ချိပ်စည်းဖြင့် ဖိနှိမ်ခြင်း
Vol. 123 Ch. 1831
ဤတိုက်ပွဲ၏ ရလဒ်ကို သံသယရှိစရာ မလိုတော့ပေ။
သွေးသူရိယတောင်ကြား၏ အဆင့် ၆ မဟူရာအင်မော်တယ်အချို့က ထွက်ပြေးသွားခဲ့သည်မှာ ကြာခဲ့လေပြီ။ သွေးသူရိယတောင်ကြား၏ ကျန်ရှိနေသော ကျင့်ကြံသူများကလည်း ကောင်းကင်နှင့် မြေကြီး သတ်ဖြတ်ခြင်းဓားပညာရပ်နှစ်ခုအောက်မှာ အပြတ်အသတ်ရှုံးနိမ့်နေပြီး တိုက်ခိုက်ဖို့အတွက် စိတ်ဓာတ်မရှိကြတော့ပေ။
ဆူဇီမိုက တိုက်ခိုက်ခြင်းမရှိလျှင်တောင် ဆံပင်တိုတို ဗလတောင့်တောင့်လူ၏ အမိန့်အောက်မှာရှိသည့် ကျင့်ကြံသူများက သွေးသူရိယတောင်ကြားမှလူတိုင်းကို သတ်ဖြတ်ပစ်ဖို့ လုံလောက်နေလေသည်။
အနီရောင်ဝတ်အမျိုးသမီးက တောအုပ်ထဲမှာ မလှုပ်မယှက်ရပ်နေပြီး လုံးဝကိုငြိမ်သက်နေ၏။
အစကနေ ယခုအချိန်ထိ သူမ မတိုက်ခိုက်နိုင်ခင်မှာပင် သွေးသူရိယတောင်းကြား၏ လူငါးထောင်ပါ သန်မာသောစစ်တပ်သည် အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ ဖိနှိမ်ခြင်းကို ခံလိုက်ရပြီဖြစ်၏။
သို့သော်လည်း ထိုလူက အဆင့် ၅ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်၏။
သူတို့သည် ဤလူကို ပထမဆုံး တွေ့ခဲ့စဥ်က သူတို့က သူ့ကိုအထင်အမြင်သေးခဲ့ကြ၏။
အဲ့ဒါကိုတွေးမိချိန်၌ အနီရောင်ဝတ်အမျိုးသမီးက ခါးသက်စွာ ပြုံးလိုက်၏။
ထိုစဥ်တုန်းက ဤလူသည် သူတို့ကို ဟာသတစ်ခုဟုသာ သဘောထားခဲ့ပေလိမ့်မည်။
“အဆင့်မြင့်အင်မော်တယ်... ကျေးဇူးပြုပြီး ကျုပ်တို့ကို ချမ်းသာပေးပါ”
စစ်မြေပြင်မှာ သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူအချို့သည် သူတို့ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိတော့ဘူးဆိုတာကို သိလိုက်ရပြီး ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သူတို့က မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး လေထဲတွင် မတ်တတ်ရပ်နေသော ဆူဇီမိုထံသို့ ဦးချလိုက်ကြ၏။
ထိုသို့ဖြင့် သွေးသူရိယတောင်ကြားမှ အခြားသောကျင့်ကြံသူများကလည်း နောက်ကနေလိုက်ပါ၍ ဒူးထောက်လိုက်ကြ၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သွေးသူရိယတောင်ကြားမှာ ကျင့်ကြံသူများသည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် မတူပေ။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့က လုယက်သတ်ဖြတ်နေကြသော ဆိုးသွမ်းသည့် ဓားပြများဖြစ်လေသည်။
သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများကတော့ သူတို့ထဲကများစွာသည် အပြစ်ရှိသောလူများဖြစ်သော်လည်း သူတို့သည် ဆိုးသွမ်းဓားပြများလောက် အကျင့်စာရိတ္တမပျက်ပြားသေးပေ။
