အတိတ်အကြောင်း
Vol. 123 Ch. 1832
“ကျေးဇူးရှင်... ခင်ဗျားက အတော်သန်မာတာပဲ”
ယွဲ့ဟောက်က အနည်းငယ် မှင်တက်နေ၏။
“ကျုပ်က အစကတည်းက ခန္ဓာမီးဆေးကျင့်ကြံသူတစ်ယောက်ပဲ... နောက်ပြီး ကျုပ်ခင်ဗျားထက် ကျင့်ကြံမှုအဆင့် နှစ်ဆင့်ပိုမြင့်တယ်... ဒါပေမဲ့ ခင်ဗျားရဲ့ ခွန်အားကို ကျုပ်က ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
ဆူဇီမိုက ပြုံးရုံသာပြုံး၍ ရှင်းပြမနေတော့ပေ။ သူ၏ အင်္ကျီလက်စကို ညင်သာစွာ ဝေ့ယမ်းပြီး အနက်ရောင်ဝတ်လူငယ်နှင့် အနီရောင်ဝတ်အမျိုးသမီးကိုပါ ထူမပေးလိုက်၏။
အနက်ရောင်ဝတ်လူငယ်က ဆူဇီမိုထံသို့ လက်သီးနှစ်ဖက်ကို ယှက်လိုက်၏။
“ကျေးဇူးရှင်... ကျုပ်အစတုန်းက ပြောခဲ့တဲ့စကားကိုပြန်ကောက်ရရင် ခင်ဗျားရဲ့အစွမ်းအစနဲ့ဆို... နဂါးအသူရာချောက်နက်မြို့ကို သွားဖို့လုံလောက်နေပါပြီ”
“ကျုပ်နာမည်က ဆူဇီမို... ခင်ဗျားကျုပ်ကို တာအိုရောင်းရင်းလို့ပဲ ခေါ်လို့ရတယ်”
ဆူဇီမိုက မေးလိုက်၏။
“ခင်ဗျားတို့သုံးယောက်ကိုရော ကျုပ်ဘယ်လိုခေါ်ရမလဲ”
“ကျုပ်နာမည်က ယွဲ့ဟောက်”
ဆံပင်တိုတို ဗလတောင့်တောင့်လူက သူ့ဘေးမှာရှိသော အနက်ရောင်ဝတ်လူငယ်ကို လက်ညှိုးထိုးပြလိုက်၏။
“သူကရှန်ဖေး... သူကတော့ ကူဝမ်ကျွင်း... ကျုပ်တို့သုံးယောက်က သွေးသောက်ညီကိုမောင်နှမတွေ”
ကူဝမ်ကျွင်းဟု အမည်ရသော အနီရောင်ဝတ်အမျိုးသမီးက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး အတွေးနက်စွာ မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည်။
“ဆူဇီမို... အဲ့ဒီနာမည်ကို ရင်းနှီးနေသလိုပဲ... ငါအဲ့ဒါကို အရင်က ဘယ်နေရာမှာ မြင်ဖူးတာပါလိမ့်”
ရှန်ဖေးက ပြောလိုက်၏။
“ထူးဆန်းတယ်... တာအိုရောင်းရင်းဆူကို ငါတို့ပထမဆုံးတွေ့တုန်းက ငါ့မှာလည်း အဲ့လိုခံစားချက်ရှိနေခဲ့တယ်”
“ဟုတ်လား”
ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။
သူသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်သို့ ရောက်ရှိလာသည်မှာ ဆယ်နှစ်လောက်သာရှိသေးလေသည်။ နှင်းလေတောင်ကြောရိုးမှာ နေခဲ့သည့်တစ်နှစ်ကလွဲလျှင် သူသည် ကျန်တစ်ချိန်လုံးမှာ လူသူကင်းမဲ့ကုန်းမြေများတွင်ရောက်ရှိ နေခဲ့ပြီး ဤလူသုံးယောက်နှင့် အရင်က သေချာပေါက်တွေ့မြင်ဖူးခဲ့လိမ့်မည် မဟုတ်ပေ။
“အာ... “
ထိုစဥ်မှာပင် ကူဝမ်ကျွင်းက အံအားတသင့်ပြောဆိုလိုက်၏။
“ငါသိပြီ”
သူမက သူမ၏ ခေါင်းကိုမော့ပြီး ဆူဇီမိုကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်၏။
“တာအိုရောင်းရင်း... ခင်ဗျားဘာကိုတွေးမိသွားလို့လဲ”
ဆူဇီမိုက မေးလိုက်၏။
ကူဝမ်ကျွင်းက လေတစ်ချက်ကိုရှိုက်ပြီး ပြောလိုက်လေသည်။
