလောင်းစားကြောင့် မင်းကသူ့ကိုသတ်ချင်တယ်ဆိုလို့ရှိရင် အဲ့ဒါက မင်းရဲ့နာမည်ဂုဏ်သတင်းအတွက်လည်း ကောင်းမှာမဟုတ်ဘူး... အဲ့ဒါက မင်းကို သဘောထားသေးသိမ်ရာကျစေလိမ့်မယ်”
ခေါင်းဆောင်တပ်မှူးလျှို၏ အမူအရာက ညိုမည်းသွားပြီး အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
ယန်ဖေးက ဆက်ပြောလိုက်၏။
“တကယ်တော့... မင်းက အဲ့ဒီလူကို မသတ်ဘူးဆိုရင်တောင် သူက သိပ်ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်ဘူး... သူက သွေးသူရိယတောင်ကြားနဲ့ မဟူရာယင်တောင်ကို ဆန့်ကျင်ထားတာကို မမေ့လိုက်နဲ့... မြို့ပြင်မှာ သူထွက်အလာကို စောင့်ဆိုင်းနေတဲ့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကလည်းရှိသေးတယ်”
“သူ့ကို သတ်ချင်နေတဲ့ အဖွဲ့အစည်းကြီးသုံးခုနဲ့ဆန့်ကျင်ပြီး အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်က ဘယ်လိုလုပ်များ ရှင်သန်နိုင်ပါ့မလဲ”
ခေါင်းဆောင်တပ်မှူးလျှို၏ အကြည့်က တဖျတ်ဖျတ်လက်သွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါ့လူတို့...”
“ရှိပါတယ်”
နဂါးအသူရာချောက်နက်မြို့တော်၏ အစောင့်တပ်သားလေးယောက်က ချက်ချင်းပင် ရှေ့သို့တက်လာကြ၏။
ခေါင်းဆောင်တပ်မှူးလျှိုက အောက်တွင်ရှိသော ဆူဇီမိုကို လက်ညိုးထိုးပြီး ထုတ်ဖော်ကြေညာလိုက်လေသည်။
“အဲ့ဒီလူကို နဂါးအသူရာချောက်နက်မြို့တော်ကနေ မောင်းထုတ်လိုက်”
ယန်ဖေးက မျက်မှောင်ကြုတ်လိုက်၏။
“ညီကိုလျှို...”
ခေါင်းဆောင်တပ်မှူးလျှိုက လက်ကာပြပြီး ယန်ဖေးကို ဖြတ်ပြောလိုက်၏။
“ဘာလို့လဲ... မင်းက ဒီနေ့ငါနဲ့ အတိုက်အခံလုပ်မလို့ ရည်ရွယ်ထားတာလား ညီကိုယန်”
ယန်ဖေးက အလောတကြီးပြန်ပြောလိုက်၏။
“ညီကိုလျှို... မင်းဘာလို့ အဲ့လိုပြောရတာလဲ... အဲ့ဒီလူကို ဘာအကြောင်းရင်းမှမရှိဘဲ မြို့ထဲကနေ ကန်ထုတ်မလို့လား... အဲ့ဒါက....”