သို့သော်လည်း ဆူဇီမိုသည် သူတို့ကိုမသတ်ဖြတ်ဘူးဆိုပါက ဤလူများကို ဘယ်လိုကိုင်တွယ်ရမလဲ မသိပေ။
သူသည် ဤလူအုပ်စုကို သူ၏ ဘေးမှာ ထားစရာလည်း အကြောင်းမရှိပေ။
“ကျေးဇူးရှင်... ခင်ဗျားက သွေးသူရိယတောင်ကြားက ဒီကျင့်ကြံသူအုပ်စုကို ဘယ်လိုကိုင်တွယ်ရမလဲမသိဘူးရင် ကျုပ်တို့လက်ကို အပ်လိုက်လို့ရတယ်”
ဆံပင်တိုတို ဗလတောင့်တောင့်လူက လှမ်း၍ အော်ပြောလိုက်၏။ သူ၏ မျက်နှာက ဖြူဖျော့၍ သူ၏ အမူအရာက အားနည်းမှုကိုပြသနေ၏။
“ခင်ဗျားက သူတို့ကို ဘယ်လိုကိုင်တွယ်မှာလဲ”
ဆူဇီမိုက ပြန်လှန်မေးလိုက်၏။
ဆံပင်တိုတို ဗလတောင့်တောင့်လူက ပြောလိုက်လေသည်။
“ကျုပ်တို့က ချိပ်ပိတ်ခြင်းနည်းစနစ်တစ်ခုကို သိထားတယ်... ကျုပ်တို့က အဲ့ဒီကျင့်ကြံသူတွေရဲ့ သိုလှောင်အိတ်တွေကိုယူပြီး သူတို့ရဲ့ကျင့်ကြံမှုအဆင့်ကို အဆင့် ၁ မဟူရာအမြုတေနယ်ပယ်ထိ ချိပ်ပိတ်လိုက်တာနဲ့... ကျုပ်တို့က ဒီလူတွေကိုကောင်းကောင်းထိန်းထားလို့ရပြီ... သူတို့ကို အင်မော်တယ်ဆေးပင်တွေ စိုက်ပျိုးတဲ့နေရာမှာ စိတ်ဝိညာဥ်လယ်သမားတွေအဖြစ် အသုံးချလို့ရတယ်”
အဲ့ဒါက အကြံကောင်းတစ်ခုဖြစ်၏။
ဆူဇီမိုက မသိမသာခေါင်းညိတ်ပြပြီး သူ၏ စိတ်ကို စေညွှန်လိုက်၏။
အစက လေထဲမှာ ယှက်ဖြာနေသောဓားချီများ ၊ ကောင်းကင်ထက်မှ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် နတ်နဂါး... မီးတောက်များဖြင့် ဖုံးလွှမ်းနေသည့် မိုးပျံမြွေတို့က လေထဲမှာ ရုတ်တရက်ရပ်တန့်သွားလေသည်။
အဲ့ဒါက အံ့မခန်းမြင်ကွင်းတစ်ခုဖြစ်၏။
အစက ညည်းတွားအော်ဟစ်နေသော သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများသည် လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားပြီး အသံတိတ်ကာ အသက်ပင်ရဲရဲရှုရဲခြင်း မရှိတော့ပေ။
အနက်ရောင်ဝတ်လူငယ်က ဆံပင်တိုတိုဗလတောင့်တောင့်လူဘေးသို့ ရောက်ရှိလာပြီး သူ့ကို ကူညီပေးလိုက်လေသည်။
အခြားသော ကျင့်ကြံသူများကတော့ အနီရောင်ဝတ်အမျိုးသမီး၏ ဦးဆောင်မှုဖြင့် သွေးသူရိယတောင်ကြား ကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို စတင်သိမ်းဆည်းလိုက်ကြ၏။
ဒါ့အပြင် သူတို့သည် ထိုကျင့်ကြံသူများကို ချိပ်ပိတ်ဖို့အတွက် အင်မော်တယ်ပညာရပ်တစ်ခုကို အသုံးပြုလိုက်၏။
သွေးသူရိယတောင်ကြားမှ လူတိုင်းက ခုခံငြင်းဆန်ရဲခြင်း လုံးဝမရှိပေ။
အဖြူရောင်ဓားချီနှင့် အဲ့ဒီကနေစုဖွဲ့ထားသော နဂါး မြွေတို့က ငြိမ်သက်သွားသော်လည်း သူတို့က ပျက်ပြယ်သွားခြင်းမရှိဘဲ သူတို့၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေဆဲဖြစ်၏။
သူတို့က မူမမှန်တာတစ်ခုခု လှုပ်ရှားလိုက်မည်ဆိုလျှင် ဓားချီက ဆင်းသက်၍ သူတို့ကိုသတ်ဖြတ်ပစ်ပေလိမ့်မည်။
ဤတိုက်ပွဲမှာ သွေးသူရိယတောင်ကြားသည် လူသုံးထောင်နီးပါးကို ဆုံးရှုံးခဲ့ရ၏။