“တာအိုရောင်းရင်းဆူ... အဲ့ဒါကို ရှင်သိချင်မှသိလိမ့်မယ်... ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ရှင့်ကိုတစ်ချိန်လုံး အမဲလိုက်နေခဲ့တာ”
“ရှင့်ရဲ့သတင်းကို ပေးနိုင်ရုံနဲ့တင်.... အမြုတေစုဖွဲ့ဆေးလုံး တစ်သောင်းနဲ့ထိုက်တန်တယ်”
“ရှင့်ရဲ့အသက်ကဆို အမြုတေစုဖွဲ့ဆေးလုံး တစ်သိန်းတောင်မှထိုက်တယ်”
ယွဲ့ဟောက်နှင့် ရှန်ဖေးကလည်း နားလည်သဘောပေါက်သွားပြီး အရင်က ဆူဇီမိုကို သူတို့တွေ့မြင်ခဲ့ဖူးသည့်နေရာကို အမှတ်ရသွားလေသည်။
နဂါးအသူရာချောက်နက်မြို့မှာတုန်းက သူတို့သုံးယောက်သည် ဆူဇီမို၏ ပုံတူပန်းချီကားကို တွေ့မြင်ခဲ့ဖူးလေသည်။
တကယ်တော့... ပုံတူပန်းချီကားသည် သူနှင့်ဆင်တူရုံသာဖြစ်ပြီး အစစ်အမှန်လူတစ်ယောက်၏ အော်ရာကို ပုံဖော်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင်လျှင် သူတို့သုံးယောက်က သူ့ကိုချက်ချင်း မမှတ်မိခဲ့ခြင်းပင်။
အရင်တုန်းက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ခွဲသည် အကုန်လုံး ဖျက်ဆီးချေမှုန်းခံခဲ့ရ၏။
ထိုပုံတူပန်းချီကားကို ရေးဆွဲပေးနိုင်သည့်သူမှာ သွေးသူရိယတောင်ကြားသာ ရှိလေသည်။
“တာအိုရောင်ရင်းဆူ... ခင်ဗျားက ဘယ်လိုလုပ်ပြီး နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို ဆန့်ကျင်မိသွားတာလဲ”
ရှန်ဖေးက သိချင်စိတ်ဖြင့်မေးမြန်းလိုက်၏။
ခဏမျှစဥ်းစားပြီးနောက် ဆူဇီမိုသည် လွန်ခဲ့သည့်ဆယ်နှစ်က နှင်းလေတောင်ကြောရိုးမှကျင့်ကြံသူများ ဓားပြတိုက်ခံခဲ့ရပုံကို ပြန်ပြောပြလိုက်၏။
ဒါ့အပြင် သွေးသူရိယတောင်ကြားမှ ချန်ရွှမ်ယန်က နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် ပူးပေါင်းထားသည့်အကြောင်းကိုပါ သူကပြန်ပြောပြလိုက်၏။
“ဟမ့်.. “
ယွဲ့ဟောက်က သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။
“တာအိုရောင်းရင်းဆူ... အဲ့ဒါက ချန်ရွှမ်ယန်တစ်ယောက်တည်း မဟုတ်ဘူး... သွေးသူရိယတောင်ကြားတစ်ခုလုံးက နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းသမားတွေပဲ”
အဲ့ဒီနောက် ယွဲ့ဟောက်သည် အတိတ်ကာလကို ပြန်ပြောပြလိုက်၏။
တကယ်တော့ ဆူဇီမိုသည် အဲ့ဒါကို ရှချင်းယင်ထံမှလည်း တချို့တလေကြားဖူးထားလေသည်။
အရင်တုန်းက နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို ပူးပေါင်းဖျက်ဆီးချင်ခဲ့သည့် အဖွဲ့အစည်းကြီးသုံးခုရှိခဲ့လေသည်။
ထိုအဖွဲ့စည်းကြီးသုံးခုသည် ကောင်းကင်ထောက်တိုင်ရဲတိုက် ၊ လေတိမ်ဂိုဏ်းနှင့် ဂုဏ်သိက္ခာစံအိမ်တို့ဖြစ်လေသည်။
သို့သော်လည်း ထိုသတင်းက ပေါက်ကြားသွားခဲ့လေသည်။ နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ရှုံးနိမ့်သွားသော်လည်း သူတို့၏ ခေါင်းဆောင်က ထွက်ပြေးလွတ်မြောက်သွားခဲ့၏။