“ဘာအကြောင်းရင်းလိုသေးလို့လဲ”
ခေါင်းဆောင်တပ်မှူးလျှိုက ကျယ်လောင်စွာကြေညာလိုက်၏။
“ဒါက... ညစျေးပဲ...ဒါပေမဲ့ ဒီလူက ဒီနေရာမှာ ဥပဒေမဲ့စွာနဲ့ တခြားသူတွေကို တိုက်ခိုက်ခဲ့တယ်... ကျုပ်က မြို့ထဲမှာ သူ့ကို တစ်ခါတည်းမသတ်ဘူးဆိုတာ သနားညှာတာမှုပြပေးပြီးနေပြီ”
ယန်ဖေးက အသံတိတ်သွား၏။
“မြို့ပြင်ဘက်မှာ နတ်ဆိုးဝံပုလွေစစ်တပ်၏ လူပေါင်းထောင်ချီ စစ်တပ်တစ်တပ်ရှိနေသည်ကို လူတိုင်းက သိကြလေသည်။ သူတို့က ဆူဇီမိုထွက်အလာကို မျက်ထောင့်နီများဖြင့် စောင့်ဆိုင်းနေကြ၏။
ဆူဇီမိုက မြို့ထဲကနေကန်ထုတ်ခံရမည်ဆိုလျှင် သူကချက်ချင်းပင် အပိုင်းပိုင်း ဆုတ်ဖြဲခံရပေလိမ့်မည်။
ခေါင်းဆောင်တပ်မှူးလျှိုသည် ဆူဇီမိုကို လွှတ်ပေးဖို့ စိတ်ကူးမရှိပေ။ သူသည် အငှားဓားဖြင့် လူသတ်ချင်နေသည်မှာ သိသာလေသည်။
နောက်ဆုံးမှာတော့ ယနေ့အချိန်ထိ ဆူဇီမိုသည် အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ပြီး သူက ယန်ဖေးနှင့် လုံးဝပတ်သက်ဆက်နွယ်မှု မရှိပေ။
ယန်ဖေးသည် စောစောက ခေါင်းဆောင်တပ်မှူးလျှိုကို တားဆီးပြီး ကူညီပေးချင်ခဲ့သည်မှာ ဆူဇီမိုသည် သူ့ကိုအလောင်းအစားနိုင်အောင် ကူညီပေးခဲ့သောကြောင့် ဖြစ်၏။
ဒါ့အပြင် သူသည် ဤလူကို သူ၏ နှလုံးသားအနက်ပိုင်းထဲကနေ ချီးကျူးမိသောကြောင့်လည်းဖြစ်၏။
သို့သော်လည်း ခေါင်းဆောင်တပ်မှုးလျှိုက စိတ်ပိုင်းဖြတ်ထားခဲ့ပြီးလေပြီ။ သူ့အနေဖြင့် ဤလူအတွက်ကြောင့် ခေါင်းဆောင်တပ်မှုးလျှိုနှင့် အတိုက်အခံပြုလုပ်စရာ တကယ်ပင်မလိုပေ။
ထိုသို့အတွေးဖြင့် ယန်ဖေးက သက်ပြင်းချ၍ ဘာမှထပ်မပြောတော့ပေ။
“စောစောက ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ခေါင်းဆောင်တပ်မှူးယန်”
ရုတ်တရက် ယန်ဖေး၏ နားထဲသို့ အသံတစ်သံဝင်ရောက်လာ၏။
ယန်ဖေးက အနည်းငယ်မှင်တက်သွား၏။
ထိုအသံကို ဆူဇီမိုက ပို့လွှတ်လိုက်ခြင်းဖြစ်လေသည်။
စောစောက ခေါင်းဆောင်တပ်မှူးလျှိုနှင့် သူပြောခဲ့သည့်စကားများကို ဆူညံပွက်လောရိုက်နေသော နန်းတော်ထဲမှာ တခြားမည်သူကမှ ကြားနိုင်လိမ့်မည် မဟုတ်ပေ။
ဤလူ၏ အကြားအာရုံက အတော်လေးအားကောင်းပြီး တိုက်ပွဲ၏ အလယ်မှာပင် သူတို့၏ အပြန်အလှန်ပြောစကားများကို ကြားခဲ့လေသည်။
ယန်ဖေးက မျက်တောင်တစ်ချက်မခတ်ဘဲ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပြန်လည်ပို့ပေးလိုက်၏။
“ဒီနေရာမှာ ငါလုပ်ပေးနိုင်တာ သိပ်မရှိဘူး... မင်းကို မြို့ထဲမှာ အဆင်ပြေအောင်လုပ်ပေးတာက ငါမင်းကိုကူညီပေးနိုင်တာအကုန်ပဲ”
“အဲ့လောက်ဆို လုံလောက်ပါပြီ”
ဆူဇီမိုက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