လူတစ်ထောင်ကျော်က ဒူးထောင်အညံ့ခံလိုက်ကြလေသည်။ ချန်ရွှမ်ယန်အပါအဝင် ထွက်ပြေးလွတ်မြောက်သွားသော သွေးသူရိယတောင်ကြား ကျင့်ကြံသူများက တစ်ထောင်ထက်ပိုမရှိပေ။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး အလောင်းများထဲကနေ သိုလှောင်အိတ်သုံးအိတ်ကို ရုပ်သိမ်းလိုက်လေသည်။
ထိုသိုလှောင်အိတ်များသည် အဆင့်၇ မဟူရာအင်မော်တယ်သုံးယောက်၏ ပစ္စည်းများဖြစ်လေသည်။
“ကျေးဇူးရှင်... သတိထား”
ဆံပင်တိုတို ဗလတောင့်တောင့်လူက ထိုသည်ကိုတွေ့မြင်သောအခါ သူက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး အလောတကြီးသတိပေးလိုက်၏
“ဟိုစုန်းမကြီးရဲ့ သိုလှောင်အိတ်က အဆိပ်ရှိတယ်... ဆံပင်တိုတို ဗလတောင့်တောင့်လူက စူးစူးရှရှအနံ့တစ်ခုဖြာထွက်နေသည့် ငွေဖြူရောင်သိုလှောင်အိတ်တစ်အိတ်ကို ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်၏။
“စိတ်ပူစရာ မရှိပါဘူး”
ဆူဇီမိုက ခပ်ရေးရေးပြုံးလိုက်ပြီး သိုလှောင်အိတ်ကို ကောက်ယူလိုက်၏။ သူက စိတ်ဝိညာဥ်အသိစိတ် ခတ်နှိပ်ထားမှုကို ဖယ်ရှားလိုက်ပြီး ၎င်းကိုဖွင့်လိုက်လေသည်။
သိုလှောင်အိတ်ထဲမှာ ပုလင်းပေါင်းများစွာရှိနေ၏။
ကျင့်ကြံမှုအတွက် လိုအပ်သော ဆေးလုံးအချို့အပြင် အဲ့ဒီမှာ အဆိပ်များပါဝင်သည့်ပုလင်းများလည်း ရှိလေသည်။
ဆူဇီမိုက ဆေးပုလင်းတစ်လုံးကို ဂရုတစိုက်ရှာဖွေပြီး ထုတ်ယူလိုက်၏။ သူက ဆေးလုံးတစ်လုံးကို သွန်ချပြီး အဲ့ဒါကို နံ့ရှုံ့ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။
“ဒီဟာပဲ ဖြစ်ရမယ်”
ဆူဇီမိုက ထိုဆေးလုံးကို ဆံပင်တိုတိုဗလတောင့်တောင့်လူထံ ကမ်းပေးလိုက်လေသည်။
“အဲ့ဒါကိုယူလိုက်... အဲ့ဒါက ခင်ဗျားခန္ဓာကိုယ်ထဲကနေအဆိပ်ကို ဖယ်ရှားပေးနိုင်တယ်”
ဆံပင်တိုတို ဗလတောင့်တောင့်လူက လူရိုးလူဖြောင့်တစ်ယောက်ဖြစ်လေသည်။ သူကတွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုထံမှ ဆေးလုံးကို လက်ခံယူကာ မျိုချလိုက်၏။
ဆူဇီမို၏ မျက်လုံးထဲတွင် ချီးကျူးလိုသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။
“အစ်ကိုကြီး... မလုပ်နဲ့”
အနက်ရောင်ဝတ်အမျိုးသားက လှမ်းအော်ပြောလိုက်စဥ်မှာ ဆေးလုံးက သူ၏ လည်ချောင်းထဲသို့ ကျဆင်းသွားခဲ့လေပြီ။
“မပူစမ်းပါနဲ့”
ဆံပင်တိုတို ဗလတောင့်တောင့်လူက ပြုံးပြလိုက်၏။
“ငါ့ရဲ့ကျေးဇူးရှင်က ငါ့ကိုထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး”
အနက်ရောင်ဝတ်လူငယ်က ဆူဇီမိုကို တစ်ချက်ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်လေသည်။
“အဲ့လိုဆိုပေမဲ့.... သူက တကယ်လို့ ဆေးလုံးမှားပြီး....”