ဤကပ်ဘေးအပြီး၌ နတ်ဆိုးဝုံပုလွေတပ်ဖွဲ့ခေါင်းဆောင်၏ ကျင့်ကြံမှုက သိသိသာသာတိုးလာခဲ့၏။
သူက တစ်ကျော့ပြန်လာခဲ့ပြီး နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို ပြန်လည်ထူထောင်ခဲ့လေသည်။
အဲ့ဒီနောက် နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် အဖွဲ့စည်းကြီးသုံးခုကို အရူးအမူးကလဲ့စားချေလာခဲ့၏။
ထိုအချိန်တုန်းက မဟာဓားပြလေးဖွဲ့ထဲမှာ သိမ်းငှက်ဂိုဏ်းက နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် ပူးပေါင်းခဲ့လေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် သူတို့နှစ်ဖွဲ့ ပူးပေါင်းထားသည်ဆိုလျှင်တောင် သူတို့အနေဖြင့် အဖွဲ့အစည်းကြီးသုံးခုကို ဖျက်ဆီးပစ်နိုင်ဖို့က ခဲယဥ်းပေလိမ့်မည်။ မထင်မှတ်ထားစွာပင် ထိုအချိန်တုန်းက ကောင်းကင်ထောက်တိုင်ရဲတိုက်၏ မဟာကာကွယ်သူက သူ၏ ဂိုဏ်းကို သစ္စာဖောက်ပြီး ကောင်းကင်ထောက်တိုင်ရဲတိုက်၏ ရဲတိုက်အရှင်ကို လုပ်ကြံသတ်ဖြတ်ခဲ့လေသည်။
အဲ့ဒီနောက် သူက ကောင်းကင်ထောက်တိုင်ရဲတိုက်အရှင်၏ အမိန့်တုတစ်ခုကိုဖန်တီးကာ ထောင်ချောက်တစ်ခုကို ခင်းကျင်းပြီး လေတိမ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဂုဏ်သိက္ခာစံအိမ်၏ စံအိမ်သခင်တို့ကို ဖိတ်ခေါ်ခဲ့လေသည်။
လေတိမ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဂုဏ်သိက္ခာစံအိမ်သခင်တို့က ကြိုတင်ခင်းကျင်းထားသော ထိုထောင်ချောက်မှာ ကျဆင်းကာ သေဆုံးခဲ့ရလေသည်။
အဖွဲ့အစည်းကြီးသုံးခုမှခေါင်းဆောင်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခြင်းနှင့်အတူ ထိုအဖွဲ့အစည်းများက ဖရိုဖရဲ ဖြစ်လာခဲ့ပြီး သူတို့၏ အင်အားများကလည်း ပြန့်ကျဲသွားခဲ့လေသည်။
ဤကဲ့သို့သော အခြေအနေအောက်မှာ ကောင်းကင်ထောက်တိုင် ရဲတိုက်၏ မဟာကာကွယ်သူ ၊ နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်းတို့က အတူပူးပေါင်းပြီး သိပ်မကြာခင် အဖွဲ့အစည်းကြီးသုံးခုကို ဖျက်ဆီးချေမှုန်းခဲ့လေသည်။
ထိုတိုက်ပွဲမှာ သွေးမြစ်များက စီးဆင်းခဲ့ပြီး မီးတောက်များက နေရာတိုင်းမှာ တောက်လောင်ကာ ညည်းတွားအော်ဟစ်သံများက အဆက်မပြတ်ထွက်ပေါ်နေခဲ့၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများက သေဆုံးခဲ့ရလေသည်။
များပြားလှစွာသော အမျိုးသမီးများသည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်း၏ အဓမ္မကျူးလွန်ခြင်းကိုခံခဲ့ရပြီး ဆိုးဝါးသောကံကြမ္မာများနှင့် ကြုံတွေ့ခဲ့ရ၏။
အတိတ်အကြောင်းကို ပြောဆိုချိန်မှာ ယွဲ့ဟောက်၏ အသံက သုန်မှုန်ခက်ထန်လာခဲ့၏။