စောစောက ယန်ဖေးသည် ခေါင်းဆောင်တပ်မှူးလျှိုကို တားဆီးခဲ့ခြင်းမရှိလျှင် ထိုသူ၏ တိုက်ခိုက်မှုက မီးခိုးကြွက်လျှောက် တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း သူကောင်းကောင်းသိလေသည်။
သူက လုံးဝအဖမ်းခံလိမ့်မည် မဟုတ်ပေ။ အခြေအနေက ပိုဆိုးလာဖို့သာရှိလေသည်။
ခေါင်းဆောင်တပ်မှူးလျှို၏ နောက်မှာ နဂါးအသူရာချောက်နက်မြို့တော်၏ လက်ရွေးစင် တပ်ဖွဲ့တစ်ဖွဲ့ရှိနေ၏။
အခြေအနေက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်ပြီး ထိုတပ်ဖွဲ့က တိုက်ခိုက်လာသည်နှင့် ယွဲ့ဟောက်၊ သွမ့်ထျန်လန်နှင့် အခြားသူများကို မပြောနှင့် သူပင်လျှင် နဂါးအသူရာချောက်နက်မြို့တော်ကနေ အသက်ရှင်လျက် ထွက်ခွာနိုင်ချင်မှ ထွက်ခွာနိုင်ပေလိမ့်မည်။
ယန်ဖေးက ခဏမျှတွေးတောပြီးနောက် ဆက်ပြောလိုက်၏။
“မင်းရင်ဆိုင်ရမယ့် အခြေအနေက မင်းတွေးထင်ထားတာထက် အများကြီးပိုပြီး အန္တရာယ်များနေလိမ့်မယ်”
“မင်းက မြို့ပြင်ကိုရောက်တဲ့အခါ ကျင့်ကြံသူတွေက တစ်ယောက်နဲ့တစ်ယောက် စိတ်ရှိသလိုသတ်ဖြတ်နိုင်တယ်... မင်းရင်ဆိုင်ရမှာက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ပဲမဟုတ်ဘူး... မင်းက အင်ကြင်းသစ်ရွက်ရတနာပါတဲ့ တင်းယွီရဲ့သိုလှောင်အိတ်ကို ယူထားတာကို မမေ့လိုက်နဲ့”
“နန်းတော်ထဲမှာရှိတဲ့ အဖွဲ့အစည်းကြီးတွေထဲက အတော်များများက မင်းလက်ထဲက သိုလှောင်အိတ်ကို ပစ်မှတ်ထားလာလိမ့်မယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ယန်ဖေးက ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။
ထိုအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထဲမှ ကျင့်ကြံသူများစွာသည် သူ့အပေါ် အလွန်တရာရန်လိုစိတ်ရှိနေသည်ကို ဆူဇီမိုက ရှင်းလင်းစွာ အာရုံခံမိနိုင်၏။
သို့သော်လည်း ဤနေရာသည် နဂါးအသူရာချောက်နက်မြို့ဖြစ်နေသောကြောင့် ကျင့်ကြံသူများစွာ အနေဖြင့် တိုက်ခိုက်ဖို့အတွက် မသင့်လျော်ပေ။
သူတို့သည် မြို့ပြင်သို့ ရောက်ရှိသွားပြီး လူတိုင်းက မည်သည့်အရာကိုမှ ထိန်ချန်ငဲ့ကွက်စရာမလိုတော့သည်နှင့် သူ့ကိုတိုက်ခိုက်လိုသည့် လူပေါင်းများစွာက ပေါ်ထွက်လာပေလိမ့်မည်။
ထို့ကြောင့်ပင်လျှင် ခေါင်းဆောင်တပ်မှူးလျှိုက တိုက်ခိုက်ဖို့ကို ရပ်တန့်ပြီး ဆူဇီမိုကို နဂါးအသူရာချောက်နက်မြို့၏ အပြင်ဘက်သို့ မောင်းထုတ်ဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။
ယန်ဖေးက ကြိတ်၍သက်ပြင်းချပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“မြို့ပြင်ရောက်ရင်တော့ မင်းက အကောင်းဆုံးရလဒ်ကို ဆုတောင်းရုံပဲ တတ်နိုင်တော့မယ်”
သူက အဲ့ဒါကို အသေးစိတ်ပြောဆိုနေခြင်းမရှိပေ။
တကယ်တော့ သူ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် မြို့ထဲကနေ ထွက်ခွာသည်နှင့် သေချာပေါက်သေရပေလိမ့်မည်။