“ဘာမှမဖြစ်ဘူး”
ဆံပင်တိုတို ဗလတောင့်တောင့်လူက ဂရုမစိုက်ဟန်ဖြင့် လက်ကာပြလိုက်၏။
တစ်ဘက်မှာတော့ အနက်ရောင်ဝတ်လူငယ်သည် စိုးရိမ်ထိတ်လန့်စွာဖြင့် ဆံပင်တိုတို ဗလတောင့်တောင့်လူကို စောင့်ကြည့်နေ၏။
ဆံပင်တိုတို ဗလတောင့်တောင့်လူက ဆေးလုံးကို စားသုံးပြီး မကြာခင် သူ၏ မျက်နှာက အသားရောင်ပြန်သန်းလာကာ သူ၏ အော်ရာကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။ သူက စွမ်းအင်ပြည့်ဝလာသည့်ပုံပင်။
အနက်ရောင်ဝတ်လူငယ်က စိတ်သက်သာစွာ သက်ပြင်းချပြီး ဆူဇီမိုကို တောင်းပန်သည့်အနေဖြင့် ပြုံးပြလိုက်၏။ သူက လက်သီးနှစ်ဖက်ကို ယှက်ပြကာ ပြောလိုက်လေသည်။
“ကျေးဇူးရှင်... စောစောက အပြုအမူအတွက် ကျုပ်တောင်းပန်ပါတယ်”
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
သူသည် ဤကဲ့သို့သော အသေးအဖွဲကိစ္စတစ်ခုကို စိတ်ထဲမှာ ထည့်မှတ်ထားလိမ့်မည် မဟုတ်ပေ။
ထိုအချိန်တိုအတွင်းမှာ အနီရောင်ဝတ်အမျိုးသမီးက သွေးသူရိယတောင်ကြား ကျင့်ကြံသူတစ်ထောင်ကျော်ကို ချိပ်ပိတ်၍ စစ်မြေပြင်ကို ရှင်းလင်းပြီးသွားခဲ့ပြီဖြစ်၏။
အနီရောင်ဝတ်အမျိုးသမီးက လျှောက်လှမ်းလာပြီး စစ်မြေပြင်ကနေ စုဆောင်းလာခဲ့သည့် ဓမ္မရတနာများ လက်နက်များအားလုံးနှင့် သိုလှောင်အိတ်များကို ဆူဇီမိုထံ ကမ်းပေးလိုက်၏။
“ကျေးဇူးရှင်.... ဒါတွေက ဒီတိုက်ပွဲကနေ ရလာတဲ့ ရတနာတွေပဲ... တစ်ချက်ကြည့်ပါဦး”
အနီရောင်ဝတ်အမျိုးသမီးသည် ဆူဇီမိုကို ကြည့်ရှုသည့်ပုံက အနည်းငယ်ထူးဆန်းနေ၏။
အဲ့ဒီမှာ စူးစမ်းလိုခြင်း... ကြည်ညိုလေးစားခြင်းနှင့် ဖော်မပြတတ်သော တောက်ပရွှန်းလဲ့မှုတစ်ခုပါဝင်နေ၏။
ဆူဇီမိုက သူ့ဘာသာသူခေါင်းညိတ်လိုက်၏။
သူတို့သုံးယောက်က ဓားပြများဖြစ်ကြသော်လည်း သူတို့မှာ စည်းမျဥ်းစည်းကမ်းများရှိကြလေသည်။