ရှန်ဖေးနှင့် ကူဝမ်ကျွင်း၏ မျက်လုံးများကလည်း နီရဲလာပြီး သူတို့၏ မျက်လုံးထဲမှာ နက်ရှိုင်းသော အမုန်းတရားများ ထွက်ပေါ်လာ၏။
သူတို့၏ ဦးဆောင်မှုအောက်မှ ကျင့်ကြံသူများသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ပူဆွေးဝမ်းနည်းသော အမူအရာများနှင့်အတူ ဘေးနားမှာ စုဝေးလာကြ၏။
ဆူဇီမိုက အသံတိတ်နေ၏။
သွမ့်ထျန်လန်က မေးလိုက်လေသည်။
“အဲ့ဒီနောက် ဘာဆက်ဖြစ်သွားလဲ”
ရှန်ဖေးက ခြောက်ကပ်စွာရယ်မော၍ ဆက်ပြောလိုက်၏။
“နောက်ပိုင်းမှာတော့ ကောင်းကင်ထောက်တိုင်ရဲတိုက်ရဲ့ မဟာကာကွယ်သူက အဲ့ဒီအပျက်အစီးနယ်မြေမှာ အဖွဲ့အစည်းအသစ်တစ်ခုကို တည်ထောင်ခဲ့တယ်... အဲ့ဒါက လက်ရှိ သွေးသူရိယတောင်ကြားပဲ”
“သူ့သခင်ကို သစ္စာဖောက်ခဲ့တဲ့ မဟာကာကွယ်သူက ဒီနေ့သွေးသူရိယတောင်ကြားရဲ့ တောင်ကြားသခင်ပဲ”
သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများစွာက အံ့အားသင့်သွားကြ၏။ သူတို့သည် ဤအကြောင်းအရာကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်လေသည်။
ယခင်.. သူတို့သိရှိထားခဲ့သောအရာက ယခုကြားသိရသောအရာနှင့် တက်တက်စင်အောင် ကွဲပြားခြားနားနေ၏။
ကူဝမ်ကျွင်းက ပြောလိုက်၏။
“အဲ့ဒီနှစ်တွေအပြီးမှာ အရက်တုန်းက ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ သူတွေကလွဲရင် အဲ့ဒီသွေးသံရဲရဲတိုက်ပွဲကိုမှတ်မိတဲ့... အတိတ်ကာလက အမှန်တရားကိုသိရှိတဲ့.. သူက များများစားစား မရှိတော့ဘူး”
ဆူဇီမိုက ပြောလိုက်၏။
“ခင်ဗျားတို့သုံးယောက်က အဖွဲ့အစည်းကြီးသုံးခုက ခေါင်းဆောင်တွေရဲ့ မျိုးဆက်တွေမလား”
“မဟုတ်ဘူး”
ယွဲ့ဟောက်က ခေါင်းခါပြလိုက်၏။
“ကျုပ်က တကယ်ပဲ... ကောင်းကင်ထောက်တိုင်ရဲတိုက်က... ညီလတ်ကတော့ လေတိမ်ဂိုဏ်းက... ကျုပ်တို့ရဲ့ ညီမလေးကတော့ ဂုဏ်သိက္ခာစံအိမ်ကပဲ”
“ဒါပေမဲ့... ကျုပ်တို့က ခေါင်းဆောင်သုံးယောက်ရဲ့မျိုးဆက်တွေမဟုတ်ဘူး... အဲ့ဒီတိုက်ပွဲမှာတုန်းက ခေါင်းဆောင်သုံးယောက်ရဲ့ မျိုးဆက်တွေက အကုန် သတ်ဖြတ်ခံခဲ့ရတယ်”
“ကျုပ်တို့က... အဖွဲ့အစည်းကြီးသုံးခုကြားမှာ ကံကောင်းထောက်မပြီးတော့ အသက်ရှင်နိုင်ခဲ့တဲ့သူတွေပဲ”
“ကျုပ်တို့က... သွေးသူရိယတောင်ကြားရဲ့တောင်ကြားသခင်... နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ သိမ်းငှက်ဂိုဏ်းတို့ကို သူတို့ရဲ့သွေးနဲ့ ပြန်ပေးဆပ်စေချင်တဲ့ သူတွေပဲ”
သွမ့်ထျန်လန်က ပြောလိုက်၏။
“ခင်ဗျားတို့တွေက သွေးသူရိယတောင်ကြားကို ခြုံခိုတိုက်ခိုက်ချင်ခဲ့တာ မထူးဆန်းတော့ဘူး... လက်စသတ်တော့ ဒီလိုမျိုး နက်ရှိုင်းတဲ့ ရန်ငြိုးရန်စတစ်ခုရှိနေတာကိုး”
ယွဲ့ဟောက်က ပြောလိုက်၏။