အဲ့ဒီမှာ များပြားလှစွာသော ကျင့်ကြံရေးအရင်းအမြစ်များပါဝင်သည့် သိုလှောင်အိတ်များစွာရှိပြီး အထဲမှာ ဓမ္မရတနာများနှင့် လက်နက်များလည်းပါဝင်လေသည်။
သို့သော်လည်း အနီရောင်ဝတ်အမျိုးသမီးသည် သိုလှောင်အိတ်တစ်အိတ်ကိုပင် ဖွင့်မကြည့်ဘဲ အဲ့ဒါတွေအားလုံးကို ဆူဇီမိုကို ကမ်းပေးခဲ့လေသည်။
အနက်ရောင်ဝတ်လူငယ်၏ မျက်လုံးထဲတွင် မနာလိုအားကျသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သော်လည်း သူက တစ်စုံတစ်ရာပြောဆိုခြင်း မရှိပေ။
ဆံပင်တိုတို ဗလတောင့်တောင့်လူ၏ အမူအရာက တည်ငြိမ်နေ၏။
ဆူဇီမိုက ငြင်းပယ်ခြင်းမရှိဘဲ အနီရောင်ဝတ်အမျိုးသမီးထံမှ သိုလှောင်အိတ်များကို လက်ခံယူလိုက်၏။
ထိုအရာများက သူရသင့်သောပစ္စည်းများဖြစ်လေသည်။
“ကျေးဇူးရှင်...”
သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို ဖယ်ရှားပြီးနောက် ဆံပင်တိုတို ဗလတောင့်တောင့်လူက ပြန်လည်သက်သာကောင်းမွန်လာပုံရကာ ဆူဇီမိုရှေ့မှာ ဒူးထောက်ချလိုက်၏။
တစ်ချိန်တည်းမှာပင် ဆံပင်တိုတို ဗလတောင့်တောင့်လူက သူ့ဘေးတွင်ရှိသော အနက်ရောင်ဝတ်လူငယ်နှင့် အနီရောင်ဝတ်အမျိုးသမီးကို ကြည့်ကာ ပြောလိုက်လေသည်။
“ညီလတ်... ညီမလေး... ငါတို့ရဲ့ ကျေးဇူးရှင်ကို မြန်မြန်နှုတ်ဆက်လိုက်”
အစကနေ ယခုအချိန်ထိ အနက်ရောင်ဝတ်လူငယ်သည် အလွန်တရာ ဂုဏ်ယူဝံ့ကြွားသော လူတစ်ယောက်ဖြစ်သည်ကို တွေ့မြင်နိုင်လေသည်။
သို့သော်လည်း သူသည် ခဏမျှတုံ့ဆိုင်းပြီးနောက် ဆံပင်တိုတို ဗလတောင့်တောင့်လူနှင့် အနီရောင်ဝတ်အမျိုးသမီးနှင့်အတူ ဒူးထောက်ချလိုက်၏။
“အဲ့လိုလုပ်စရာ မလိုပါဘူး”
ဆူဇီမိုက သူ၏ လက်ကို ဆန့်ထုတ်ပြီး ဆံပင်တိုတို ဗလတောင့်တောင့်လူ၏ လက်နှစ်ဖက်ကို ဆွဲထူမလိုက်လေသည်။
အစကတော့ ဆံပင်တိုတို ဗလတောင့်တောင့်လူက ဒူးထောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့၏။ သို့သော်လည်း သူ့ကို ဆူဇီမိုက မတ်တတ်ပြန်ရပ်နိုင်အောင် ထူမပေးလိုက်လေသည်။