“တာအိုရောင်းရင်ဆူ... ကျုပ်တို့ကို တောပုန်းဓားပြတွေလို့ဆိုနိုင်ပေမယ့် အခုချိန်ထိကို ကျုပ်တို့က ဘယ်ဂိုဏ်း... ဘယ်အဖွဲ့အစည်း... ဘယ်ကျင့်ကြံသူကိုမှ မလုယက်ခဲ့ဘူး”
“ကျုပ်တို့က သွေးသူရိယတောင်ကြား... နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ သိမ်းငှက်ဂိုဏ်းတို့ရဲ့ ရန်သူတွေအဖြစ် တည်ရှိနေရုံပဲ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
သူတို့သည် သူ့ကိုချက်ချင်းမတိုက်ခိုက်ခဲ့သည့်အချက်က ထိုအချက်ကို ထင်ရှားပေါ်လွင်စေ၏။
ဒါ့အပြင် ယွဲ့ဟောက်က ဆူဇီမိုကို သံသယဝင်ခဲ့သည်ဆိုလျှင်တောင် သူသည် သူ့ကိုချက်ချင်းသတ်ဖြတ်ဖို့ ပြုလုပ်ခဲ့ခြင်း မရှိပေ။ ထိုအစား သူက ဆူဇီမိုတို့အုပ်စုကို စောင့်ကြည်ခဲ့ရုံသာဖြစ်လေသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ ကူဝမ်ကျွင်းသည် သူတို့ကို ကိုယ်လွတ်ရုန်းထွက်ပြေးဖို့ပင် သတိပေးခဲ့လေသည်။
ဆူဇီမိုက မေးလိုက်၏။
“ခင်ဗျားတို့မှာရှိတာက ဒီလူတွေပဲလား”
“ဘယ်ဟုတ်ပါ့မလဲ”
ယွဲ့ဟောက်က ပြောလိုက်၏။
“ကျုပ်တို့က နေနှိမ်နှင်းရဲတိုက်လို့ခေါ်တဲ့ ရဲတိုက်တစ်ခုကိုတည်ထောင်ထားတယ်... ကျုပ်တို့လူအများစုက အဲ့ဒီနယ်မြေမှာ အင်မော်တယ်ဆေးပင်တွေကို စိုက်ပျိုးကြတယ်... ဒါပေမဲ့... ကျုပ်တို့က နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ ပစ်မှတ်ထားခံရတာကို ကာကွယ်ဖို့အတွက် နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ်ရွှေ့ပြောင်းကြတယ်”
ရှန်ဖေးက ပြောလိုက်၏။
“တာအိုရောင်းရင်ဆူ... ခင်ဗျားအဲ့ဒါကို သိချင်မှသိလိမ့်မယ်.. ဒါပေမဲ့ သွေးသူရိယတောင်ကြားက ဒီနှစ်တွေထဲမှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ အတူပူးပေါင်းပြီး အလုပ်လုပ်နေကြတာ... သူတို့က နဂါးအသူရာချောက်နက်မြို့ကိုသွားတဲ့အခါ နတ်ဆိုးဝံပုလွေတပ်ဖွဲ့က သူတို့ရဲ့ကုန်သည်အုပ်စုတွေကို တိုက်ခိုက်မှာ မဟုတ်ဘူး... သူတို့နှစ်ဖွဲ့က ရလာတဲ့ အမြုတေစုဖွဲ့ဆေးလုံးတွေကို အညီအမျှခွဲဝေယူကြလိမ့်မယ်”
“သွေးသူရိယတောင်ကြားက မဟုတ်တဲ့ ကုန်သည်အုပ်စုတွေဆိုရင်တော့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့က သူတို့ကို လုယက်သတ်ဖြတ်ကြလိမ့်မယ်... အဲ့ဒီတော့ ဘယ်သူကမှ နဂါးအသူရာချောက်နက်မြို့ကို အသက်ရှင်လျက်ရောက်နိုင်မှာ မဟုတ်တော့ဘူး... အဲ့လိုနဲ့ သွေးသူရိယတောင်ကြားရဲ့ အနီးနားမှာရှိတဲ့ အဖွဲ့အစည်းတွေက အမြုတေစုဖွဲ့ဆေးလုံးတွေကို ဖလှယ်ရယူဖို့အတွက် သွေးသူရိယတောင်ကြားကိုပဲ သွားရောက်ရလိမ့်မယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
နှင်းလေတောင်ကြောရိုးကလည်း ထိုအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်လေသည်။